* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, November 11, 2009

ကြွေး

မောင်ထွန်းဦးသည် ငါ့မှာ ဆပ်စရာကြွေးတွေ အများကြီး ရှိနေတယ်-ဟု သူ့ကိုယ်သူ ယူဆထား၏။ ထို့ကြောင့် သူ့စိတ်ထဲတွင် မလွတ်လပ်၊ မပေါ့ပါးသကဲ့သို့ ခံစားရ၏။ သူ့အပေါ် ကြွေးအများဆုံး ရှိနေသူ နှစ်ဦးရှိ၏။ တဦးကား လောကကြီးတွင် မရှိတော့။ မောင်ထွန်းဦး ၃-နှစ်သား အရွယ်ကပင် လူ့လောကကြီးမှ ထိုကြွေးရှင်သည် အပြီးအပိုင် ထွက်ခွါသွားခဲ့လေပြီ။ သို့သော် မောင်ထွန်းဦး၌ လူ့လောကကြီးမှ ထွက်ခွါသွားသော ထိုကြွေးရှင်၏ ကြွေးတို့ကို ဆပ်လိုသည့်စိတ်ကား အမြဲရှိနေ၏။ ထို့ကြောင့် ထိုသွားလေသော ကြွေးရှင်အစား ကျန်ရှိနေသော ကြွေးအများဆုံး ကြွေးရှင်၏ ကြွေးတို့ကို ကျေသွားအောင် အတိုးချကာ ဆပ်ပေးလိုစိတ် ပြင်းပြလျက်ရှိနေ၏။

မောင်ထွန်းဦးသည် ကြားနာမှတ်သားထားဖူးသော ဘုရားစကားတော်အရ ကြွေးအများဆုံး ထိုကြွေးရှင်နှစ်ဦး၏ ကြွေးတို့ကို အများဆပ်နေကျ ဆပ်နည်းဖြင့် ဆပ်၍ မကျေနိုင်ကြောင်းကို သိရှိထား၏။ ကြွေးယူသူက ထိုကြွေးရှင်နှစ်ဦးကို ပုခုံးနှစ်ဖက်ပေါ်တွင် တင်ပြီး အသက်တရာရှည်လျှင် အနှစ်တရာပတ်လုံး လိုလေသေးမရှိရအောင် အစွမ်းကုန် ပြုစု လုပ်ကျွေးကာ ကျေးဇူးကြွေးဆပ်ပေးစေဦးတော့ ထိုကြွေးရှင်နှစ်ဦး၏ ကြွေးကို ဆပ်လို့ မကုန်နိုင်သေး၊ မကျေသေးတဲ့။ မြတ်နိုးနှစ်သက်ဖွယ်ရာ ရတနာများစွာ တည်ရှိရာ ဤမဟာပထ၀ီ မြေပြင်ကြီးကို အုပ်စိုးရသည့် မင်းအဖြစ်ရောက်အောင် ထိုကြွေးရှင်နှစ်ဦးကို တင်ပေးစေဦးတော့ ထိုကြွေးရှင်နှစ်ဦး၏ ကြွေး မကျေသေးဘူးတဲ့။ ဤဘုရားစကားတော်တို့ကို မောင်ထွန်းဦး ကြားနာမှတ်သားထားဖူးသည်။

ထိုကြွေးရှင်တို့၏ ကြွေးတို့ကို ကျေအောင်ဆပ်နည်းကို မြတ်စွာဘုရားစကားတော်အရ သိရှိထား၏။ မြတ်စွာဘုရားက မိန့်ကြားထားသည်မှာ-
သဒ္ဓါ မရှိသေးလျှင် သဒ္ဓါရှိလာအောင်
သီလ မရှိသေးလျှင် သီလရှိလာအောင်
ဒါန မရှိသေးလျှင် ဒါနရှိလာအောင်
တရားအသိပညာ မရှိသေးလျှင် တရားအသိပညာ ရှိလာအောင် ဆောင်ရွက်ပေးပါတဲ့။
ဒါမှ ထိုကြွေးရှင်နှစ်ဦး၏ ကြွေးတွေ ကျေပါတယ်တဲ့။

မောင်ထွန်းဦး၏ ထိုကြွေးရှင်နှစ်ဦးမှာ သူ့မိခင် ဒေါ်ငြိမ်းယဉ်နှင့် ဖခင်ဦးထွန်းစတို့ ဖြစ်ပါသည်။ သူ့မိခင်မှာ ကွယ်လွန်သွားခဲ့ပြီးဖြစ်၍ ကုသိုလ်အဖို့ဘာဂကို အမျှပေးဝေ၍ ကျေးဇူးကြွေးဆပ်ပေးရုံမှတပါး အခြားနည်းလမ်း မရှိတော့ပြီ၊ အသက်ထင်ရှား ရှိနေသေးသော သူ့ဖခင်ကိုကား သဒ္ဓါ၊ သီလ၊ ဒါန၊ ပညာ ရှိလာအောင် ကြိုးစားပေးရပေဦးမည်။ မည်သို့ ကြိုးစားရအံ့နည်း-ဟု မောင်ထွန်းဦး စဉ်းစား၏။ ထိုသို့စဉ်းစားသောအခါ သူရှုမှတ်ပွားများ အားထုတ်ခဲ့ဖူးသော သတိပဋ္ဌာန်တရားကို ရှုမှတ်ပွားများခွင့်သာအောင် ဆောင်ရွက်ပေးခြင်းသည်သာ သူ့ဖခင်၏ ကျေးဇူးကြွေးကို ကျေအောင်ဆပ်ပေးရာ ရောက်၏-ဟု အဖြေရလာ၏။

သို့သော် သူ့ဖခင်က တရားအားထုတ်ရန် စိတ်ပါဝင်စားမှု မရှိသေးသည်က ခက်နေ၏။ သူ့ဖခင်သည် အများအကျိုးဆောင်ရွက်ရန် စိတ်သန်သူတဦး ဖြစ်သည်။ အိမ်၏ကိစ္စထက် ရပ်ရွာကိစ္စက ပို၍ များနေ၏။ အိမ်၏ ကိစ္စတို့၌ လစ်ဟင်းသဖြင့် စီးပွားရေးလည်း ယိုင်စပြုလာ၏။ သူ့ကို ရပ်ရွာသူ၊ ရပ်ရွာသားတို့နှင့် ရပ်ရွာဝန်းကျင်မှ လူတို့က ကျေနပ်သဘောကျသော်လည်း သူ့အိမ်သူ အိမ်သားနှင့် ဆွေမျိုးတို့ကား အိမ်ကိစ္စတို့ လစ်ဟင်း၍ အားရကျေနပ်ကြပုံ မပေါ်။ သို့သော် အများအကျိုး သယ်ပိုးလိုသော သူ့ဝါသနာအရ သူကား နောက်မဆုတ်။ လောကီလူမှုရေးကိစ္စတို့နှင့်သာ အချိန်ကုန်ပြီး ဥပုသ်စောင့် တရားထိုင်ဖို့ဘက် ဦးမလှည့်နိုင်သေးသော သူ့ဖခင်ကို မောင်ထွန်းဦးက အားမရ။ တရားအားထုတ်ဖြစ်အောင် ကြိုးစားသော်လည်း အရာမထင်။ မအောင်မြင်။

တနေ့တွင် သူ့ဖခင် ရန်ကုန်သို့သွားဖို့ အခွင့်ကြုံလာ၏။ သူ့ဖခင်သည် မုံရွာခရိုင်၊ အရာတ်ာမြို့နယ်၊ စပါးတွင်းရွာသား ဖြစ်၍ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့သို့ အရောက်များ၏။ သို့သော် ရန်ကုန်မြို့သို့ကား တခေါက်မျှ မရောက်ဖူးသေး။ ရွှေတိဂုံစေတီတော်ကြီးကိုလည်း ဖူးချင်နေ၏။ ထို့ကြောင့် ရန်ကုန်သို့ သွားလေပြီ။ ရန်ကုန်သို့ သူ့ဖခင် ရောက်သွားသောအခါ မောင်ထွန်းဦး၏ ဆန္ဒ၊ မောင်ထွန်းဦး၏ ရည်ရွယ်ချက်တွေလည်း အထမြောက် အောင်မြင်ခဲ့လေပြီ။ သူ့ဖခင်သည် သူ့အစီအစဉ်အရ မဟာစည်သာသနာ့ရိပ်သာတွင် တရားဝင်၍ အားထုတ်လေသည်။

သစ်သီးသည် မှည့်ချိန် မတန်သေးဘဲ မည်မျှပင်မှည့်အောင် ကြိုးစားသော်လည်း မှည့်၍မရ။ မှည့်ချိန်တန်မှသာ မှည့်လာရ၏။ မောင်ထွန်းဦးသည် သူ့ဖခင်၏ အခြေအနေကို သစ်သီးပမာ နားလည်သွား၏။ မောင်ထွန်းဦးသည် သူခံစားခဲ့ရသည့် တရားအရသာကို သူ့ဖခင် ခံစားခွင့်သာနေပြီဖြစ်၍ သူ့ရင်မှာ ပီတိတွေ ဝေနေလေပြီ။ သူ့ဖခင်သည် ၂-လနီးပါး တရားအားထုတ်သွား၏။ သူ့ဖခင်၏ ကျေးဇူးကြွေးတွေ ကျေအောင်ဆပ်သောနည်းဖြင့် ကျေးဇူးကြွေး ပေးဆပ်လိုက်ရပေသည်။ တရားအားထုတ်ပြီး၍ ရွာသို့ပြန်လာသော သူ့ဖခင်၏ အသွင်အပြင်ကို မြင်တွေ့ကြရသူ ရွာသူရွာသားအပေါင်းနှင့် ရွာပတ်ဝန်းကျင်မှ လူတို့က သူ့ဖခင်ကို အံ့အားသင့်နေကြလေ၏။ အပြောအဆို အပြုအမူ သဘောထားတို့သည် အပြောင်းလဲကြီး ပြောင်းလဲသွားလေသည်။

သူ့ဖခင်သည် သာသနာရေးဆိုင်ရာ ကိစ္စတို့၌ အားသွန်ခွန်စိုက် ဆောင်ရွက်နေလေပြီ။ တရားရှုမှတ်၏။ တရားစာအုပ်တွေ ဖတ်၏။ တရားတိပ်ခွေတွေ နာ၏။ တရားဆွေးနွေး၏။ တရားအားထုတ်လိုသူတို့ကို အားပေး၏။ တိုက်တွန်း၏။ ကူညီ၏။ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်၏။ တရားပွဲတိုင်း တရားနာရန် ရောက်၏။ သူ့ဖခင်၌ သဒ္ဓါ သီလ ဒါ ပညာတရားတို့ တည်ရှိတိုးပွားလာအောင် ဆောင်ရွက်ပေးလိုက်ရသဖြင့် မောင်ထွန်းဦးမှာ ၀မ်းသာမဆုံး ရှိနေလေ၏။ သူ့အပေါ်၌ တင်ရှိသော ကျေးဇူးကြွေးတို့ကို ဆပ်လိုက်ရသောကြောင့် စိတ်ရော ကိုယ်ပါ ပေါ့ပါးလန်းဆန်းလာပေ၏။ လွတ်လပ်သကဲ့သို့လည်း ခံစားလာရပေ၏။

ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ် ယုံကြည်မှု ကြည်ညိုမှု သဒ္ဓါ၊ သီလစောင့်လိုသည့် ဆန္ဒ၊ ဒါနပြုလိုသည့် စေတနာ၊ ၀ိပဿနာ အသိပညာတို့ကို သူ့ဖခင်အား ပေးလိုက်သော သတိပဋ္ဌာန်တရား၏ စွမ်းအားနှင့် ကျေးဇူးကား ကြီးမားလှပါပေစွဟုတွေးကာ သတိပဋ္ဌာန်တရားကို ဟောကြားတော်မူခဲ့သော မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရား၏ သတိပဋ္ဌာန်တရားတော်နှင့်အညီ ညွှန်ကြားပြသပေးသော မဟာစည် ဆရာတော်ကြီးအပါအ၀င် သံဃာတော် အရှင်မြတ်တို့ကိုလည်းကောင်း မောင်ထွန်းဦးသည် စိတ်ဖြင့်ရည်မှန်းကာ အခါခါ ဦးတိုက်နေမိလေသည်။ စိတ်ထားပြုပြင်ရေးမှာ သတိပဋ္ဌာန်တရားဟာ အလွန်အရေးပါတယ်-ဟူသော မဟာစည်ဆရာတော်ကြီး၏ စကားတော်ကိုလည်း များစွာ သဘောကျနေလေသည်။ စိတ်ထားပြုပြင်လိုသူတိုင်း မောင်ထွန်းဦး၏ ဖခင်ပမာ သတိပဋ္ဌာန်တရားကို ပွားများအားထုတ်သင့်ကြပါသည်။ မိဘတို့၏ ကျေးဇူးကြွေးကို ကျေအောင်ဆပ်လိုသူတိုင်း မိဘတို့ကို တရားအားထုတ်ဖြစ်အောင် မောင်ထွန်းဦးပမာ ကြိုးစားပေးသင့်ကြပါသည်။

( သာမဏေကျော် )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP