၎။ စမ္ပာမြို့  ဂဂ္ဂရာရေကန်အနီး၌ စမ္ပာမြို့ သား တရားနာများနှင့်အတူ စမ္ပာမြို့ စား သောဏဒန္တ ပုဏ္ဏားအား ဘုရားဟောသော တရား
“ကျွန်ုပ်က အသက်ကြီးတာ ဂုဏ်ကြီးတာ ဥစ္စာပေါတာ ကျော်စောတာ၊ ငယ်ပေမယ့် ကာမဂုဏ် ပယ်နိုင်တာ၊ မင်းအရိုသေခံရတာ၊ ပညာတတ်တာ၊ အမျိုးမြတ်တာ - အစစတွေ ပါပဲ”
“ပုဏ္ဏားကြီးက ဘယ်လိုထုချေခဲ့သလဲ”
“ရဟန်း ဂေါတမက ဂုဏ်ကြီးတာ၊ ကျော်စောတာ၊ ငယ်ပေမယ့် ကာမဂုဏ်ပယ်နိုင်တာ၊ မင်းအရိုသေခံရတာ၊ ပညာတတ်တာ၊ အမျိုးမြတ်တာ၊ ဥစ္စာစည်းစိမ် များခဲ့တာ- အစစတွေ နဲ့  နောက်ဆုံး ကိုယ့် ပိုင်နက်ထဲ ၀င်လာတဲ့ ဧည့်သည်ဖြစ်တာကို အလေးအနက်ပြ ထုချေရ ပါတယ်”
“သည်လို ဖြစ်လျက်နဲ့  သူတို့ က ဘာလို့  လိုက်လာကြတာလဲ ပုဏ္ဏားကြီး”
“ကျွန်ုပ်က တွေ့ သင့်တယ် ထင်သလို သူတို့ ကလည်း တွေ့ သင့်တယ် ဆုံးဖြတ်ပြီး သည်ကို သူတို့ ပါ လိုက်လာကြတာပါ အသျှင်”
“ပုဏ္ဏားကြီး- သင် သည်လာတဲ့ အခါ လမ်းမှာ ဘယ်လို နှလုံးသွင်းခဲ့ သလဲ”
“ရဟန်းဂေါတမဟာ ဧည့်သည်ပဲ။ ဧည့်သည်ဟာ အိမ်သည်ဖြစ်တဲ့ ငါတို့ က ၀မ်းသာစရာ စကားတွေ ပြောနိုင်တာမျိုး ဖြစ်ပါစေ- လို့  နှလုံးသွင်း ပါတယ် အသျှင်”
“ကောင်းပေစွ ပုဏ္ဏားကြီး။ သင်တို့ ဟာ အကျော်အစောနဲ့  အခြံအရံကို တည်ဆောက်ကြရ တယ်။ စည်းစိမ် ဥစ္စာကို အခြံအရံနဲ့  တည်ဆောက်ကြရတာ။ သည်တော့ ပုဏ္ဏားကြီးတို့  ဆရာစဉ်ဆက် လေ့လာခဲ့ရတဲ့ ပညာရပ်ထဲက စကားနဲ့ ပဲ တရားဓမ္မ ဟောကြား ကြရအောင်”
“အလွန်ကောင်းလှပါတယ် ရဟန်း ဂေါတမ”
“သည်လိုဆိုလျင် ပုဏ္ဏားကြီး ဖြေစမ်းပါ။ ဘယ်လို အစိတ်အပိုင်းတွေနဲ့  ပြည့်စုံသူကို ပုဏ္ဏားလို့  အသိပေးရသလဲ- ဆိုတဲ့ ပြဿနာပါပဲ”
“သည်ပြဿနာဟာ ကျွန်ုပ်တို့  ဗြာဟ္မဏ အတွက် ပေါ်လွင်တဲ့ အဖြေရှတဲ့ ပြဿနာပါ အသျှင်။ အဖြေကတော့ အင်္ဂါငါးပါးနဲ့  ပြည့်စုံသူကို ဗြာဟ္မဏ- လို့  အသိပေးရပါတယ်။ ငါးပါးကတော့- ဘိုးဘေးခုနစ်ဆက်အထိ ကဲ့ရဲ့စရာ မရှိအောင် အမျိုးသန့် ရမယ်။ ဝေဒကျမ်းဂန်တတ်ဖြစ်ရမယ်။ ကိုယ်ရည် ကိုယ်ဆင်း မချွတ်ယွင်း ရှိရမယ်။ ပွားပြီးတဲ့ သီလ ရှိရမယ်။ ပစ္စုပ်၊ တမလွန် နှစ်တန်သော အကျိုးကို မြင်တတ်တဲ့ ပညာရှိ ဖြစ်ရမယ်၊ ဒါတွေပါ ပဲ”
“သည် ပေါ်လွင်တဲ့ အဖြေထဲမှာ ခွဲခြမ်းစိတ်ဖြာမှု ကလေးတွေ ထည့်ပေးမယ်”
“ကောင်းပါပြီ၊ ရဟန်းဂေါတမ”
“သည်ငါးချက်ထဲက တစ်ချက်နုတ်ပြီး လေးချက်နဲ့  ပြည့်စုံလျင် အဲဒါ ဗြာဟ္မဏပဲ ပြောနိုင်တဲ့ အခွင့်များ ရှိသေးသလား ပုဏ္ဏားကြီး”
“ရှိပါသေးတယ် အသျှင်”
“သည်လိုဆိုလျင် ဘယ်အချက်ကို နုတ်မလဲ”
“ရုပ်ဆင်း အင်္ဂါကို နုတ်ရမှာပဲ”
“ကျန်တဲ့ လေးပါးထဲက တစ်ပါးပါးကို နုတ်ပြီး ပုဏ္ဏား- လို့  ပြောနိုင်တာကော မရှိဘူးလား ပုဏ္ဏားကြီး”
“ရှိပါသေးတယ် အသျှင်”
“ဘယ်ဟာ နုတ်မလဲ”
“ဝေဒ ကျမ်းဂန်တတ်တာ နုတ်ရမှာပဲ”
“သုံးပါးထဲက တစ်ပါးပါးကို နုတ်ပြီး ပုဏ္ဏားလို့  ပြောနိုင်တာကော မရှိဘူးလား”
“ရှိပါသေးတယ် အသျှင်”
“ဘာနုတ်မလဲ”
“အမျိုး စင်ကြယ်မှုပဲ”
ပုဏ္ဏားများ။ ။ “အရှင်သောဏဒန္တ ပုဏ္ဏားကြီး - ဘယ်လိုတွေ ဖြေလိုက်တာလဲ။ အရှင်ဟာ ရဟန်း ဂေါတမအယူထဲ ၀င်သွားပြီလား၊ အမျိုးလည်း ပယ်တယ်။ အဆင်းလည်း ပယ်တယ်၊ ဗေဒလည်း ပယ်တယ်လား”
“ပုဏ္ဏားတို့ - သောဏဒန္တကို ပြောနေတာကို ရပ်ကြ။ ငါပြောမယ်။ သင်တို့ လောက်တော့ သောဏဒန္တ ပုဏ္ဏားကြီး ပညာမရှိဘူး ထင်ကြသလား၊ ထက်လျက် သောဏဒန္တ ပုဏ္ဏားကြီးကို ထားလိုက်။ သင်တို့ ထဲက ငါနဲ့ စကားပြောနိုင်သူ ထွက်ခဲ့ပါ။ သည်လို မဟုတ်ဘူး ဆိုလျင်တော့ သောဏဒန္တဟာ ပညာရှိတယ် ဆိုရာရောက်တဲ့ အတွက် ငါမေးတာကို သူဖြေပါ စေ။ ကြားမှာ အဟန့် အတား မလုပ်ကြပါနဲ့ ”
သောဏဒန္တ။ ။ “အသျှင် ဂေါတမ နေတော်မူပါ။ ပုဏ္ဏားပရိသတ်ကို ကျွန်ုပ် ပြန်ကြားစကား ပြောပါရစေ။ ပုဏ္ဏားတို့  သင်တို့  စွပ်စွဲသလို အဆင်း၊ ဗေဒင်၊ အမျိုးကို မပယ် ပါဘူး။ ဒါပေမယ့် ငါတို့  တူ အင်္ဂက- ကို ကြည့်ကြပါ။ သူကလေးဟာ အဆင်းလည်း ပြောစရာ မရှိ။ ဗေဒင်ကလည်း ငါတို့  ကိုယ်တိုင် ဗေဒင်သုံးပုံလုံး ကုန်အောင် သင်ပြီး တတ်ထားစေတာ။ အမျိုးဆက်က ဘိုး၊ ဘေး ခုနှစ်ဆက် သန့် စင်မှု အပြည့်။ သည်လို ဖြစ်ပေမယ့် သူများ တကယ်လို့  သတ်ဖြတ်၊ ခိုးဆိုး၊ လိမ်လည်၊ လွန်ကျူး၊ သောက်စားနေမယ် ဆိုလျင် သူ့ အဆင်း သူ့ ဗေဒင်အတတ်၊ သူ့ အမျိုးသန့် မှုတွေက ဘာအသုံးကျသေး သလဲ။ ပုဏ္ဏားတို့  - အကျင့် သီလနဲ့  ပြည်စုံပြီး၊ အမှန်အမှား ခွဲခြားသိမြင်မှု ပညာနဲ့  ပြည့်စုံလျင် ယဇ်ယောက်မ ပဌမ သို့  မဟုတ် ဒုတိယ ဖြစ်နိုင်တာပဲ။ ဒါလည်း ပုဏ္ဏားပဲ”
“ပုဏ္ဏားကြီး- သည်နှစ်ပါးထဲက တစ်ပါးပါး နုတ်ပြီး ပုဏ္ဏားလို့ - ပြောနိုင်တာများ ရှိသေးသလား”
“မရှိတော့ပါဘူး အသျှင်၊ သီလရှိမှ ပညာဖြူစင်၊ ပညာရှိမှ သီလဖြူစင် ပါ့မယ်။ ခြေတစ်ဖက် ပေနေတာကို အခြားခြေတဖက်နဲ့  ပွတ်သပ် ရသလိုပါပဲ”
“မှန်တယ် ပုဏ္ဏားကြီး။ သီလရှိသူ ပညာရှိတာပဲ။ ပညာရှိသူ သီလရှိတာပဲ။ နှစ်ပါးစုံတာ အမြတ် ဆုံးပဲ။ သည်တော့ ပုဏ္ဏားကြီး သီလ ဆိုတာ ဘာလဲ၊ ပညာဆိုတာ ဘာလဲ ပုဏ္ဏားကြီး”
“ အသျှင် ဂေါတမ- သီလအနက်ကို မှတ်သားလိုပါတယ်။ ပညာဆိုတာကို မှတ်သား လိုပါတယ် အသျှင်”
“ ပါတိမောက္ခ သံဝရလေးပါးဟာ သီလပဲ။ လက္ခဏူပနိဇ္ဈာနဈာန်ပွားပြီး ပု၊ ဒိ၊ အာ တရား သုံးပါးဟာ ပညာပဲ၊ ပုဏ္ဏားကြီး”
“ကောင်းလှပါတယ် အသျှင်၊ တပည့်တော်တို့ ကို ဥပါသကာလို့  မှတ်ပါ။ တပည့်တော်ကို အထူးအရိုအသေပြတာ မမြင်ပေမယ့် ၊ အမြဲရိုသေနေတယ်- လို့  မှတ်ပေးပါ အသျှင်”

0 comments:
Post a Comment