ဝေလေလေစိတ္တဗေဒ
သူငယ်ချင်း သာထွန်းစံ တစ်ယောက် "စိတ်ကျောင်း"တက်ဖို့ စာတွေ ပြင်ဆင်နေသည်ဟု ကြားရသည်။ သူ"စိတ်ကျောင်း"ကို အမှန်တကယ် တက်ခွင့်ရလျှင်တော့ ဘယ်လိုနေမည်မသိ။ လောလောဆယ် ကျောင်းမတက်ခင်ကတည်းက ထွားနေသော သူ၏လေလုံးများမှာ ဆစ်ဂမန်ဖရွိုက်ကိုပင် မ,ချီ ပင့်မြှောက်လို့ ရနေလေပြီ။ စင်စစ် သူကား စာဖတ်သလောက် လေကျယ်သူဖြစ်လေသည်။ ရိုးသားပြီး ဥာဏ်ကောင်းသည်ကား မှန်သည်။ သို့ရာတွင် ကျွန်တော့်လို ပညာရှိပီပီ လေပြည်ကလေးနှင့်ပြောပြီး နိုင်လောက်မှ အချွန်နှင့်မတတ်သော ပါးနပ်မှုမျိုးကား မရှိချေ။ ဤကား သင်း၏ အားနည်းချက်တည်း။
ထို့ကြောင့်သူ၏ ကြွားဝါချက်များကို မှတ်စုလိုက်ခွင့်ရပြီး ယခုကဲ့သို့ စာရှုသူများပါ ၀ိုင်းပြီး မေတ္တာပို့နိုင်စေရန် တင်ပြခွင့်ရလိုက်လေသည်။ သူ၏ကြွားဝါချက်များကို အနှစ်ချုပ်လိုက်သောအခါ အောက်ပါအတိုင်း သုံးချက်တွေ့ရသည်။
_______"(၁)ငါတို့စိတ်ရောဂါ ဋ္ဌာနဟာ အရူးတွေနဲ့ပဲ ဆိုင်တဲ့ဋ္ဌာန (စိတ်ရောဂါကုဋ္ဌာန) မဟုတ်တော့ဘဲ စိတ်ရှိတဲ့သူတွေ အားလုံးနဲ့ဆိုင်တဲ့ စိတ်ကျန်းမာရေး ဋ္ဌာနဖြစ်သွားပြီ။ (မှတ်ချက်။ ။သင်းအပြောအရ စာရှုသူများမှာလည်း စိတ်ရှိသဖြင့် စာရှုသူနှင့်ပါ ဆိုင်ရာရောက်လေ သည်။ )
(၂)စိတ်ကျန်းမာရေးဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ မိလ္လာအရေး၊ ဘလော့ဂါတွေအရေးကနေ ကမ္ဘာကြီးအရေး ကုန်ကုန်ပြောရရင် စကြာဝဠာကြီးအရေးနဲ့လည်း ဆိုင်တယ်။(မှတ်ချက်။ ။ မဆိုင်ဆိုင်အောင်ပြောမှာ ဖြစ်ပါသည်။)
(၃)လူတွေကို တလွဲအသုံးချတတ်တဲ့ လူဆိုးခေါင်းဆောင်တွေ ဒီကမ္ဘာလောကရဲ့ တစ်ထောင့်တစ်နေရာတွင် တကယ်ရှိခဲ့ပြီး အဲဒီခေါင်းဆောင်တွေ အကြောင်းကို လေ့လာသူတွေက အဲဒီခေါင်းဆောင်တွေ အသုံးချခဲ့တဲ့ "ဝေလေလေစိတ်ပညာ" ကို လူများများသိအောင် ထုတ်ဖော် မပြောပြဘဲ လျှိုထားကြတယ်။ အကြောင်းကတော့ အဲဒီနည်းတွေကို သူတို့ထပ်သုံးလို့ မရတော့မှာ စိုးလို့ပဲ။(မှတ်ချက်။ ။သင်းကား ဂျာနယ်တစ်စောင် နှစ်စောင်လောက်မှာ ဆယ်နှစ်တစ်ခါလောက် ဆောင်းပါးတစ်ပုဒ်ခန့် အမြီးဖြတ်ခေါင်းဖြတ်ပါသော အ၀ါးမ၀သေးသည့် စာရေးဆရာပီပီ သူ့ဆရာနှင့် သူ့ဘိုးအေများဖြစ်သော ကမ္ဘာကျယ် ပုဂ္ဂိုလ်ကြီးအတော်များများကို မသိမသာ စွပ်စွဲလိုက်လေသည်။ )_________"
လက်သည်းကွင်းထဲမှ စာသားများသည်ကား ကျွန်တော်၏ အတို့အထောင်လုပ်ချက်များ ဖြစ်ပါသည်။ ဤမျှဆိုလျှင် ကျွန်တော့်ကောင် သာထွန်းစံ မည်မျှ လေထွားကြောင်း သိလောက်ပြီ ထင်ပါသည်။ သို့ရာတွင် သူ၏ လေထွားချက်များကို စာရှုသူများပါ ပြစ်တင်ရှုံ့ချခြင်း ပြုနိုင်စေရန်အတွက် သူပြောသည့်စကားများမှ မကောင်းသည့် အပိုင်းများကိုချည်း ထုတ်နုတ်၍ "ဟားကွက်"များကို ပိုပိုသာသာလေးထည့်ကာ တင်ပြမည်ဖြစ်ပါသည်။
ဤနေရာတွင် စကားပလ္လင်တစ်ခုခံလိုသည်။ ကျွန်တော့်မှာ ကိုယ်ရေးသမျှ အားနာပါးနာဖတ်ပေးနေမည့် စာရှုသူများ အထင်ကြီးစေရန် အကြောက်အကန် စာတွေရေးနေသော်ငြား သူ့လောက်စာဖတ်သူ မဟုတ်သဖြင့် သူပြောသမျှကို တစ်ခုမကျန် နားလည်လိုက်သည် မဟုတ်ပါ။ သို့ရာတွင် နားလည်ခြင်း နားမလည်ခြင်းကား ကျွန်တော်၏ အလုပ်မဟုတ်ချေ။ သင်းကို အများဝိုင်း "တွယ်" ခွင့်ရအောင် "ထောင်ပေးဖို့" ကသာ အဓိကအချက်ကြီး ဖြစ်ပါသည်။
သို့ဖြစ်၍ သူရှင်းပြသမျှ ဝေလေလေစိတ်ပညာအချို့မှ ကျွန်တော့်ကို ဝေဖန် အန္တရာယ်ပေးနိုင်မည့် စကားလုံးများကို အထူးရှောင်ရှား၍ နိမိတ်ပုံများနှင့် ၀င်္က၀ုတ္တိအလင်္ကာကို များများကြီးသုံးကာ မဓုရတာဂုဏ်မြောက်အောင် အရှိကိုအရှိအတိုင်း ရေးဖွဲ့တင်ပြမည် ဖြစ်ပါသည်။
သင်းအဆိုပြုသော "ဝေလေလေစိတ်ပညာ"ဟူသည်ကား Crowd psychology ဟူသည့် ကျမ်းကြီးကျမ်းခိုင် အသွယ်သွယ်နှင့် ဘာသာရပ်တစ်ခုအဖြစ် လောက်လောက်လားလား ရှိသော လူစုလူဝေးစိတ္တဗေဒကို လှောင်ပြောင်သရော်၍ ခေါ်ဆိုခြင်းဖြစ်လေသည်။ လူစုလူဝေး စိတ္တဗေဒ(Crowd psychology) သည် လူမှုရေးစိတ်ပညာ (social psychology) ၏ လက်ခွဲတစ်ခု ဖြစ်ပါသည်။
သူ့အပြောအရ ရိုးရိုးသာမန်သူလိုကိုယ်လိုလူများသည် စုပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ထူးခြားသော အင်အားတစ်ခုကို ရရှိတတ်ပါသတဲ့။ သမိုင်းစဉ်လာအရ ကြီးမားသော လူစုလူဝေးကြီးများသည် အသားကျနေပြီဖြစ်သည့် လျော်ကန်ဖြစ်စဉ် (due process) များကို ခြေဖျက်ပြီး ပြဇာတ်ဆန်ဆန်လျင်မြန်တဲ့ ပြောင်းလဲခြင်းတွေကို တည်ထောင်ပေးနိုင်ပါသတဲ့။
သူက ဒီနေရာမှာ တည်ထောင်ပေးနိုင်ခြင်းကို ဆောင်ရွက်နိုင်သလို တည်ထောင်ပေးနိုင်ခြင်း၏ ပြောင်းပြန်အဖြစ်ကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်ဟု မျက်စိလည်ဖွယ်ရာ ဆိုပါသည်။ ကျွန်တော်က ကြားဝင်၍ စကားဖြည်ပေးရလျှင် ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများကိုလည်း လုပ်ဆောင်နိုင်သည်ဟု သင်းကဆိုလိုကြောင်း ဖြည်ပေးလိုက်ပါသည်။ လူမှုရေးစိတ်ပညာရှင်များသည် လူစုလူဝေး စိတ္တဗေဒ ကို ရှင်းပြဖို့ ကွဲပြားသော သီဝရီအမြောက်အမြားကို တည်ဆောက်ခဲ့ကြသည်ဟု သူက ဆိုသည်။
ပညာရှင်များ၏ သီဝရီများက လူစုလူဝေးစိတ္တဗေဒ သည် ယင်းလူစုလူဝေးအတွင်းရှိ လူတစ်ဦးချင်းစီ၏ စိတ္တဗေဒနှင့် မတူညီဘဲ သိသာထင်ရှားစွာ ကွဲလွဲနေသည်ကို ပြဆို၏။ ကာလ်းဂျန်(Carl Jung) က စုစည်းမှုမှပေါက်ပွားလာသည့်မသိစိတ် (the Collective unconscious) ဟူသောအယူအဆကို တီထွင်သည်။ အခြားသော အဓိကကျသည့် တွေးခေါ်ရှင်များသည်ကား ဂက်စတပ်လီဘွန်(Gustave Le Bon)၊ ၀ီလ်ဖရက်ထရော့တာ (Wilfred Trotter)၊ ဂေဘရီယယ်လ် တာ့ဒီ(Gabriel Tarde)၊ ဆစ်ဂမန်ဖရွိုက်(Sigmund Freud ) နှင့် အဲလိယက်စ် ကန်နက်တီ (Elias Canetti.) တို့ ဖြစ်ကြလေသည်။
ဆစ်ဂမန်ဖရွိုက်၏ လူစုလူဝေးအပြုအမူသီဝရီ (crowd behaviour theory) မှ အဓိက အယူအဆမှာ လူစုလူဝေးအတွင်းရှိ လူများသည် တစ်ဦးချင်းတွေးခေါ်နေသော လူများနှင့် ကွဲပြားခြားနားစွာ ပြုမူဆောင်ရွက်လေ့ရှိသည် ဟူသော အယူအဆဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးချင်း၏ စိတ္တဗေဒသည် လူစုလူဝေးအတွင်းတွင် တနည်းတဖုံပြောင်းလဲ သွားနိုင်သည်ဟု ဖြစ်သည်။ လူအုပ်စု၏ စိတ်များသည် တွေးခေါ်ခြင်းစနစ်တစ်မျိုး ဖြစ်ပေါ်သည့် တိုင်အောင် စုစည်းမိကြသည်။ ရလာဒ်အားဖြင့် တစ်ဦးချင်း၏ စိတ်အားထက်သန်မှုက အဆမတန် တိုးမြင့်လာပြီး လူပုဂ္ဂိုလ်တစ်ဦးအနေနှင့် အခြားပုဂ္ဂိုလ်တစ်ဦး ပြုမူသော အပြုအမူ၏ တကယ့်အစစ်အမှန် သဘာဝကို သတိပြုမိခြင်း နည်းသွားသည်။ (ကိုယ်ဘာလုပ်လို့ လုပ်မိမှန်းမသိ သူများမှားလို့မှားနေမှန်းလည်း မသိတော့ ဟု ဆိုလိုသည်။)
လီဘွန် (Le Bon) ၏ အယူအဆမှာ လူစုလူဝေးများက အမည်မဖော်မှု (anonymity) ကို မွေးမြူပြီး စိတ်ခံစားမှုများက ဖြစ်သင့်သော သက်ရောက်မှုထက် လွန်ကျူးခံစားသော ကလီရှေ (Cliche') အမျိုးအစား တစ်မျိုးမျိုး ဖြစ်လာသည်။(သင်းကြီးကြီးကျယ်ကျယ် သုံးနှုန်းသော ကလီရှေ ဆိုတာက အလွန်အကျွံခံစားတာမျိုးကို ပြောတာဟု ကျွန်တော် ထင်ပါသည်။)
ကလာခ့်မက်ဖေး (Clark McPhail)ကဲ့သို့သော ဝေဖန်သူအချို့ကမူ လီဘွန်၏ အမည်မဖော်မှု အယူအဆကို ဆန့်ကျင်၍ ခုခံပြောဆိုကြသည်။ ကလာခ့်မက်ဖေးက အချို့သော လေ့လာချက်များအရ ရူးသွပ်နေသော လူစုလူဝေး (madding crowd) သည် ပါဝင်သော လူတစ်ဦးချင်း၏ အတွေးအခေါ် နှင့် ကြံရွယ်ချက်များမှ ကင်းကွာ၍ အထိန်းအကွပ်မဲ့ ပရမ်းပတာ ပြုမူခြင်းမျိုး မရှိခဲ့ပါဟု ထောက်ပြသည်။
သို့ရာတွင် သတိပြုရသည်မှာ လီဘွန်က ၁၉ ရာစုနှင့်အစောပိုင်းကာလများက ဖြစ်ပွားခဲ့သော ကြောင်းကျိုးကင်းလွတ်သွားသော လူစုလူဝေး ၏ လွန်ကျူးခံစားသော ကလီရှေ (cliche') အဖြစ်( အတိအကျဆိုရလျှင် ကြောင်းကျိုးကင်းလွတ်ပြီး ရာဇ၀တ်မှုများ ကျူးလွန်သော လူစုဟု ရည်ညွှန်းဖော်ပြရသည့် ရာဇ၀တ်မှုခင်းများ နယ်ပယ်) ကိုသာ ရည်စူးခဲ့သည် ဟူ၍ ဖြစ်သည်။ ထပ်ရှင်းရလျှင် လူစုလူဝေးများအတွင်း ဖြစ်ပွားသော ရာဇ၀တ်မှုများကို လေ့လာတင်ပြခြင်းသာ ဖြစ်လေသည်။ လီဘွန်က သူ့ကိုယ်သူ လူစုလူဝေးစိတ်ပညာကို စတင်တည်ထောင်သူ ဟု ယူဆခဲ့သည်။ သူက လူစုလူဝေးများသည် လုံးဝအကြောင်းအကျိုး ကင်းလွတ်သည်ဟု ယူဆခဲ့ခြင်းမဟုတ်ပါ။ ယင်းအစား လူတစ်ဦးချင်းစီ၏ စိတ္တဗေဒသည် လူစုလူဝေးများ၏ စိတ္တဗေဒနှင့် ဆီလျော်ကိုက်ညီမှုမရှိ ဟူ၍ ရိုးရိုးရှင်းရှင်းတွေးခေါ်ခဲ့ခြင်းသာလျှင် ဖြစ်လေသည်။
လီဘွန်သည် လူစူလူဝေးများကို ကိုင်တွင်ထိန်းကွပ်နိုင်မည့် သင့်လျော်သည့် ကြောင်းကျိုးဆီလျော်သော နည်းစနစ်များဆိုင်ရာ အတွေးအခေါ် (ဥပမာ ယုံကြည်မှုများကို အထပ်ထပ်မြှင့်တင်ခြင်း Communal reinforcement of beliefs)၏ ဖခင်ဖြစ်သည်။ ၁၈၉၅ တွင်ထုတ်ဝေသည့် လီဘွန်၏ လူစုလူဝေးစာအုပ် ( The Crowd: the study of the Popular Mind) က ဟစ်တလာ၏ မိုင်ကမ့်ပ် (Mein Kampf) စာအုပ်အပါအ၀င် ၂၀ ရာစုနှစ်၏အယူအဆ အများအပြား အပေါ်လွှမ်းမိုးမှု ရှိခဲ့သည်။ သာထွန်းစံ ကတော့ မိုင်ကမ့်ပ်ကို သူဖတ်ဖူးသည့်အလား ကောင်းကောင်းစွပ်စွဲသည်။ နောက်လာမည့် သီယိုဒို အေဒေါနို (Theodor Adorno) ၏ စကားတစ်လုံးနှစ်လုံးကို ကိုးကား၍ ဖက်ဆစ်စနစ်သည် လူစုလူဝေးစိတ်ပညာကို အသုံးပြုသွားသည်ဟု ပုံကြီးချဲ့လေသည်။ သီယိုဒို၏ စကားကို နောက်ဆုံးတွင် ဖော်ပြပါမည်။
အင်္ဂလိပ်လူမျိုးခွဲစိတ် ဆရာဝန် ၀ီလ်ဖရက် တရော့တာ (Wilfred Trotter) ကလည်း အလားတူအယူအဆဖြင့် စာအုပ်တစ်အုပ် ရေးသားခဲ့သည်။ ငြိမ်းချမ်းရေးနှင့် စစ်ပွဲအတွင်းရှိ အုပ်စုများအတွင်းရှိ မွေးရာပါဗီဇများ (Instincts of the Herd in Peace and War) ဟူသော စာအုပ်ဖြင့် အမည်ကျော်ကြားခဲ့သည်။ တရော့တာ (Trotter) ၏ လူများဖြစ်သော ဘိုင်ရွန်နှင့် အားနက်စ်ဂျုန်း တို့သည် ဗြိတိသျှ စိတ်ခွဲပညာ (psychoanalytic) ကို လွှမ်းမိုးခဲ့သည်။
ဆစ်ဂမန်ဖရွိုက်က လီဘွန်၏ "လူစုလူဝေးသည် ကိုယ်ပိုင်ဝိညာဉ်မရှိတော့" ဟူသော "စုစည်းမှုမပေါက်ပွားလာသောမသိစိတ်"(collective unconscious) အယူအဆ ကို ဝေဖန်သည်။ ဒဏ္ဍာရီဆန်ဆန်ရည်ရွယ်ချက်ကောင်းတွေ ပြည့်နှက်နေသည့် သိစိတ်များ ဆိုသည်ကိုလည်း လက်မခံခဲ့။ ယင်းအစား လူတစ်ဦးချင်းက သူတို့ကိုယ်သူတို့ စံပြုအတ္တ (ခေါင်းဆောင်ကို ကိုယ်စားပြုသော ရည်ရွယ်ချက်) အတွက် ဖော်ဆောင်ခဲ့သည် ဟုယူဆသည်။ စံပြုအတ္တက နောင်အခါ စူပါအီဂို (Super-ego) ဖြစ်လာသည်။
သီယိုဒို အေဒေါနိုက "လူစုလူဝေးများ၏ အလိုအလျောက်အပြုအမူ"ဟူသော အယူအဆ ကို ဝေဖန်သည်။ သူ့အဆိုအရ လူစုလူဝေးများသည် စီမံခန့်ခွဲထားသော ခေတ်သစ်ဘ၀မှ ပေါက်ဖွားလာခြင်းဖြစ်ပါသတဲ့။ ကျွန်တော်နားလည်သလောက် တည့်တည့်ပြောရလျှင် ဟစ်တလာကိုင်တွယ်သွားတာကို ပြောချင်တာနှင့် တူပါ၏။ သာထွန်းစံ ပြောသော နောက်စကားကို ကြည့်ပါ။ လူစုလူဝေး စိတ္တဗေဒမှာ စင်တင်ပြဇာတ်လို သရုပ်ဆောင်ပွဲတွေ ရှိပြီး ဖက်ဆစ်စနစ်တွင် ဖက်ဆစ်ခေါင်းဆောင်က လူထုကို စည်းဝေးပြီးဟောပြောပုံမျိုး ဖြစ်ပါသတဲ့။
နောက်ဆုံးအနေနှင့် လူစုလူဝေး စိတ္တဗေဒကို နည်းနည်းပါးပါး အကောင်းပြောသော စုဆုံပေါင်းစပ်မိခြင်းသီဝရီ (Convergent theory) နှင့် Emergent-norm theory တို့ကို သူက ပြောပြပါသည်။ ကျွန်တော်က အဲဒီသီဝရီနှစ်ခုကို ကိုင်ပြီး သူ့အရင်သီဝရီတွေကို ဝေဖန်ပါသည်။ လူစုလူဝေး စိတ္တဗေဒကို ဝေလေလေစိတ္တဗေဒဟု သူခေါ်တာကို ကျွန်တော်မကျေနပ်ပါ။ သို့ရာတွင်သူက "ရာဇ၀တ်မှုများနှင့် ချိန်ကိုက်ဗုံး စကားလုံးများသုံးခြင်း မရိုးသားမှုများ"ကို ထောက်ပြပါသည်။
ဟစ်တလာလူသတ်ပွဲများနှင့် လူစုလူဝေး ရာဇ၀တ်မှုများကို ဝေလေလေစိတ္တဗေဒဟု သူကဆိုလိုလျှင်တော့ ကျွန်တော်လည်း မိနစ်သုံးဆယ်မျှ ခံငြင်းခြင်းငှာ မတတ်နိုင်ပါ။ သီယိုဒို၏ စကားအချို့ကို ဘယ်ကရလာသည် မသိဘဲ သူကိုးကားပြောဆိုနေပြန်သည်။ သူ့သင်ခန်းစာတွင်ပါသော Freudian Theory and the Pattern of Fascist Propaganda စာအုပ်မှ ဖြစ်ချင်ဖြစ်ပါမည်။ အဲဒါကို ကျွန်တော်က ယခုလို ဖော်ပြလိုက်သည်။
_______"ခေါင်းဆောင်များက လူစုလူဝေး စိတ်ပညာကို သတိပြုမိပြီး ယင်းစိတ်ပညာကို ကောင်းကောင်း အသုံးချတတ်ပါ တယ်။ လူထုရဲ့ နှလုံးသားနက်နက်ရှိုင်းရှိုင်းထဲမှာ ဂျူးတွေဟာ မိစ္ဆာတွေပဲလို့ ယုံကြည်နေသမျှကာလပတ်လုံး အဲဒီလူထုဟာ သူတို့ရဲ့ ခေါင်းဆောင်ကို လုံးဝဥဿုံ ယုံကြည်နေကြတယ်။ သူတို့ခေါင်းဆောင်ရဲ့ ဆောင်ရွက်ချက်တွေမှာ စိတ်အားထက်သန်စွာ ပါဝင်ကြတယ်။ ယုံကြည်မှုကို ဘယ်တော့မှ မစိစစ်တော့ဘူး။ ဒါဟာ ဖက်ဆစ် လူအစုအဝေးကို ကို အကြင်နာကင်းမဲ့ပြီး သိမ်မွေ့စွာ ချဉ်းကပ်ခြင်း မပြုနိုင်အောင် လုပ်ဆောင်ပေးလိုက်တဲ့ အုပ်စုစိတ်ဓာတ် ဖြစ်ဟန်တူပါတယ်။ အကယ်၍ ဒီအုပ်စုကသာ အကြောင်းပြချက်တစ်ခုလောက် အတွက် တစ်စက္ကန့်လောက်ရပ်ပြီး စဉ်းစားခဲ့ရင် ဆောင်ရွက်ချက်ကြီး တစ်ခုလုံးဟာ အပိုင်းပိုင်းပြိုကွဲသွားမှာ ဖြစ်ပြီး ကြောက်ရွံ့မှုတွေအဖြစ် ပြောင်းလဲသွားမှာ ဖြစ်တယ်။"________
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်မှာ ငြင်းခုန်ရန်ဖြစ်နေကျ ဖြစ်ပါသည်။ ကိုယ့်ထမင်းကိုယ်စားပြီး ငြင်းခုန်ကြခြင်းဖြစ်သဖြင့် တစ်ယောက်ယောက်က အနိုင်ရမှသာ နားအေးပါသည်။ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည်ဟု ချွေးသိပ်စရာမလိုအောင်လည်း ရင်းနှီးကြပါသည်။ ရှုံးလျှင်လည်း ပြန်ချော့စရာမလိုပါ။
ဝေလေလေစိတ္တဗေဒ အသုံးအနှုန်းနှင့် ပတ်သက်၍ သူအလဲထိုးသွားသည့် အဓိက ဥပမာမှာ သူခိုးဖမ်းပွဲ ဖြစ်ပါသည်။ သူခိုးတစ်ယောက်သည် ညာဘက်လမ်းကို အယောင်ပြ၍ ဘယ်ဘက်လမ်းကို သုံးကာ ထွက်ပြေးသွားသည်။ သူခိုးပြသော အရိပ်ကို လူတစ်ဦးစနှစ်ဦးစက မြင်လိုက်သည်။ ဤတွင် လူအုပ်စုကြီးတစ်ခုလုံးက ညာဘက်လမ်းကို လိုက်ရင်း မယ်တင့်ခြံဝင်းအတွင်းမှာ ရည်းစားနှင့်ချိန်းတွေ့နေသော ကောင်လေးတစ်ယောက်ကို မိသည်။ မိသည့်ကောင်လေးကို ဘာမှဖြေရှင်းခွင့်မပြုကြတော့ဘဲ အရင်ဆုံး တစ်ယောက်တစ်ချက်စီ ၀ိုင်းတွယ်လိုက်သည်။ ကောင်လေးက ရှင်းပြခွင့်တောင်းသောအခါ အသိဥာဏ်ရှိသော လူတစ်ချို့က ရှင်းပြခွင့်ပေးလိုသည်။ ဤအချိန်မှာ အခရာဖြစ်ပါသည်။ ဤအချိန်တွင် လူစုလူဝေးကြီးအနေနှင့် ဘောလုံးပွဲရှုံးနေသော အချိန်မဖြစ်ဖို့ လိုပါသည်။ ဘောလုံးပွဲရှုံးနေသော ဒေါသဖြင့် လူတစ်ဦးတစ်ယောက်က တစ်စုံတစ်ရာအော်လိုက်လျှင် ကျန်သည့်သူများက ထိုအတိုင်းလိုက်လံ ဟစ်အော်ကြမည်ဖြစ်ပြီး တစ်ဦးဦးက မတော်တဆ ခြေနှင့်စကန်လိုက်သည့်နှင့် ရည်းစားနှင့်ချိန်းတွေ့နေသော ကောင်လေးကို သူခိုးဟု ယုံကြည်လိုက်ကြမည်ဖြစ်ပြီး သူခိုးဖမ်းပွဲမှာ လူသတ်ပွဲအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပါသည်။ ဤလူသတ်ပွဲတွင် ကာလသားများကအစ ကွမ်းတိုင်ကိုင်များအဆုံး အမယ်အိုကြီးများအထိ ပါဝင်ဆင်နွှဲနိုင်ပါသည်။ သို့ရာတွင် မည်သူ၏လက်ချက်ဟု မသိနိုင်သော အမည်ဖော်စရာမလိုခြင်း (anonymity) ကို ရရှိမည် ဖြစ်သည်။ ဤကား ဝေလေလေစိတ္တဗေဒပင် ဖြစ်ပါသတည်း။
သင်းနှင့်ကျွန်တော် တူညီသော အချက် နည်းနည်းပါးပါးရှိသည်။ အသံအောင်ခြင်း၊ လက်မြန်ခြင်း စသော တူညီသော အချက်များကို မပြောလိုတော့။ မတူညီသော အချက်မှာကား သင်းကရိုးသားပြီး သတ္တိရှိ၍ ကျွန်တော်က ယုံလွယ်တတ်ခြင်း ဖြစ်လေသည်။

0 comments:
Post a Comment