ကတ်ကြေး အို
ပေါ့သွားတဲ့ခေါင်းကို မော့ရင်း
ကျော့နေအောင် လျှောက်သွားမိတယ်။
အခုလို ဘောင်းဘီအိတ်ထဲက ပိုက်ဆံအကြွေလေးများပြောင်အောင် ဆံပင်ညှပ်ပြီး ပြန်လာပြီဆို အမေက မီးဖိုချောင်ထဲ ဗြက်တောက်ဗြက်တောက်နဲ့ စိတ်ဆိုးလို့ မပြီးနိုင်အောင် ပေါက်ပေါက်ဖောက်နေတော့မှာ မြင်ယောင်သေးရဲ့။
ဟိုးအရင်က ကျွန်တော်တို့နယ်က အိမ်လေးမှာဆိုရင် အဖေအပါအ၀င် ကျွန်တော်တို့ မိသားစုဝင်တွေအားလုံး အမေ့ကတ်ကြေးကြီးအောက်မှာ အမြဲခေါင်းငုံခံ ပေးကြရတယ်။ အမေက တစ်အိမ်လုံးကို ဘယ်ဆံပင်ညှပ်ဆိုင်မှာမှ သွားညှပ်တာမကြိုက်ဘူး။ သူညှပ်ပေးတဲ့ အောက်မှာပဲ မကောင်းလည်းခံ ကောင်းလည်းစံပဲ။ ကျွန်တော့်အစ်မကတော့ “သမီးက ဆံပင်အရှည်ထားမှာ” ဆိုပြီး ရှောင်ပြေးသွားတတ်တယ်။
ပြောသာပြောရတယ်။ အမေက သိပ်လက်ရာကောင်းတယ်ဗျ။ အမေညှပ်ပေးတဲ့ ဆံပင်ကေနဲ့ ကျောင်းမှာ လူတိုင်းက “ဘယ်ဆိုင်မှာညှပ်တာလဲ ပုံ သိပ်ကောင်းတယ်“လို့ ပြောကြတယ်။ ကျွန်တော်ကလည်း အားကျမခံ “အမေညှပ်ပေးတာဗျ” လို့ အသံအကျယ်ကြီးနဲ့ ကြွားတတ်တယ်။
ကျွန်တော်တို့ကို အမေက ဆံပင်ညှပ်ပေးပြီဆိုရင် ခွေးခြေတစ်လုံးပေါ် အဖေ့ကို ထိုင်ခိုင်းပြီး မလျှော်ဖွတ်ရသေးတဲ့ ပုဆိုးတစ်ထည်ကို ဆံပင်ညှပ်ဆိုင်တွေမှာ ကိုယ်လုံးကို ခြုံအုပ်သလိုမျိုး အုပ်ပြီး သူ့ကတ်ကြီးနဲ့ ဘီးနဲ့ တစ်ချပ်ချပ် ခေါက်လိုက် ညှပ်လိုက်နဲ့ ညှပ်ပေးတော့တယ်။
ကျွန်တော့်ငယ်ငယ်ကကျတော့ ကျွန်တော့်အရပ်ကပုနေသေးတော့ အမေက ခါးကုန်းပြီးညှပ်ပေးရတာ ညောင်းလို့ ခွေးခြေပေါ်မှာ ထမင်းစားစားပွဲက ဖင်ထိုင်ခုံအပုလေး တစ်ခုန်ဆင့်ထိုင်ခိုင်းပြီးမှ ကျွန်တော့်ခေါင်းကို သေချာ အားရပါးရ ညှပ်ပေးတယ်လေ။ အခုတော့ အဲဒီခုန်လေးက ကျွန်တော့်အတွက် မဟုတ်တော့ဘဲ ကျွန်တော့်အစ်မအကြီးဆုံးရဲ့ သားလေးအတွက် ဖြစ်နေပါပြီ။ အမေက သူ့မြေးကို ကျွန်တော့်တုန်းကလိုပဲ ခုန်လေးဆင့်လို့ ညှပ်ပေးပါတယ်။
အမေ့ကတ်ကြေးကြီးက ဆံပင်ညှပ်ဆိုင်တွေက ကပ်ကြေးလို စတီးကပ်ကြေး ထိပ်သေးသေးနဲ့ ကတ်ကြေးအချွန်လေးမဟုတ်ပါဘူး။ အထည်ညှပ်တဲ့ သံကတ်ကြေးကြီးပါ။ သံကတ်ကြေးပေမယ့် သိပ်ထက်တယ်။ အမေက ကတ်ကြေး အမြဲသွေးပါတယ်။ အမေကတ်ကြေးသွေးပုံက တစ်မျိုးပါ။ သူများတကာတွေ ဘယ်လို ကတ်ကြေးသွေးကြလည်းတော့ ကျွန်တော်မသိပါဘူး။ အမေကတော့ ကျွန်တော်တို့အိမ်က အုန်းဆီပုလင်း လည်ပင်းကို ကတ်ကြေးနဲ့ ညှပ်ပြီး လက်က စုလိုက်ချဲလိုက်နဲ့ ပုလင်းလည်ရစ်ပေါ်မှာ ကတ်ကြေးကို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး သွေးပါတယ်။ အုန်းဆီနဲနဲပါးပါး ပေတာလေးနဲ့ ကတ်ကြေးက အရမ်းထက်ပြီး အရမ်းပြတ်ပါတယ်။ အခုဆိုရင် ကျွန်တော်တောင် ကျွန်တော့်စားပွဲပေါ်က စာရွက်ညှပ်တဲ့ ကတ်ကြေးလေးကို တခါတလေ ဖန်ခွက်တို့ ဖန်ပုလင်းတို့နဲ့ သွေးနေမိပါတယ်။
အဲဒီကတ်ကြေးကြီးကို အမေက အထည်ညှပ်ရာမှာလည်း သုံးတယ်။ ဆံပင်ညှပ်ရာမှာလည်း သုံးတယ်။ မီးဖိုဆောင်မှာ အသားတွေ၊ အရွက်တွေ ညှပ်ရာမှာလည်း သုံးတယ်။ စက္ကူတွေ ကတ်ထူတွေ ညှပ်တဲ့အခါလည်း သုံးတယ်။ ကျွန်တော်တို့ အရင်အိမ်မှာ အဲဒီအမေ့ကတ်ကြေးကြီး တစ်လက်ပဲရှိပါတယ်။ ခြံထဲက ဆူးပုတ်ရွက်တွေ၊ ကင်မွန်းချဉ်ရွက်တွေကိုလည်း အဲဒီကတ်ကြေးနဲ့ပဲ၊ ဘုရားပန်းကပ်တဲ့အခါ နှင်းဆီတွေဖြတ်တဲ့အခါလည်း အဲဒီအမေ့ကတ်ကြေးကြီးနဲ့ပါပဲ။ အဖေ ဓါတ်ကြိုးလေးတွေ ဖြတ်တဲ့အခါလဲ အဲဒီသံကတ်ကြေးကြီးနဲ့ပါပဲ။ ယုတ်ဆွအဆုံး ကျွန်တော်တို့ တစ်အိမ်လုံးကို အမေက လက်သည်းညှပ်ပေးခဲ့တာလည်း အဲဒီ သံကတ်ကြေးကြီးနဲ့ပါပဲ။
ကျွန်တော်တို့တွေ ခေတ်နဲ့အညီ နေထိုင်သုံးစွဲလာတဲ့အခါကျတော့ ကျွန်တော့်အစ်မက အမေ့ကို “အမေတို့များ ခုထိ အဲဒီကတ်ကြေးကြီးကို သုံးနေတုန်း။ လက်သည်းညှပ်လည်း ဒါပဲ။ ဟင်းချက်တော့လည်း ဒါပဲ။ အဖေ့ကို ဆံပင်ညှပ်တော့လည်း ဒါပဲ။ သူများ ပြောစရာဖြစ်အောင် သိပ်လုပ်တာပဲ” လို့ ပြောပါတယ်။ အဲဒီအခါ အမေက “အောင်မလေး နင်တို့ ငယ်ငယ်ကတည်းက ငါ ဒါနဲ့ ညှပ်ကျွေးလာတာ” လို့ ပြောပါတော့ ကျွန်တော်က ပြုံးမိပါတယ်။
ဒါပေမယ့် အခုတော့ ကျွန်တော်တို့က အဲဒီကပ်ကြေးနဲ့ ဆံပင်ညှပ် မခံတော့ပါဘူး။ Air-con အခန်း နဲ့ Beauty Sloon ဆိုတာတွေမှာ သွားညှပ်ပါတယ်။ ကျွန်တော် သွားလေရာလည်း လက်သည်းညှပ် အသေးလေး အမြဲဆောင်သွား တတ်ပါတယ်။ ရံဖန်ရံခါ ကျွန်တော်က လည်ဆံခပ်ရှည်ရှည်နဲ့ Rock စတိုင်လ်ထားတဲ့အခါ အမေက “လာစမ်း၊ နင့်ခေါင်း” ဆိုပြီးဆွဲညှပ်တော့မှသာ ကန့်လန့်ကန့်လန့်နဲ့ ပါသွားပြီး ညှပ်ဖြစ်ပါတယ်။ အဖေကတော့ ခုထိ အမေ့ ကတ်ကြေးကြီးအောက်မှာ ခေါင်းငုံ့ခံ နေတုန်းပါပဲ။ တခါတလေတော့ ကျွန်တော့်လက်သေးသေးလေးတွေကို အမေ ကတ်ကြေးကြီးနဲ့ ညှပ်ပေးပုံတွေနဲ့ အမေ ကျွန်တော့်ခေါင်းကို ဘီးနဲ့ခေါက်ပြီး ဆံပင်ညှပ်ခဲ့တာတွေကို သတိရနေသေးတယ်။ အခုတော့ အပြင်ဆံပင်ညှပ်ဆိုင်တွေမှာ ညှပ်တာကြာလို့ ကျွန်တော် နေသားကြနေပါပြီ။
ဒါပေမယ့် ကတ်ကြေးကြီးက အရင်လို မဟုတ်တော့ပါဘူး။
အမေ မသွေးနိုင်တော့လို့ သံကြေးတွေ တက်ပြီး အိုနေပါပြီ။
အမေ့မျက်စိတွေကလည်း အတော်မှုန်နေပါပြီ။
အဖေကတော့ ကတ်ကြေးအိုကြီးအောက်မှာ ခုထိ ခေါင်းငုံ့ခံနေတုန်းပါပဲ။

0 comments:
Post a Comment