အပိုင်း (၁၀) မာဂဏ္ဍိနှင့် သာမာဝတီ မိဖုရား နှစ်ပါးတို့အကြောင်း
သောကြာနေ့၊ ဒီဇင်ဘာလ ၁၁၊ ၂၀၀၉
ဗုဒ္ဓလက်ထက်တော်အခါက ကောသမ္ဗီပြည်ကို အုပ်စိုးသော ဥတေနမင်းသည် မာဂဏ္ဍီ ဟူသော မိဖုရားနှင့် သာမာဝတီ ဟူသော မိဖုရား နှစ်ပါးရှိလေ၏။ မာဂဏ္ဍီမိဖုရားသည် မာဂဏ္ဍီပုဏ္ဏားမျိုးမှ ဆင်းသက်လာသော မိဖုရားဖြစ်ပြီး စကြာဝတေးမင်းနှင့်သာ ပေးစားရန် အကြံရှိခဲ့ဖူးလေသည်။ တစ်နေ့သောအခါ မာဂဏ္ဍီ၏ မိဘနှစ်ပါးဖြစ်သော ပုဏ္ဏားလင်မယားသည် ဂေါတမမြတ်စွာဘုရား၏ ခြေရာတော်ကိုမြင်ပြီး ဤခြေရာရှင်သည် စကြာဝတေးမင်း ဖြစ်ရမည်ဟူသော ပုဏ္ဏားတို့၏ ဗေဒင်အတတ်ဖြင့် တွက်ကြည့်ပြီး မြတ်စွာဘုရားထံအမှီလိုက်ကာ သမီးနှင့် ထိမ်းမြားရန်လက်ခံပါဟု တင်ပြတောင်းပန်ကြဖူး၏။
ဗုဒ္ဓမြတ်စွာဘုရားမှ ပုဏ္ဏားလင်မယားအား သင်တို့၏သမီးသည် မည်မျှပင် ချောမောလှပါစေ ခန္ဓာအသုဘ အပုပ်ကောင်သာဖြစ်ကြောင်း တရားဟောတော်မူလိုက်လျှင် ပုဏ္ဏားလင်မယားတို့လည်း ခန္ဓာကိုယ်ကို အမြင်မှန်ရသွားပြီး တရားရ၍ ကျွတ်တမ်းဝင်သွားကြရ၏။
ပုဏ္ဏားလင်မယားနှစ်ဦးသည် အိမ်သို့ပြန်ရောက်သောအခါ သမီးဖြစ်သူအား ဗုဒ္ဓက ခန္ဓာအသုဘနှင့် ခိုင်းနှိုင်းကြောင်းပြောပြလျှင် မိဘနှစ်ပါးကဲ့သို့ တရားကိုမမြင်နိုင်ဘဲ ငါ့လို ချောမောလှပ၊ နတ်သမီးမျှ ဖြစ်သည်ကို အသုဘနှင့် နှိုင်းရမည်လောဟု ဒိဋ္ဌိမောဟ ကြီးစိုးလျက် မာန်မာနဖြစ်ကာ အညှိုးထားလေ၏။
ထို့ကြောင့် တစ်နေ့သောအခါ ဥတေနမင်းမှ ကောက်ယူ၍ မိဖုရားအဖြစ် တင်မြှောက်လိုက်သော် မြတ်စွာဘုရားအပေါ် အမျိုးမျိုး ရန်ညှိုးဖွဲ့၍ လူမိုက်တို့အား အခကြေးငွေပေးစေကာ ဆဲရေးတိုင်းထွာမှု ပြုစေ၏။ မည်သို့ပင် ဆဲရေးတိုင်းထွာစေကာမှု ဘုရားမှ သည်းခံတော်မူလေသော် လူဆိုးလူမိုက်တို့သည် ကြာလေသောအခါ မောပန်း၍ ငြိမ်သွားကြရ၏။
ဤကဲ့သို့ လူမိုက်အားကိုးဖြင့် မြတ်စွာဘုရားအား ဒုက္ခပေး၍ မရမှန်းသိသော် တစ်ဖက်မှ မြတ်စွာဘုရားအား အလွန်ကြည်ညို ကိုးကွယ်သမှု ပြုနေသော ပြိုင်ဖက် သာမာဝတီ မိဖုရားအား လှည့်၍ တစ်ဆင့် ဒုက္ခပေး ဖျက်ဆီးရန် ကြိုးစားပြန်၏။
သာမာဝတီမိဖုရားမှာ သူဋ္ဌေးမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ဘုရားတရားကို အလွန်ကြည်ညိုလေးစား၍ အမြဲတစေ ပန်းမာန်အမွှေး နံ့သာတို့ဖြင့် ပူဇော်သမှုပြုနေတတ်၏။ အခွင့်ရလျှင်လည်း ဘုရားအမှုးပြုသည့် သံဃာတော်များအား ဆွမ်းဆက်ကပ်မှုတို့ကိုလည်း အခါအားလျော်စွာ ပြုလုပ်လှုဒါန်းလေ့ရှိ၏။ သို့သော် ဥတေနမင်းမှာ အယူမှားသူဖြစ်၍ သာမာဝတီတို့သည် ဘုရားကို ရဲရဲတင်းတင်း မကြည်ညိုရဲပါ။ နန်းတော်တွင်းသို့ပင် ပင့်ဖိတ်၍ ဆွမ်းကပ်ခွင့်မရချေ။ ထို့ကြောင့် သာမာဝတီမိဖုရားမှာ မိမိ၏ တပည့်မောင်းမ ငါးရာတို့နှင့် တိတ်တစ်ဆိတ်သာ ဘုရားရှင်နှင့် သံဃာတော်တို့အား ကိုးကွယ်ခွင့်ရကြ၏။
သာမာဝတီမိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မ တစ်ယောက်ရှိ၏။ ၎င်းအမည်မှာ ခုဇ္ဖုတ္တရာ မည်၏။ ၎င်းအား မိဖုရားမှ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။ တစ်နေ့ ပန်းသည်၏ အိမ်၌ မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ် ကြုံကြိုက်၍ ပန်းဝယ်လာသူ ကျွန်မသည် တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေသော် အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန် တည်လေ၏။
တရားပွဲပြီး၍ ပန်းဝယ်ပြီး ပြန်လာရာ ပန်းများမှာ ခါတိုင်းထက် များပြားနေသည်ကို တွေ့၍ မိဖုရားမှ အကြောင်းကိုမေးသော် ခုဇ္ဖုတ္တရာ ကျွန်မက အမှန်အတိုင်းဝန်ခံပြောကြားသည်မှာ “ခါတိုင်းတွင် ပန်းဖိုး၏ တစ်ဝက်ကို ခိုးယူထားကာ လေးအသပြာဖိုးသော ပန်းတို့ကိုသာ ၀ယ်ခဲ့ခြင်းဖြစ်၏။ ယခုမူ ဗုဒ္ဓ၏ တရားတော်ကို နာကြားပြီးသောအခါ ပန်းဖိုးကို မခိုးယူလိုတော့ဘဲ အပြည့်ဝယ်လာခြင်းဖြစ်၍ များနေရကြောင်း” ပြောလျှင် သာမာဝတီမိဖုရားသည် အလွန်နှစ်သက် သဘောကျသွားတော့သည်။
ထို့နောက် ခုဇ္ဖုတ္တရာအား “သင်ကြားနာခဲ့ရသော ဗုဒ္ဓတရားတော်ကို မိမိတို့အား ပြန်လည်ပြောပြနိုင်ပါမည်လော” ဟု မေးသော် ပြန်ဟောနိုင်ကြောင်းပြာ၏။ ကျွန်မ မှာ တရားတော်ကို အစမှအဆုံးတိုင် တစ်လုံးမကျန် ဟောပြောနိုင်သဖြင့် ယင်းတရားကို နာကြားရသော သာမာဝတီမိဖုရားနှင့်တကွ မောင်းမငါးရာတို့ပါ အားလုံး သောတာပန်အဆင့်သို့ ရောက်သွားကြရလေသည်။
ထိုမှစ၍ ခုဇ္ဖုတ္တရာအား ကျွန်မ ဘ၀မှ ကင်းလွတ်စေပြီး ဆရာသမားအဖြစ်ဖြင့် ဗုဒ္ဓဘုရား၏တရားဟောရာအရပ်သို့ လိုက်လံတရားနာစေပြီး မိမိတို့အား ပြန်လည်ဟောပြောပေးရန် တောင်းပန်၍ တာဝန်ယူစေ၏။ ခုဇ္ဖုတ္တရာသည် ဘုရား၏တရားတော်များကို များစွာ နာကြားခွင့်ရပြီး ပြန်လည်ဟောကြားရ၍ မကြာမီ ဘုရား၏သာသနာတော်တွင် ဧကဒဂ် ဥပါသိကာမ ဘ၀သို့ ရောက်ရှိတော်မူရလေသည်။
သာမာဝတီမိဖုရားသည် သောတာပန်ဘ၀ဖြင့် မောင်းမငါးရာတို့နှင့်အတူ ဘုရား၏ ၀တ်ကြီးဝတ်ငယ်များကို နန်းတော်တွင်းမှ ပြုလုပ်လျက် ဆွမ်းဟင်းလျာတို့ကိုလည်း အခါအားလျော်စွာ ချက်ပြုတ်၍ သွားရောက်ဆက်ကပ်စေ၏။ ဤကဲ့သိုဆွမ်းဟင်းချက်ပြုတ်၍ ဘုရား၊ သံဃာတို့ထံ ဆက်ကပ်မှုပြုသည်ကို မာဂဏ္ဍီမိဖုရားမှ အခွင့်ကောင်းယူ၍ ဥတေန မင်းကြီးအား ဂုံးတိုက်လေ၏။
သာမာဝတီမိဖုရားသည် မင်းကြီးထက် ရဟန်း၊ သဃာများကို ပိုမိုနှစ်သက်အားထားသောကြောင့် မင်းကြီးကို ကြက်ဘဲတို့ချက်၍ မကျွေးသော်လည်း ရဟန်း သဃာများကိုမူ ကိုယ်တိုင် ချက်ပြုတ်၍ ကျွေးမွေးဆက်ကပ်နေကြောင်း မူရာမာယာနှော၍ မနာလို ဂုံးချောစကားတို့ဖြင့် လျှောက်ထား၏။ မင်းကြီးယုံတော်မမူပါက မင်းကြီးကိုယ်တိုင် ကြက်၊ဘဲ ပို့၍ ချက်ခိုင်းကြည့်ပါလား စသည်ဖြင့် ဒိဋ္ဌိမာနကြီးသော မာဂဏ္ဍီက ဂုံးတိုက်ပါများလာသောအခါ မင်းကြီးမှာ မာဂဏ္ဍီပြောသည့်အတိုင်း ကြက်ဘဲ အရှင်များအား သာမာဝတီထံ ပို့စေ၍ ချက်ခိုင်းလေ၏။
သာမာဝတီမိဖုရားသည် သောတာပန်ဖြစ်သည်နှင့်အညီ ကြက်ဘဲများကို သတ်ဖြတ်၍ ချက်ပြုတ်ရမည့် အလုပ်ကို မည်သည့်နည်းနှင့်မျှ မလုပ်နိုင်ကြောင်း ငြင်းဆိုသောအခါ မင်းကြီးလည်း ဒေါသကြီးစွာ ထွက်၍ ဒေါသဘီလူး ၀င်စီးမှုကြောင့် သာမာဝတီမိဖုရားနှင့် မောင်းမငါးရာတို့အား ချက်ခြင်းခေါ်စေပြီး မိမိအလွန်အားကိုးသော လေးတော်မြားဖြင့် ပစ်သတ်ရန် အမိန့်တော်ချမှတ်လေသည်။
သာမာဝတီမိဖုရားနှင့် မောင်းမငါးရာတို့က စဉ်းစားသည်မှာ ငါတို့၏ ၀ဋ်အလှည့်သည် ရောက်လာလေပြီ။ ငါတို့သည် မင်းကြီးနှင့်တကွ မိဖုရားများပါမကျန် အားလုံးကို မေတ္တာပို့မှ တော်မည်ဟု ဆုံးဖြတ်ကြပြီး အားလုံးကို မေတ္တာပို့သ၍ သီလ၊ သမာဓိအားဖြင့် လာမည့်ဘေးကို ရင်ဆိုင်နေကြလေ၏။
ထိုအခါ အလွန်အားကြီးတန်ခိုးထက်မြက်လှသော လေးမြားတို့သည် မိဖုရားနှင့် မောင်းမများထံသို့ မရောက်ဘဲ မင်းကြီး၏ ခြေတော်ရင်း၌သာ ကျရောက်နေသည်ကို တွေ့ရ၍ မင်းကြီးလည်း ကြီးစွာနောင်တကို ရလေသည်။ အသိဉာဏ်မရှိလှသော လေးမြားပင်လျှင် မပြုနိုင်သောမိုက်မဲမှုကို ငါပြုမိလေပြီဟု မိမိအမှားကို ၀န်ခံပြီး မိဖုရားအား တောင်းပန်၍ ကိုယ်တိုင်လည်း တရားတော်၏ဂုဏ်ကျေးဇူးကို သိမြင်ရကာ ရတနာသုံးပါးကို ကိုးကွယ်သောမင်းမြတ် ဖြစ်လာရလေသည်။
သို့သော် သာမာဝတီမိဖုရားနှင့် မောင်းမငါးရာတို့သည် တစ်ခုသောဘ၀၌ ပစ္စေကဗုဒ္ဓါတစ်ပါးအား တောတစ်ခုတွင် မီးရှို့သော အ,ကုသိုလ်ဝဋ်ကြွေးသည် အချိန်တန်လာခဲ့လေပြီ။ မင်းကြီးတိုင်းတစ်ပါးသို့ ခရီးလွှန်နေခိုက်တွင် ဒိဋ္ဌိမာန မနာလိုဝန်သို အ,ကုသိုလ်စိတ်များ ဖိစီးနေသည့် မာဂဏ္ဍီမိဖုရားသည် မိမိ၏ ဆွေမျိုးအပေါင်းအသင်း လူမိုက်လူဆိုးတို့ကို ခေါ်၍ တစ်ခုသောညတွင် သာမာဝတီမိဖုရားအဆောင်အား မီးတိုက်၍ အားလုံးကိုသတ်စေသည်။ မိဖုရားနှင့်တကွ မောင်းမတို့မှာ ၀ဋ်ကြွေခံရပြီးနောက် သေလွန်သော် နတ်ပြည်၌ နတ်သမီးများ ဖြစ်ကြရလေသည်။ နတ်သောတာပန်များဖြစ်၏။
မင်းကြီးပြန်လာ၍ တွေ့မြင်ရသောအခါ မာဂဏ္ဍီမိဖုရား၏ လက်ချက်မှန်းသိသော်လည်း ကိုယ်တိုင်ဝန်ခံစေလိုသော သဘောဖြင့် ဉာဏ်လှည့်၍ မာဂဏ္ဍီထံသွားပြီး “ယခုမှ အေးရတော့သည်။ ဤသာမာဝတီမိဖုရားနှင့် အပေါင်းပါတို့ကို ကြည့်မရသည်မှာ ကြာပြီဖြစ်၍ ရှင်းပစ်ချင်သော်လည်း အခွင့်မရ၍ ယခုမှ အသူ့အ,ကုသိုလ်နှင့် သူသွားကြပြီ။ ၀မ်းသာလေ၏” ဟု ဟန်ဆောင်ညီးညူးပြလေသည်။ မာဂဏ္ဍီလည်း ဟုတ်လှပြီထင်၍ အားလုံးကို မိမိကိုယ်တိုင် စီစဉ်ပြုလုပ်ခဲ့ရကြောင်း ဂုဏ်ယူပြောဆို ၀န်ခံလေလျှင် မင်းကြီးက ဤသို့ဆိုလျှင် အပေါင်းပါ အားလုံးတို့ကို ချီးမြောက်ဂုဏ်ပြုလိုကြောင်းပြော၏။
မာဂဏ္ဍီက အပေါင်းပါအားလုံးနှင့် ဆွေမျိုးများကို ခေါ်၍ ဆုလာဘ်များချီးမြင့်ပေးရန် မင်းကြီးအားလျှောက်တင်လေသည်။ မင်းကြီးက အပေါင်းပါအားလုံးတို့ကို အာဏာသားတို့ လက်သို့အပ်၍ မီးရှို့အဆုံးစီရင်လေသော် မာဂဏ္ဍီမိဖုရားနှင့်တကွ အပေါင်းအပါအားလုံးတို့သည် အ,ကုသိုလ်၏ အကျိုးကြောင့် ရက်စက်စွာ အသတ်ခံရပြီး သေသည့်နောက် အ၀ီစိငရဲ၌ ခံကြရလေသည်။
ဤကဲ့သို့ နန်းတော်အတွင်း၌ ဖြစ်ပျက်မှုများကို ရဟန်း သံဃာတော်များ ကြားသိကြသောအခါ အကြောင်းအကျိုး ဆိုးသွမ်းကြီးမားလှသောကြောင့် ဗုဒ္ဓဘုရားအား မေးမြန်းလျှောက်ထားကြလေ၏။ မြတ်စွာဘုရားက သာမာဝတီမိဖုရားနှင့် အပေါင်းပါတို့သည် ၀ဋ်ကြွေးပါလာသောလငြားလည်း သဒ္ဓါတရား ထက်သန်၍ အယူမှန်ကောင်းမြတ်သော စိတ်စေတနာတို့၏ အကျိုးကြောင့် မီးလောင်သေခံရသော်လည်း နတ်ပြည်၌ နတ်သမီးများ ဖြစ်ရ၏။
မာဂဏ္ဍီနှင့် အပေါင်းပါတို့မှာမူ ဒိဋ္ဌိမာန ဣဿမစ္ဆရိယတို့၏ အ,ကုသိုလ်အကျိုးကြောင့် ယခုဘ၀တွင်လည်း အသေဆိုးတို့၏ နှိပ်စက်ခြင်းကို ခံရပြီး သေသော်လည်း အ၀ီစိငရဲ၌ ဆင်းရဲကြီးစွာ သွားခံရကြောင်း ဟောပြောတော်မူပြီး သံဝေဂ ရစေတော်မူပါသည်။
ထိုမှတစ်ဖန် ရဟန်းများမှ ခုဇ္ဖုတ္တရာ အမည်ရှိ ဥပါသိကာမသည် ဉာဏ်ပညာအရာ၌ ဧတဒဂ်ရတော်မူပြီး အဘယ်အကြောင်းကြောင့် ခါးကုန်းရပြီး သူတစ်ပါးထံ၌ ကျွန်မ ဖြစ်ရပါသနည်းဟု လျှောက်ထားမေးမြန်းကြသောအခါ…
တစ်ခုသောဘ၀၌ သူသည် ရဟန်းသံဃာများ ဆွမ်းခံကြွလာရာတွင် အိမ်များမှ အလွန်ပူသော ဆွမ်းဂဃာနို့ရည်းများ လောင်းလှုရာတွင် အလွန်ပူလှသဖြင့် လက်ဖြင့် ကိုင်ထားရန် ခက်ခဲနေသည်ကို တွေ့မြင်ရာ မိမိလက်တွင် ၀တ်ထားသော ကျောက်လက်ကောက်များကို ချွတ်ပြီး သပိတ်အောက်မှ ခံ၍ ကိုင်စေကာ အပူဒဏ်မှ သက်သာစေသော ကောင်းမှုစေတနာ ဖြတ်ထိုးဉာဏ်တို့ကြောင့် ယခုကဲ့သို့ ဉာဏ်ပညာ အလွန်ထက်မြက်ရခြင်းဖြစ်ကြောင်း၊
ခါးကုန်းရသည်မှာ…. ရဟန်းတစ်ပါး ခါးကုန်းနေသည်ကို တွေ့ရသောအခါ လှောင်ပြောင်ပြုမူမိသော အ,ကုသိုလ် အကျိုးကြောင့် ဖြစ်ကြောင်း ဟောတော်မူခဲ့သည်။
ကျွန်မဖြစ်ရသည်မှာ… တစ်ခုသော ရိပ်သာကျောင်း၌ အလွန်သိက္ခာရှိပြီးသော ယောဂီဘိက္ခုနီမ တစ်ဦးအား မရိုမသေ ခိုင်းမိစေ၍ ဘ၀ပေါင်းများစွာ၌ ကျွန်မ အဖြစ်နေခဲ့ရကြောင်း။

0 comments:
Post a Comment