* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 26, 2009

မှာချင်တယ် ၀င်းကြည်မရယ် (၁)


ရေကြည်ရာနှင့် မြက်နုရာ စီးပွားရှာဖို့ သွားကြတယ်၊ မြို့ကြီး ပြကြီး ဟိုမှာ ဒီမှာ အုတ်သယ် ပန်းရံလုပ် အဟုတ်ကို ကိုက်တယ်။ အေးကြည်မ တို့ အဖော်က တဆွယ်ဆွယ် အမေ့ကို ကန်တော့ကာ မြို့ကို တက်ခဲ့တယ်။

ဒီသီချင်းက ၀င်းကြည်မတို့ ဟို . . . ငယ်ရွယ်စဉ် အချိန်ကတည်းက ကြားခဲ့ရသည့် မောင်ကြေးမုံ ရေးသားထားသော သီချင်းဖြစ်သည်။ လိုက်ဆိုဖြစ်သလို အလွတ်လည်း ရနေသည်။ အချိန်တန်လို့ အပျိုကြီးဖားဖား ဖြစ်လာပြန်တော့လည်း သီချင်းလေးထဲက အေးကြည်မကို အားကျမိရင်း ဒီသီချင်းလေးကိုပင် ပြန်လည်သီဆိုမိပြန်သည်။

ဟုတ်သည်လေ . . .။ တောမှာ တနေ့တာ အလုပ်လုပ်၍ ရသည့် ငွေကြေးနှင့် မြို့မှာ တနေ့တာ အလုပ်လုပ်၍ ရသော ငွေကြေးတို့က နှိုင်းယှဉ်ကြည့်လျှင် မယုံကြည်နိုင်စရာ။

တောမှာ ဆို နံနက်ငါးနာရီထိုးပြီဆိုသည်နှင့် မိုးမလင်းခင်ကတည်းက သနပ်ခါးကို မျက်နှာပြင်မှာ အကုန်တင်၊ နေပူမှာ စိုးသည့်အတွက် ခေါင်းကိုအုပ် လက်နှင့်ခြေထောက်ကို ထုတ်ကာ မီးနေသည်အလား လယ်တောသို့ ဆင်းရတော့၏။ နေ့ခင်း ထမင်းစားရသည့် အချိန်က (၁၂)နာရီ၊ ပြီးတော့ အားလုံးပေါင်းမှ အနားရသည့် အချိန်က (၁)နာရီ၊ ထို့နောက် နေပူကျဲကျဲမှာ လယ်တောထဲသို့ ဆင်းရပြန်၏။ အမိုးအကာက မရှိ။ နေရောင်ခြည်၏ အပူရှိန် လင်းအားထုကို အာခံရင်း ဘ၀ကို မမှု လောကဓံကို အန်တုလျက် အလုပ်လုပ်လိုက်ရသည်များမှာ ညနေ အိမ်ပြန်ချိန်ရောက်တော့ မိုးစုန်းစုန်း ချုပ်ပေပြီ။


အိမ်ပြန်ရောက်လို့ ရေမိုးချိုး၊ အ၀တ်စားလဲ၊ ထမင်းစားပြီးသည်နှင့် ည(၉)နာရီ ထိုးပေပြီ။ ရှေးအစဉ်အလာ မိဘတို့၏ စည်းစနစ်ကြီးမှုကြောင့် ၀င်းကြည်မတို့မှာ အိမ်မလည်ရ။ ရွာမှာရှိသည့် တစ်လုံးတည်းသော တီဗှီ(ရုပ်မြင်သံကြား)ကိုပင် ကြည့်ခွင့် မရရှာခဲ့။ ၀င်းကြည်မတို့ရဲ့ ဘ၀က လူ့အဖြစ်ကို ရရှိသော်လည်း လူ့ငရဲခန်းပမာ။ နေ့စဉ် နေ့စဉ် သီချင်းလေးထဲက အေးကြည်မအဖြစ်ကိုသာ တောင့်တ နေမိတော့သည်။

ဘ၀တဆစ်ချိုးအဖြစ် ပြောင်းလဲနိုင်မည့် နေ့ တနေ့ . . . ။ နွေရာသီ ကျောင်းပိတ်ချိန် ရန်ကုန်မြို့ရှိ စာသင်တိုက်မှ ရွာသို့ ပြန်ကြွလာသော ကိုရင်ပညာသာမိကို လယ်တောမှ အပြန် ၀င်းကြည်မတို့ အိမ်တွင် အမှတ်မထင် တွေ့လိုက်ရ၏။ ၀င်းကြည်မတို့ ရွာရဲ့အစဉ်အလာက စာသင်တိုက်က ပြန်ကြွလာသော စာသင်သား ရှင်ငယ် ရဟန်းငယ်များကို ညဖက်မှာ ပင့်၍ ရေနွေးကြမ်းကပ်၊ တရားဓမ္မများ ဆွေးနွေးလျက် လှူစရာ ရှိသည်များကို လှူ၊ မေးစရာရှိသည်များကို မေးလေ့ရှိကြ၏။

နေ့ခင်းဖက်ကြတော့ အလုပ်ကိုယ်စီနဲ့မို့ မအားလပ်ကြ။ ငယ်စဉ်က ကျောင်းနေဖက်လည်းဖြစ်၊ ကစားဖော် ကစားဖက်လည်းဖြစ်လို့ မြို့ကအခြေအနေများ၊ မြို့ကြီးသူတို့၏ ဟန်ပန်အမူအရာများကို မေးလိုက်ချင်၊ စကားပြောလိုက်ချင်သည်မှ အရမ်း။

သို့သော် . . . ဘ၀တွေက ခြားခဲ့ပေပြီ။ အရွယ်တွေကလည်း လူပျို အပျိုအဖြစ် ရောက်ခဲ့ပြီမို့ ခပ်ဝေးဝေးကသာ ဦးချ ကန်တော့ရင်း အမေတို့နှင့် စကားပြောနေသည်ကိုသာ နားထောင်နေမိတော့သည်။

အချိန်အတော်ကြာသည်နှင့် အမေတို့နှင့် စကားစ ပြတ်သွားသည့်အချိန် ကိုရင်သာမိက (၀င်းကြည်မတို့ ငယ်စဉ် အခေါ်) မိမိဖက်သို့ မျက်လုံးဝင့်၍ “ ဟဲ့ . . . ၀င်းကြည်မ ၊ ဘယ့်နှယ့် . . . ၊ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား၊ တော်တော်ရော ပင်ပန်းသလား၊ မြို့မှာရော အလုပ်မလုပ်ချင်ဘူးလား ” ဟု မေးလိုက်၏။

ကိုရင်သာမိ၏ သုံးချက်ဆင့် အမေးကြောင့် ၀င်းကြည်မ ဘာပြန်ဖြေရမည် မသိ။ ကိုရင်သာမိကို ငေးလို့သာ ငေးကြည့်နေမိပြန်၏။

“ ဟဲ့ . . . ၀င်းကြည်မ၊ ကိုရင် မေးနေတာ ဖြေလိုက်လေ ” ဟု အမေရဲ့ သတိပေးမှုကြောင့် သတိ ပြန်ဝင်လာကာ “ ကိုရင်ရယ်. . . ၊ အလုပ်က မြို့မှာလောက်တော့ ဘယ်အဆင်ပြေပါ့မလဲ။ တောမှာ အလုပ်လုပ်ရတာက အရမ်း ပင်ပန်းတယ်လေ။ ၀င်ငွေကလည်း မြို့နဲ့စာရင် အဆ နှစ်ဆယ်လောက် ကွာတာ ကိုရင် အသိပဲလေ။ ဒီမှာက ကိုယ့်ထမင်း ကိုယ်စားပြီး တနေကုန် အလုပ်လုပ်မှ နှစ်ရာလောက် ရတာရယ်။ ပင်ပန်းသလားဆိုတော့ မွေးကတည်းက လုပ်နေရတဲ့ အလုပ်ဆိုတော့ အသားကျနေပါပြီ။ ပင်ပန်းတယ်လို့လည်း မဟုတ်တော့ပါဘူး။ တပည့်တော်တို့က အမေနဲ့သမီး၊ ပြေးကြည့်လို့မှ ဒီနှစ်ယောက်တည်း ရှိတာရယ်။ တပည့်တော်မှ ပိုက်ဆံများများ မရှာနိုင်ရင် ဘယ်သူ ရှာကျွေးမလဲ။ အမေက အသက်ကြီးပြီလေ။ မြို့မှာ အရမ်း အလုပ်လုပ်ချင်တယ် ကိုရင်။ ကိုရင့်အသိ ဒကာ ဒကာမများ ရှိခဲ့ရင် ပြောပေးပါအုံး ကိုရင်ရယ် . . . ” ။

“ ဟဲ့ ၀င်းကြည်မ . . . ၊ နင့် အပူတွေ ကိုရင့်ကို သွားမပေးနဲ့။ ကိုရင်က မြို့မှာ စာကျက်၊ စာသင်၊ စာအန်၊ စာပြန်နဲ့ အားတယ်လို့ကို ရှိတာ မဟုတ်ဘူး။ အားလပ်တဲ့ ရက်တွေမှာ ရွာကို ပြန်ပြီး အနားယူနေတဲ့ အချိန် ကိုရင့် ကို အနှောင့် အယှက် မပေးပါနဲ့အေ . . .” ဟု အမေက ၀င်းကြည်မကို ဟန့်လိုက်၏။

“ ရပါတယ် ဒကာမကြီးရယ်၊ ကိုရင်တို့က ငယ်သူငယ်ချင်းတွေပဲ၊ ပြောပါစေ . . .။ ဒါနဲ့ ခုပြောထားတဲ့ မြို့မှာ အလုပ် လုပ်မလားဆိုတာက ကိုရင့် အသိ ဒကာကြီးတယောက်နဲ့ စကားစပ်မိလို့ ပြောကြရင်း အလုပ်ရှိတယ် လခ ကောင်းတယ်ဆိုတာ သိရတာ။ ၀င်းကြည်မ၊ နင် အလုပ် လုပ်ချင်တယ်ဆိုရင် ကိုရင့် အသိ ဒကာကြီးကို အကြောင်းကြား အသိပေးကြည့်လိုက်မယ်။ အလုပ်က အဆင်ပြေတယ်ဆိုရင်တော့ ရမှာပေါ့” ဟု ကိုရင်က စကား ဆိုလိုက်၏။

ဝင်းကြည်မ ဘယ်လို ၀မ်းသာသွားမှန်း မသိတော့၊ ပါးစပ်ကလည်း ယောင်တိယောင်ကန်းဖြင့် အမှတ်မထင် “ကိုရင်ရေ . . . ဖြစ်နိုင်ရင်၊ မနက်ဖြန်ပဲ မြို့တက်ပြီး အကြောင်းပေးပါတော့ဘုရား”ဟု လျှောက်လိုက်မိ၏။

“ ကိုရင်ရေ၊ ကိုရင့် သူငယ်ချင်းကတော့ ပြောသင့်တဲ့ စကားလား၊ မပြောသင့်တဲ့ စကားလားဆိုတာတောင် မခွဲခြားတော့ဘူး။ ခွင့်လွှတ်ပါ ကိုရင်” ဟု အမေက အားနာစွာဖြင့် ကိုရင်သာမိကို ပြန်လျှောက်ထားသံကိုပင် ၀င်းကြည်မ သဲသဲကွဲကွဲ မကြားနိုင်တော့။ ဒါတောင်မှ အလုပ်က သေသေချာချာ ရနိုင်မည်ဟု မသိရသေး။ ၀င်းကြည်မတို့ ရင်ထဲမှာ ကုလားဘုရားပွဲကတော့ လှည့်နေပေပြီ။ ၀မ်းသာလွန်းအားကြီး၍ ဘာသံမှပင် မကြားမိတော့။ တခါမှ မရောက်ဖူးသော ရန်ကုန်ရွှေမြို့တော်ကြီးကိုသာ စိတ်ကူးဖြင့် ရော်ရမ်းမှန်းဆကာ မြင်ယောင်နေမိတော့သည် ။

အပိုင်း (၂) ဆက်လက်ရေးသားပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP