* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 26, 2009

အနေတတ်အောင် နေကြစို့


လူဆိုတာ ကုသိုလ်အရှိန်ကြောင့် လူ့ဘ၀ကို ရောက်လာတော့ ကုသိုလ်အရှိန်နဲ့ နေပြီး, ကုသိုလ်အဟုန်နဲ့ပဲ ရှေ့ဆက်သွားနိုင်အောင် ကြိုးစားရမှာပါ။ လာတုန်ကလည်း ကုသိုလ်နဲ့, နေတော့လည်း ကုသိုလ်နဲ့, ပြန်တော့လည်း ကုသိုလ်အထုတ်နဲ့ပဲ ပြန်နိုင်အောင် ကြိုးစားရမှာပါ။ ဒါကြောင့် လူ့ဘ၀ရဲ့ အဓိကတာဝန်က ကုသိုလ်တရား နေ့စဉ်/ နေစဉ် တိုးပွားရေး တစ်ခုတည်းပါ။ ကိုယ်တိုင်လည်း နေ့စဉ်/နေစဉ် ကုသိုလ်ရရှိတိုးပွားအောင် ရတဲ့နည်းနဲ့ ကြိုးစားနေရပါမယ်။
ပတ်ဝန်းကျင်လက်လှမ်းမှီသလောက်ကိုလည်း ကုသိုလ်ရရှိတိုးပွားအောင် ကူညီပေးနေရပါမယ်။ သူ့ကြောင့်လည်း ကိုယ့်မှာ ကုသိုလ်ရရမယ်၊ ကိုယ့်ကြောင့်လည်း သူ့မှာ ကုသိုလ် ရရမယ်။ ဒါမှ လူ့တာဝန်ကျေတဲ့ လူလို့ခေါ်နိုင်မှာပါ။
လူဆိုတာ ဘယ်တာဝန်တွေ ဘယ်လောက်ပဲ ကျေကျေ ကုသိုလ်တာဝန်မကျေရင်တော့ စိတ်အေးရမှာ မဟုတ်ပါပေ။ အဲဒီလို တာဝန်မကျေကြရင်တော့ “ပဋာစာရီအမျိုးသမီး - ရဟန္တာမကြီး မဖြစ်ခင် အဖြစ်မျိုးနှင့်သာ နေ့စဉ် ဖြတ်ကျော်နေရပါလိမ့်မယ်။ သားကြောင့် ပူပန်ရ, ငိုကြွေးရ၊ ဆွေမျိုးကြောင့် ပူပန်, ငိုကြွေးရနဲ့။
ကုသိုလ်တာဝန်ကျေမှပဲ တကယ်စိတ်အေးရမှာပါ။ တာဝန်ကျေအောင် ထမ်းဆောင်နိုင်ဖို့ အသိဉာဏ် အရည်အချင်းရအောင် တရားစာများကို ဖတ်ရှု, နာယူ သင်ကြားလေ့လာရပါမယ်။ သိအောင်လုပ်မယ်, ကြိုးစားမယ်ဆိုတဲ့ အသိတရား အမြဲတမ်းထားရှိရပါမယ်။ နောက်... ရထားတဲ့ အသိဉာဏ်ကို လက်တွေ့ လုပ်ငန်းခွင်ထဲမှာ အံဝင်ခွင်ကျ ထည့်သွင်း အသုံးချတတ်ရပါမယ်။
“လူဆိုတာ ကုသိုလ်တာဝန် ထမ်းဆောင်ရမယ်”လို့ ပြောတာက တစ်ဖက်က အကုသိုလ် ရှိနေလို့ ဖြစ်ပါတယ်။ ပြီးတော့ ဆင်းရဲစရာတွေကလည်း များစွာ ရှိနေလို့ ဖြစ်ပါတယ်။ ချုံငုံပြောရရင် တစ်ဖက်က အပူနှင့်ဆင်းရဲ ရှိနေလို့ ဖြစ်ပါတယ်။ တစ်ဖက်က အကုသိုလ်နှင့် ဆင်းရဲရှိနေတာကို တကယ် သိရှိနားလည်ဖို့, အကုသိုလ်ကို ဖြတ်ကျော် အနိုင်ယူဖို့, ဆင်းရဲ့ကို လွှမ်းမိုးနိုင်ဖို့, ကိုယ့်အရှိန်ထဲက ကုသိုလ်ကို နည်းမှန်လမ်းမှန်ဆွဲယူတတ်ဖို့ ကျွမ်းကျင်တဲ့ တရားအသိဉာဏ်က အထူးလိုအပ်ပါတယ်။
လောကဥပမာနဲ့ဆိုရင်... တိပိဋကဓရယောဆရာတော်ဘုရားကြီး မကြာမကြာ မိန့်ကြားလေးရှိတဲ့... လောကဘောလုံးပွဲလိုပါဘဲ။ လောကဘောလုံးပွဲတစ်ပွဲဟာ တစ်သင်းတည်းနဲ့ ပွဲမဖြစ်ပါဘူး။ နှစ်သင်းရှိမှ ပွဲဖြစ်ပါတယ်။ နှစ်သင်း စလုံးရဲ့ တာဝန်က တစ်ဖက်အသင်းကို အနိုင်ယူဖို့ပါပဲ။ အနိုင်ယူနည်းကို ပွဲမကစားခင်ကတည်းက လေ့လာသင်ယူ ကျင့်ထားရပါတယ်။
အဲဒါမျိုးလိုပါပဲ... တစ်ဖက်မှာရှိနေတဲ့ အကုသိုလ်ကို အနိုင်ယူနိုင်မှ လူ့တာဝန်ကျေမယ်၊ မိမိ...လာကန်ရတဲ့ မိမိဘ၀ဘောလုံးပွဲလည်း အနိုင်ပိုင်းကာ ပြန်နိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် အကုသိုလ်ကနိုင်သွားပြီး အရှုံး အငိုနဲ့ ပြန်ရပါလိမ့်မယ်။
မိမိတို့နေ့စဉ် စားဝတ်နေရေး ကျမ်းမာရေးတာဝန်ထမ်းဆောင်တဲ့အခါ ရုပ်ရဲ့ တာဝန်မျှသာ မကပဲ နာမ်နှင့်ဆိုင်ရာ (ခံစားမှု-ဝေဒနာက္ခန္ဓာ, မှတ်သားမှု-သညာက္ခန္ဓာ, ပြုပြင်ရမှု- သင်္ခါရက္ခန္ဓာ, သိမှုသဘော-၀ိညာဏက္ခန္ဓာ) ခန္ဓာ -၄-ပါးရဲ့ တာဝန်ကိုပါ ကျေပြွန်အောင် ထမ်းဆောင်တတ်ရပါမယ်။ ရုပ်အစာ ဖြစ်တဲ့ ဖီး, လိမ်းစသည့် ပြုပြင်မှုသာ မဟုတ်ပဲ နာမ်အစာဖြစ်တဲ့ ဘုရားပန်းလှူခြင်းစတဲ့ ဒါန, မိမိနိုင်သလောက် စောင့်ထိန်းခြင်း သီလ, စိတ်တည်ငြိမ်အောင် မွေးမြူခြင်း သမာဓိ, မေတ္တာပွားများခြင်း မေတ္တာဘာဝနာ, ထွက်လေ၀င်လေးစသည် မှတ်သားမှု ၀ိပဿနာ ကောင်းမှုများ ပြုလုပ်ကာ နာမ်အစာ ကျွေးဖို့လည်း မမေ့သင့်ပါဘူး။ နာမ်အစာကျွေးတဲ့အခါ ရုပ်အစာကျွေးရင်းနဲ့လည်း ကျွေးလို့ရပါတယ်၊ ဥပမာ--- မိမိတို့မှန်ကြည့်တဲ့အခါ... ခေါင်းဖီးတဲ့အခါ... မိမိခန္ဓာကိုယ် တဖြည်းဖြည်း ပျိုမလာပဲ တိုးလို့သာ အိုတဲ့သဘောသို့ ပြောင်းလဲလာပုံလိုမျိုး။ အချိန်ပေးနိုင်သူများအတွက်တော့ သီးသန့်အချိန်ယူပြီးလည်း နာမ်အစာကျွေးလို့ ရပါတယ်။ ဥပမာ.. တရားထိုင်ခြင်းစသည်လိုမျိုးပါ။ တကယ်တော့ ဗုဒ္ဓမြတ်စွာရဲ့ တရားတွေက အချိန်မတောင်းပါဘူး။ သတိ, အသိဉာဏ်ပဲတောင်းတာပါ။ သတိဉာဏ်ရှိနေရင် ဘာပဲလုပ်လုပ် အားအင်ပြည့်ဝတဲ့ စိတ်အစာ ကျွေးနေတဲ့ အချိန်တွေချည်းပါပဲ။
ဆိုလိုတာက ရုပ်အ၀တ်ဝတ်ပေးရင်... နာမ် သီလအ၀တ်, သမာဓိအ၀တ်, အသိပညာအ၀တ်လည်း ၀တ်ပေးရပါမယ်။ ရုပ်ကိုနေရာ ပေးရင် ဘုရားအာရုံ, တရားအာရုံ, သံဃာအာရုံစတဲ့ ကုသိုလ်အာရုံဖြစ်သော သတိပဋ္ဌာန် အာရုံလို့ဆိုတဲ့ နာမ်နေရာလည်း ပေးနိုင်မှ မိမိတို့တစ်တွေ လူ့တာဝန် တကယ်ကျေပွန်တဲ့ လူဖြစ်ပါမယ်။
ယနေ့ခေတ် တစ်ချို့လူ, တစ်ချို့နိုင်ငံက လူတွေ စိတ် (နာမ်)ပူလောင်လာတဲ့အခါ ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြတာတွေဟာ ရုပ်နေရာသာ ပေးကြပြီး စိတ်နေရာ မပေးလို့၊ မရှိလို့ဖြစ်ပါတယ်။ ရုပ်နေရာရှိပေမယ့် စိတ် (နာမ်) နေရာမရှိရင် ဘ၀ဟာ ဘာမှ လုံခြုံမှု၊ အေးချမ်းမှု ရှိမှာ မဟုတ်ပါဘူး။ အမြဲတမ်းပူလောင်နေရမှာ ဖြစ်ပါတယ်။
ရုပ်ကျန်းမာရေးအတွက် ရုပ်ဆေးမှီဝဲပြုပြင် ပေးရသလို စိတ် (နာမ်)ကျန်းမာရေးအတွက် တရားဆေးမှီဝဲ ပြုပြင်ပေးဖို့ မမေ့သင့်ပါဘူး။ တကယ်တော့ ခန္ဓာ-၅-ပါးလုံးရဲ့ တာဝန်ကို ပြည့်စုံအောင် ထမ်းဆောင်ပေးနိုင်မှ ကုသိုလ်တာဝန်ပါ ထမ်းဆောင်ရာရောက်လို့ လူ့ဘ၀ လူ့တာဝန်ကျေတဲ့ လူလို့ ခေါ်နိုင်မှာ ဖြစ်ပါတယ်။
ခန္ဓာ -၅-ပါးလုံး တာဝန်ကျေမှ အကောင်းအဆိုး ဘာနှင့်တွေ့တွေ့ တရားအသိနဲ့ ညှိကာ ငြိမ်းချမ်းစွာ နေတတ်မယ်။ အမေးအမျိုးမျိုးကိုလည်း အမှန်အတိုင်း ဖြေတတ်ပါမယ်။ ဆိုလိုတာက ဘ၀အခက်အခဲ အမေးပြဿနာများကို ဆိုလိုတာပါ။ အဲဒီအရှုပ်အထွေး အမျိုးမျိုးကို တရားနဲ့ညှိပြီး ငြိမ်းချမ်းစွာ ပြေလည် ငြိမ်းအေးအောင် ဖြေရှင်းနိုင်မယ်, အနေတတ်မယ်ဆိုရင် မိမိတို့ ရလာတဲ့ ဘ၀ဟာ အရှုံးမရှိပဲ အနိုင်နဲ့ နေရတဲ့ ဘ၀ဖြစ်မယ်။ အနေလည်းတတ် ဘ၀ပြဿာနာများကို တရားသဘောနဲ့လည်း အဖြေတတ်မယ်ဆိုရင် အသေတတ်ဖို့လည်း သေချာပြီးသားပါ။ အဲဒါဆို လူ့တာဝန်ကျေလို့ လူဖြစ်ကျိုလည်း နပ်ပါပြီ။
ဒါကြောင့် ခက်ခဲစွာရလာတဲ့ (မနုဿတ္တဒုလ္လဘ) လူ့ဘ၀ နေ့စဉ်/ နေစဉ်မှာ အနေတတ်အောင် နေနိုင်ကြပါစေလို့ ဆုမွန်ချွေရင်း.....
------------------------
အမှာ။ ။တိပိဋကဓရ ယောဆရာတော်ဘုရားကြီး၏ တရားတော်များကို အခြေခံကာ တင်ပြခြင်း ဖြစ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP