အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၆)
| From my village |
မနက်ဖြန် ရွာမှာ ရှိနေခိုက် စပါးတွင်းကျေးရွာသို့ မနက်ဖြန်၏ ဖခင်၊ မနက်ဖြန်၏ နောင်တော်ကြီးတို့နှင့်အတူ ဦးလေးများအပါဝင် ဆိုင်ကယ်များဖြင့် အရောက်သွားဖြစ်ခဲ့သည်။ စပါးတွင်းကျေးရွာလေးသည် မနက်ဖြန် ဇာတိမြေမှ မူလတန်းကျောင်း လေးတန်းထိ နေပြီးနောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ဖို့အတွက် တစ်နှစ် လောက် သွားရောက် နေထိုင် ပညာသင်ခဲ့သည့် ရွာလေးဖြစ်သည်။ ထိုရွာလေးတွင် ကလေးများကို သင်္ချာနှင့် အင်္ဂလိပ်စာ အပါဝင် ယဉ်ကျေးလိမ်မာအောင် သင်ပေးနိုင်သည့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းလေး လည်းဖြစ်သည်။ မနက်ဖြန်တို့ လက်ထက်တွင် ကျောင်းသားပေါင်း လေးဆယ် ကျော်လောက်ရှိသည်။
မနက်ဖြန်သည် ထိုရွာကျောင်းကလေးမှာပင် ကျောင်းသားအဖြစ် ၆-လ၊ ကိုရင်ဝတ်အဖြစ် ၆-လနေခဲ့သည်။ မြန်မာပြည်တွင် သာမဏေကျော် အမည်နှင့် သတင်းမွေးနေသည့် ရွှေတောင်ကုန်းရိပ်သာ ယခု ဆယ်မိုင်ကုန်း တွင် သာမဏေကျော်ရိပ်သာနှင့် ကျောင်းတိုက်ကြီး ကို တည်ထောင်နေသည့် ဆရာတော် ဦးဓမ္မိကာဘိဝံသ သည်လည်း ထိုကျောင်းထွက်ပင် ဖြစ်သလို ထိုရွာကလေးမှ မွေးဖွားကြီးပြင်းသူ ဖြစ်လေသည်။
စပါးတွင်း ကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းကလေးသည် ပညာရှိများ မွေးဖွားပေးသည့် ကျောင်း ကလေးဖြစ်သည်။ ယခုချိန်ထိ မနက်ဖြန်၏ ဆရာသမားများသည် ရိုးရိုးလေးဖြင့် သာသနာပြုကာ ဆင်းရဲနွမ်း ပါးသည့် အနေထားဖြင့် မျိုးဆက်သစ်ကလေးများ အား လိမ်မာ ယဉ်ကျေးရလေအောင် သင်ကြားပေးနေ ဆဲဖြစ်သည်။
မနက်ဖြန် ဇာတိရွာပြန်လေတိုင်း ဆရာသမားများရှိသည့် ထိုရွာကလေးသို့ အမြဲတမ်း သွားရောက်ကာ ဆရာ သမားများအား ရှိခိုးဦးချ လှူစရာဝတ္ထုလေးများ လှူလေ့ရှိသည်။ မနက်ဖြန်တို့ ကလေးဘ၀က နေခဲ့သည် ထန်းလတ်ကျောင်းကလေးလည်း ယခုပင် ရှိနေသေး သည်။ အုဋ္ဌ်ကျောင်းကလေး ၂-ကျောင်းကလည်း ယခုထိ ပင်။ ထို့ထက် ပို၍ တိုးတက်လာ သောအဆောက်အဦးမရှိသေးပေ။
| From my village |
မနက်ဖြန်တို့ ညနေပိုင်းလေးနာရီလောက်တွင် ရောက်သွားခဲ့သည်။ ညီအကို ၂ပါးဖြစ်သည့် ကျေးဇူးရှင် ဆရာတော် ၂ပါးကို ဦးတင်ကာ လှူစရာများ လှူဒါန်းခဲ့သည်။ အလှူငွေဖြင့် ဆရာတော်ကြီးအတွက် ၅၀၀၀ (ငါးသောင်း)၊ ဦးဇင်းငယ်အတွက် ကင်မရာတစ်လုံး (ဆိုနီ) လှူ ဒါန်းခဲ့သည်။
ဆရာတော်မှ သြ၀ါးပေးပါသည်။ ‘’ ကဲ ငါ့တပည့်ရေ.. မြေကြီးမှာ ၀ပ်နေတဲ့ လူကိုလည်း အထင်မသေးနဲ့၊ မြေကြီးဝပ်နေတဲ့ ကောင်ကလည်း တော်ကြာ သစ်ပင်ပေါ်ရောက်သွားနိုင် တယ်။ သစ်ပင်ပေါ်ရောက်နေတဲ့ လူကိုလည်း အထင်မကြီးနဲ့၊ အပေါ်ရောက်တဲ့ကောင်လည်း အချိန်မရွေး ပြုတ်ကျနိုင်တယ်ကွတဲ့’’။
မနက်ဖြန်သည် ယခုချိန်ထိ ဆရာတော်ကို ကြောက်နေရဆဲပါ။ ခေါင်းထောင်ကာပင် မော်၍မဖူးရဲပါ။ အမှတ်တရ ဓာတ်ပုံရိုတ်ချင်ကြောင်း မရဲတရဲနှင့် လျှောက်ရသည်။ ဆရာတော်သည် သက်တော် အားဖြင့် ၇၀ပင်ရှိလေပြီ။ စိတ်မာန်နှင့် ပညာသင်ပေးချင်သည့် စိတ်ဓာတ်ကတော့ နည်းနည်းမျှ မလျော့သွားပေ။
မနက်ဖြန် ဆရာသမားများနှင့်တူတူ ဓာတ်ပုံရိုတ်ခွင့်ရခဲ့သည်။ သိပ်ကိုပင် ၀မ်းသာခဲ့သည်။ ဦးဇင်းငယ်နဲ့တော့ မနက်ဖြန် ရင်းရင်းနှီးနှီး ပြောရဲသဖြင့် စကားများ တ၀ကြီးပြောခဲ့သည်။ စကားပြောနေရင်းဖြင့် ‘’ မင်းတို့ ငယ်ငယ်ကအတိုင်း ဘာပြောင်းလဲကွ” ဟု ဦးဇင်းအငယ်မှ မေးသဖြင့် ပြောင်းလဲတာတော့ ဦးဇင်းရာ ဆရာတော် ကြီး အတော်အိုသွားတယ်ဟု ရီရီ မောမောနှင့် တိုးတိုးလေး ပြောလိုက်သည်။
ဦးဇင်းလေးက မနက်ဖြန်ကို မင်းက အမေရိကမှာနေတာဆိုတော့ ကျောင်းအတွက် ကွန်ပြူတာ တစုံလောက် လှူပါဦးဟု အလှူခံသည်။ နောက် စကားပြောရင်းနဲ့ မြေကွက်လပ်ကလေး တစ်ခုကို သိမ်တိုင်လေးများ စိုက်ထားသည့် မြေပြင်အတိုင်း တွေ့ရသည်။
ဘာလို့ သိမ်ကအဆောက်ဦးမဆောက်တာလဲဟု မနက်ဖြန်ကမေးတော့၊ မင်းကလှူချင် လို့လားဟု ဦးဇင်းလေးက ပြောသည်။ အလှူရှင်မရှိလို့ မဆောက်တာပါတဲ့။ သိမ်သမုတ်ပြီး သည်မှာ ဆယ်နှစ်သက်တမ်း ပင်ရှိခဲ့ပြီလေ။ အလှူရှင်မပေါ်သေးဘူးဆိုတော့ လှူလိုက်ချင်ပါ တယ်။ ဒါနဲ့ ဦးဇင်းက သိမ်ကျောင်းအတွက် ဘယ်လောက် မှန်းထားလဲမေးတော့ သိန်း ၁၀၀ တန်ကျောင်းလေးလောက်ဆိုရင် တော်ပါပြီကွာတဲ့။
| From my village |
မနက်ဖြန် စဉ်းစားလိုက်တယ်၊ ငါလည်းတက်နိုင်သမျှကြိုးစားလှူမယ်၊ အလှူရှင်လည်း ရှာမည်ဟု ဆုံးဖြတ်ကာ ဦးဇင်းရေ..တပည့်တော် ဆရာတော် သက်တော်ထင်ရှားရှိစဉ်မှာပဲ သိမ်ကျောင်းလေး ဖြစ်အောင်လုပ်ပေးပါမယ် ကြိုးစားပေးပါမယ် ဘုရားဟု လျှောက်ခဲ့သည်။
ဆရာတော်များကို ရှိခိုးဦးချကာ ကိုရင်တုန်းက ဆွမ်းခံခဲ့တဲ့ရွာကလေးသို့ဝင်ကာ ဆွမ်းအမများနှင့် ဆွမ်းဒကာ များကို လှည့်လည်နှုတ်ဆက်ကာ ညနေ ၆-နာရီခွဲတွင် မနက်ဖြန်ရွာသို့ ပြန်ခဲ့သည်။ ဆိုင်ကယ်ပေါ်တွင် ငါသိမ် ကျောင်းဖြစ်အောင် ဘယ်လို ပုံဖေါ်ရမလဲဟု တွေးရင်းနဲ့……………ကဲ သိမ်ကျောင်းလှူချင်သူများ နည်းများမဆို ဒေါ်လာလှူနိုင်ပါကြောင်း.. တဦးတည်းလှူချင်တယ်ဆိုရင်တော့ warmly welcome ပါ…………………………
မနက်ဖြန်တို့ ငယ်ငယ်က စာသင်ခဲ့သည် ထန်းရွက်မိုးကျောင်းကလေး
| From my village |
ဆရာသမားများနှင့်အတူ မနက်ဖြန်နှင့် နောင်တော်ကြီး
| From my village |
အလှူရှင်များလိုအပ်နေသည့် သိမ်ကျောင်းမြေကွက်နေရာလေး
| From my village |

0 comments:
Post a Comment