တံငါ ၀က်မွေးစတဲ့ မကောင်းသော အသက်မွေးမှုတွေနဲ့ ဘာကြောင့် ချမ်းသာနေကြတာလဲ

မိမိတို့တစ်တွေရဲ့ ပတ်ဝန်းကျင်စသည်မှာ တံငါ, ၀က်မွေး စသည့်အလုပ်နဲ့မှ ချမ်းသာနေကြတဲ့ လူတစ်ချို့ တွေ့ဘူးမယ်ထင်ပါတယ်။ ဘုရားဟောဖော်အရ ကောင်းမှုလုပ်ရင် ကောင်းကျိုး ချမ်းသာပေးတယ်။ မကောင်းကျိုးလုပ်ရင်
မကောင်းကျိုး ပေးတယ်ဆိုတဲ့ တရားတော်နှင့် ဆန့်ကျင်မနေဘူးလား စသည်ဖြင့် ဓမ္မမိတ်ဆွေတို့ စဉ်းစားရင် စဉ်းစားဘူးကြမယ်ထင်ပါတယ်။ တချို့ဆိုရင် ကောင်းတာလုပ်တဲ့ အခါ မကြီးပွားပဲ.. အထက်ပါလိုမျိုး မကောင်းတာလုပ်မှ
အောင်မြင်ကြီးပွားသွားတာမျိုး ခံစားရတော့ ဘုရားဟောတရားအပေါ်မှာ အမြင်မှား အယူမှား ဖြစ်သွားကြတာမျိုးလည်း ရှိပါတယ်။
ယင်းကဲ့ ဖြစ်သွားရတာ... မကောင်းမှုလုပ်မှ ကြီးပွားချမ်းသာ သွားတာသည် ဘယ်အကြောင်း ကြောင့်လဲဆိုတာနှင့်ပတ်သက်၍ တင်ပြပေးပါမယ်။
မိမိတို့ ကုသိုလ်ကောင်းမှု လုပ်ကြတဲ့အခါ အကျဉ်းနည်းအားဖြင့် -၂-မျိုး၊ ၂-စားရှိပါတယ်။
၁။ သာဝဇ္ဇဒါန=အလှူဒါနပြုလုပ်စဉ်က အပြစ်နှင့်တကွ ပေးလှူခြင်းမျိုး....
ဆိုလိုတာက အလှူပေးရန်အတွက် နွား, ငါး, ၀က်, ကြက်စသည်တို့ကို ကိုယ်တိုင်မွေးမြူ၍သော်လည်းကောင်း၊ အရှင်လတ်လတ် ကိုယ်တိုင်ဝယ်ယူ၍ သော်လည်းကောင်း သတ်ဖြတ် ချက်ပြုတ်ကျွေးမွေး ပေးလှူခဲ့သော ဒါနမျိုး၊ အပြစ်နှင့်တကွ
ဖြစ်သောကြောင့် အဲဒီလိုမျိုးဒါနသမား (ပေးလှူခဲ့သူဟာ) ကုသိုလ်ကံ ပြုစဉ်က သာဝဇ္ဇဒါန အပြစ်နှင့် မကင်းတဲ့ ကုသိုလ်ကို လုပ်လာတဲ့ ကံအကြောင်းကြောင့် အပြစ်မကင်းတဲ့ “ပါဏာတိပါတ” သူတစ်အသက်သတ်ခြင်းစသည့် မကောင်းတဲ့
အသက်မွေးမှုမျိုးကို လုပ်မှ ချမ်းသာတာမျိုးပါ။
၂။ အန၀ဇ္ဇဒါန= အလှူဒါနပြုလုပ်စဉ်က အပြစ်မရှိတဲ့ ပေးလှူခြင်းမျိုး...
သားကောင်စသည်ကို ကိုယ့်စေတနာဖြင့် မသတ်ဖြတ်ဘဲ ပံသုကူလို့ ခေါ်တဲ့ အလိုလိုရရှိနိုင်တဲ့ အသားများကိုသာ ရှာဖွေယူ၍ (ဆိုလိုတာက ကိုယ့်ရဲ့ ပါဏာတိပါတကံ မပါစေဘဲ) သန့်ရှင်းစွာ ပေးလှူ ကျွေးမွေးခဲ့သော ဒါနမျိုးနဲ့ ချမ်းသာတာမျိုးပါ။ ဒီလို
ချမ်းသာမှုမျိုးနဲ့ ချမ်းသာတာကတော့... လှူမယ်လို့ စိတ်ကြံဖြစ်ကတည်းက ပစ္စည်းဥစ္စာ မချမ်းသာရင်နေပါ၊ ကိုယ့်စိတ်ကို ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် စိတ်သန့်ရှင်းနေတော့ စိတ်ချမ်းသာ ကြည်လင်နေမယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဤဒါနမျိုးကို
နံပါတ်-၁-ဒါနမျိုးကြတော့... အဲဒီလိုမျိုး လှူမယ်လို့ စိတ်အကြံဖြစ်ကတည်းက သေသေချာချာ စဉ်းစားတတ်တဲ့ အလှူရှင်တစ်ယောက်အနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင် စိတ်ချမ်းသာစရာ ရှိမှာ မဟုတ်ပါဘူး။ ဒါက ဘုရားဟောဖော်အရ တင်ပြတာပါ။
နောက်တခု လွယ်လွယ်လေး ကိုယ်ပိုင်အသိဉာဏ်ဖြင့် စဉ်းစားကြည့်လိုက်ပါ။ သူတစ်ပါး အသက်ကို သတ်ပြီးမှ ကိုယ်ကုသိုလ်ရမယ်၊ ကိုယ်ချမ်းသာမယ်ဆိုတာ လောကသဘော၊ ဓမ္မသဘောနဲ့ သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် မဖြစ်နိုင်၊
မရနိုင်ပါဘူးဆိုတာ ထင်ရှားပါတယ်။
ဒါနဲ့ ပတ်သက်လို့ အီရတ်မှာ ဖြစ်ခဲ့တဲ သာဓကတစ်ခုရှိပါတယ်။ ဘာလည်းဆိုတော့.. ဖခင်ဖြစ်သူက အပြစ်မဲ့သူတွေကို သတ်ဖို့ဆိုပြီး သူ့အပေါင်းအပါတွေကို အသေခံကာ ဗုံးခွဲတာစသည်ဖြင့် သတ်ခိုင်းပါတယ်။ အဲဒီမှာ သူပြောတဲ့ စကားလေးတစ်ခုက
“အဲဒီလိုမျိုး ကိုယ်တိုင် အသေခံကာ အသက်ကို သတ်လို့ရှိရင် ဘုရားသခင်းက ကောင်းချီးပေးတယ်ဆိုတဲ့” စကားပါ။ တစ်နေ့ကျတော့ သူ့သားငယ်တစ်ယောက်က သူ့အဖေရဲ့ အဲဒီစကားကိုကြားပြီး ဘာပြောလဲဆိုတော့ “အဖေဒါဆို သားလည်းပဲ
အဲဒီလိုမျိုး လုပ်ပြီး” အသေခံမယ်တဲ့။ အဲဒီအခါ အဖေလုပ်သူက ပြန်စဉ်းစားတယ် “သားရဲ့ အသက်အသေခံပြီး သူတစ်ပါးအသက်သတ်ရင် ချမ်းသာမယ်ဆိုတာ ဟုတ်လား စသည်ဖြင့်”။ အဲဒီမှာ မဖြစ်နိုင်ဘူးဆိုတာ သူသိလိုက်တော့ သူကိုယ်တိုင်လည်း
အဲဒီအလုပ်ကနေ စွန့်လွတ်လိုက်တယ်။ သားဖြစ်သူကိုလည်း လုပ်ခွင့်မပေးတော့ပါဘူး။ သားအပေါ်မှာထားရှိတဲ့ ဖခင်ရဲ့ မေတ္တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးက အမေရိကန်က အီရတ်ကို စစ်ဝင်တိုက်စဉ်ကာလက တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပါ။
ဆိုလိုတာက ကိုယ့်အသက်ကို အသေခံ၍ဖြစ်စေ၊ သူတစ်ပါးအသက်ကို ကိုယ်တိုင်/ သို့မဟုတ်/ သူတစ်ပါးကို သတ်စေ၍ဖြစ်စေ သတ်ပြီးလုပ်တဲ့ ကောင်းမှုမျိုးသည် ချမ်းသာမှု မရှိနိုင်ဘူးဆိုတာပါပဲ၊ စီးပွားဥစ္စာတော့ ခဏပန်း ချမ်းသာရင် ချမ်းသာမယ်၊
စိတ်ချမ်းသာမှုကတော့ အပြည့်အ၀မရနိုင်ပါဘူး။ အဲဒီစည်းပွားရေး လုပ်ငန်းမျိုးသည်လည်း ကြာရှည်တည်တံ့တာ မရှိသလောက်ပါဘဲ...ဆိုတာကို အကျဉ်းချုပ်ပြီး ဘုရားဟောနှင့် လောကသဘောကို ညှိကာ တင်ပြလိုက်ပါတယ်။
ကျမ်းကိုး...
အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်

0 comments:
Post a Comment