* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 8, 2009

လက်တစ်ကမ်းမှ ကုသိုလ်များ


ကုသိုလ်တကယ်လိုချင်တယ်ဆိုရင် ဘုရားရှင်သာသနာက (သို့) ဘုရားရှင်ဟောခဲ့တဲ့ ကုသိုလ်ရဖို့ ကုသိုလ် ယူနည်းတွေက ငွေကြေးလည်း မလို၊ အချိန်လည်း မတောင်းဆို၊ အသက်အပိုင်းအခြားလည်း လွှဲချနေစရာမလိုပါဘူး၊ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကလေး ပြုပြင်ပေးဖို့ပဲ လိုတာပါ။
စိတ်ဓာတ်ကလေးသာ ပြုပြင်တတ်မယ်ဆိုလျှင် မေမေ့လပြည့်ဝန်းလေးတို့တစ်တွေရဲ့ လက်တစ်ကမ်းမှာ လူမပန်း, ငွေမကုန်ပဲ ယူနိုင်တဲ့ ကောင်းမှုကုသိုလ်တွေမြောက်များစွာ ရှိနေတယ်။ ဒါပေမယ့် လူတော်တော် များများကတော့ လူသိရှင်ကြား ပြုလုပ်ရတဲ့ ကုသိုလ်မှ ကောင်းမှုကုသိုလ်လို့ထင်ကာ ဂုဏ်ယူနေကြတာ များပါတယ်။ ကိုယ့်လက်တစ်ကမ်းမှာ လူမပန်း, ငွေကြေးအထူးကုန်ကျစရာမလိုပဲ ရနိုင်တဲ့ ကုသိုလ်တွေထဲမှာ သူတစ်ပါးသိတဲ့ ကုသိုလ်ရှိသလို/ သူတစ်ပါးမသိနိုင်တဲ့ ကုသိုလ်တွေလည်း ရှိပါတယ်။
ဥပမာ- တံမြက်လှဲခြင်း, ရေချမ်းစဉ်မှာ ရေကုသိုလ်ပြုခြင်း စသည်ကတော့ သူတစ်မြင်နိုင်တဲ့ လူမပင်ပန်း, ငွေလည်း အထူးကုန်ကျစရာမလိုတဲ့ ကုသိုလ်မျိုးပါ။

ဘုရားဂုဏ်တော်ပွားများနေခြင်း၊ လမ်းလျောက်ရင်း၊ အိပ်ရင်း၊ ရိုးရိုးထိုင်ရင်း၊ ထမင်းစားရင်းစသည်မှာ သတိလေးထားပြီး တရားဘာဝနာပွားများနေခြင်း စသည်များကတော့ ဘယ်သူမှ ကိုယ်လုပ်နေတာကို မသိနိုင်တဲ့ ကုသိုလ်မျိုးပါ။ ဘုရားဂုဏ်တော်ပွားများတာ သူတစ်ပါးသိအောင်ဆိုပြီး စိပ်ပုတီးကြီး တကိုင်ကိုင်နဲ့ ဆိုရင်တော့ သူတစ်ပါးသိမှာပေါ့ဗျာ။ တကယ်တော့ စိပ်ပုတီးဆိုတာက အရေအတွက်အကြိမ်တွေကို သိချင်တဲ့လူတွေအတွက်တော့ ဘုရားဂုဏ်တော်စသည်ပွားရာမှာလိုတာပါ။ တကယ် သူတစ်ပါးမသိအောင် ကုသိုလ်လုပ်ချင်၊ မကြွားချင်တဲ့ သူတွေအတွက်တော့ စိပ်ပုတီးဟာ အပိုပါဘဲ။ စိတ်ထဲကနေ “အရဟံ=ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား”စသည်ဆိုပြီး ဘုရားဂုဏ်တော်တစ်ခုခုကို အာရုံပြုနေမယ်ဆိုရင် ဒါဟာ ဘုရားဂုဏ်တော်ကို ပွားများနေတာပါဘဲ (သို့) ဘာဝနာအလုပ် လုပ်နေတာပါ။ ဘုရားဟောပိဋကတ်တော်တွေထဲမှာ စိပ်ပုတီးနဲ့ပတ်သက်လို့ ဘယ်နေရာမှာမှ ပြဆိုမထားပါဘူး။ စိပ်ပုတီး စိပ်ခြင်းသည် ထေရ၀ါဒအလိုအရ မဟုတ်ဘူးလို့ဆိုလိုတာပါ။ ကုသိုလ်ရဖို့အရေး သူသည် အဓိကမကျဘူးပေါ့ဗျာ။

သူတစ်ပါးမမြင်နိုင်တဲ့ လူမပန်း, ငွေကြေးအထူးကုန်ကျစရာမလိုတဲ့ ကုသိုလ်ယူနည်းတွေထဲမှာ သင်ထမင်း စားပြီးတဲ့အခါမှာလည်း ယူနိုင်ပါတယ်။ ဘယ်လိုလည်းဆိုတော့ သင်စားပြီးတဲ့ စားကြွင်း၊ စားကျန်များကို သတိလက်လွတ် ဒီအတိုင်း စွန့်ပစ်လိုက်မည့် အစား... “ဒီစားကြွင်း၊ စားကျန်းများကို” စားနိုင်တဲ့ ပိုးကောင်းလေးများ စိတ်ချမ်းမြေ့စွာ စားနိုင်ကြပါစေလို့ စိတ်ထားလိုက်ရင် စွန့်ပစ်ပစ္စည်းက ရွှေဖြစ်တာပေါ့။ ရွှေထက်တန်ဖိုးကြီးတဲ့ ဒါနကုသိုလ်၊ မေတ္တာကုသိုလ်စသည့် ကုသိုလ်တွေရတာပေါ့။
နောက် ကျွန်တော်တို့ လက်သည်း ခြေသည်းညှပ်တဲ့အခါမှာလည်း လူမပန်း, ငွေကျေးမကုန်တဲ့ ကုသိုလ်ယူနိုင်ပါတယ်။ ဘယ်လိုလည်းဆိုတော့ ကျွန်တော်တို့ရဲ့ လက်သည်း ခြေသည်းများကို ပုရွက်ဆိတ် ကလေးများက စားသုန်းကျပါတယ်။ မေမေ့လပြည့်ဝန်းလေးဆို လက်သည်း ခြေသည်းများ ကိုက်တဲ့အခါတိုင်း သတိထားမိတယ် ပုရွက်ဆိတ်ကလေးတွေ ချီယူနေကြတာကို။ အဲဒီတော့ သတိလက်လွတ် ကိုက်ပစ် လိုက်မည့်အစား ပုရွတ်ဆိတ်ကလေးများ ခြေသည်း လက်သည်းများကို စိတ်ချမ်းမြေ့စွာ စားသောက် နိုင်ကြပါစေလို့ စိတ်ထဲကနေ ထားလိုက်ရင် သူတစ်ပါးမသိတဲ့, လူမပန်း, ငွေမကုန်တဲ့ ဒါနကုသိုလ်၊ မေတ္တာကုသိုလ်စသည့် ကုသိုလ်များရတာပဲ။ လက်သည်းခြေသည်းကိုက်ရင်း ဒီထက်မြင့်တဲ့ ကုသိုလ် ယူချင်ရင်တော့ အသုဘဘာဝနာဆင်ခြင်နိုင်တာပေါ့။ ဒီလက်သည်းများ အသုန်းမကျလို့ စွန့်ပစ်ရသလို တစ်နေ့ ကိုယ့်ခန္ဓာကိုယ်ပါ စွန့်ပစ်ရမှာပါလား စသည်ပေါ့။
ဒါက လူမပန်း, ငွေကျေးမကုန်ပဲ ကိုယ့်လက်တစ်ကမ်းမှာ ရယူနိုင်တဲ့ ကုသိုလ်တွေပါ။ ဒီကုသိုလ် -၂-ခုကိုတော့ မေမေ့လပြည့်ဝန်းလေး ထာဝရလုပ်ဖြစ်ပါတယ်။ မေမေ့လပြည့်ဝန်းလေး ကုသိုလ်ယူတဲ့ နည်းကို စာဖတ်သူများ ယူလိုက ယူနိုင်အောင် တင်ပြတာပါ။ ဒါဆို အလှူကြီးတွေကို ပေးစရာမလိုဘူးလားလို့တော့ မေးနဲ့နော်။ အခုတင်ပြတာက ကုသိုလ်ကို နေ့စဉ်အလုပ်ထဲကနေ မပင်မပန်း ယူနိုင်တဲ့ နည်းလေးတွေကို တင်ပြတာနော်။
နောက် ယနေ့ သိပ္ပံခေတ်မှာ လူမပန်း, ငွေကြေးအထူးကုန်ကျစရာမလိုပဲ ယူနိုင်တဲ့ ကုသိုလ်ထပ်တိုးလာတယ်။ ဘာလဲဆိုတော့ ကိုယ့်ရဲ့ ဘလော့ဂ်လေးတွေ၊ ၀က်ဘ်ဆိုက်လေးတွေကနေ အများအကျိုးရှိမည့် ဘာသာရေး၊ လူမှုရေးအသိပညာပေးစာတမ်းများ ရေးသားတာတွေ၊ တရားတော်များ ဖြန့်ဝေပေးတာ၊ တရားစာအုပ်များ ဖြန့်ဝေပေးတာလေးတွေစသည်စသည်ပါ။ သူတစ်ပါးကိုယ်ပြောသလို ကိုယ်ကိုယ်တိုင်လည်း ကျင့်သုန်းမယ်ဆိုတဲ့ စိတ်ထားနဲ့လုပ်မည် ဆိုလျှင် ကိုယ်ကိုယ်တိုင်လည်း စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကိုလည်း ခံစားရမယ်၊ သူတစ်ပါးလည်း ခံစားရမှာပါ။ သူတစ်ပါးသာ ရေးသားပြောပြပြီး ကိုယ်ကိုယ်တိုင်က မလိုက်နာဘူးဆိုလျှင်တော့ စာဖတ်သူကသာ ခံစားသွားရပြီး၊ စာရေးသူက “သူတစ်ပါးနွား အငှားကျောင်းတဲ့ နွားကျောင်းသား နွားနို့ မသောက်ရသလို” ဖြစ်သွားမှာနော်၊ သူများကို ကိုယ်ပြောပြတိုင်း သတိထား။ အဲဒီတော့ ကိုယ့်ကိုယ်ကို နွားကျောင်းသား အဖြစ်မခံချင်ရင် ကိုယ်ကိုယ်တိုင်က ပြောတဲ့ အရာကို ကိုယ်ကိုယ်တိုင်က “တစ်နံပါတ်”အနေနဲ့ ကျင့်ဖို့က အလွန်လိုအပ်တာပေါ့။ နောက် ကိုယ်မကျင့်ပဲ သူတစ်ပါးကို ချပြရတာကလည်း ကျေနပ်မှုရှိလှမှာ မဟုတ်ဘူးလို့ မေမေ့လပြည့်ဝန်းလေးခံစားမိပါတယ်။ မယုံရင် သေချာစဉ်းစားကြည့်လိုက်ပါ၊ “အော် ငါကိုယ်တိုင်မှ မလုပ်နိုင်တဲ့အရာ သူတစ်ပါးကို ပြောမိပြီ/ခိုင်းမိပြီ” ဆိုပြီး သင်ခံစားရမယ်လို့ တင်ပါတယ်။ အဓိက မေမေ့လပြည့်ဝန်းလေးတင်ပြချင်တာ ကျွန်တော်တို့လက်တစ်ကမ်းမှာ မပင်မပန်း၊ ငွေကြေးလည်း အထူးကုန်ကျစရာမလိုပဲ ရယူနိုင်တဲ့ ကုသိုလ်များကို တင်ပြချင်တဲ့ ဆန္ဒပါ။

သူတစ်ပါးလည်း မသိ၊ လူလည်းမပန်း/ငွေးကြေးလည်း အထူးကုန်ကျစရာမလိုတဲ့ ထူးမြတ်တဲ့ ကုသိုလ်များ သင့်လက်တစ်ကမ်းကနေဆည်းပူး ယူနိုင်ကြပါစေ..

မေတ္တာဖြင့် မေမေ့လပြည့်ဝန်းလေး



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP