* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 2, 2009

ငြိမ်းချမ်းရေးတာဝန်

ဓမ္မစာပေများ

ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်မောင်မယ်များအနေဖြင့် ၁၆ကြိမ်မြောက်အဖြစ် ၁၂.၈.၂၀၀၉ ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ပေါင်းလောင်းကျေးရွာရှိ မူလတန်းကျောင်း ပျက်ဆီးနေမှုများ ပြုပြင်ဆောက်လုပ်ရန်အတွက် အလှူငွေ ငါးသိန်း(၅၀၀၀၀၀ိ/- ကျပ်)ကို ဒေါ်ဆွေဆွေလှ (၉/ပမန (နိုင်) ၀၅၈၅၉၃) ထံသို့ ဒေါ်ခင်မေလွင်သမီး မနီလာမြင့်အောင် (၁၄/ဖပန (နိုင်) ၁၄၉၀၉၅) မှ ပျဉ်းမနား(ရိုးမဘဏ်)ကို ပေးပို့လှူဒါန်းခဲ့သည်။ ၁၄.၈.၂၀၀၉ ရက်နေ့တွင် အမှတ်(၂)ရပ် ကွက်၊ ကနီမြို့၊ မုံရွာခရိုင်၊ စစ်ကိုင်းတိုင်းရှိ အနောက်တောရကျောင်းဆောက်လုပ်ရန်အတွက် မတည်အလှူငွေ ငါးသိန်း (၅၀၀၀၀၀ိ/- ကျပ်)ကို မသန္တာဦး (ဗကညီညီရှိန်၏ဇနီး) (အမှတ်-၄၅၊ ၆-လွှာ၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာ လမ်း၊ တာမွေမြို့ နယ်) ထံသို့ သွားရောက်လှူဒါန်းခဲ့သည်။ ၁၅.၈.၂၀၀၉ ရက်နေ့တွင် သာသနမာမက ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းကျောင်း၊ ၁၂လမ်း၊ ကာယရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းအတွက် (ဆရာမ ၆ဦးအား တစ်လစာ လစာပေးရန် တစ်သိန်း ရှစ်သောင်းကျပ် (၁၈၀၀၀၀ိ/-)နှင့် ကျောင်းဆောင်နံရံတည် ဆောက်ရန် နှစ်သိန်းခုနစ်သောင်းရှစ်ရာကျပ် (၂၇၀၈၀၀ိ/-)တို့ကို ကျောင်းအုပ်ဆရာတော် ဦးဣန္ဒာစရိယအား ထေရ၀ါဒလူငယ်များ အနေဖြင့် အသီးသီး သွားရောက်လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းခဲ့သည့်ငွေမှာ တစ်ဆယ့်လေးသိန်း ငါးသောင်း ရှစ်ရာ (၁၄၅၈၀၀ိ/- ကျပ်)ဖြစ်ပါသည်။

ထိုသို့ လှူဒါန်းနိုင်ရန် ကျောင်းများအလိုက် ကောက်ခံရရှိမှု အလှူငွေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ကျောင်းအမည် ကောက်ခံရရှိသော အလှူငွေ
MEPhI 10290 Rubles
MAI 9330
MIET 6488
BMSTU 3320
MIPT 5300
MSMU 2110
MUCTR 1920
MATI 1840
MSTU 790
TOTAL 44888 Rubles

လှူဒါန်းခဲ့သော မှတ်တမ်းဓါတ်ပုံ၊ အလှူငွေလက်ခံရရှိမှုဖြတ်ပိုင်း၊ ငွေလွှဲဘောင်ချာတို့အား ၀မ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်စေရန် ဤနေရာတွင် ဖော်ပြအပ်ပါသည်။

မိမိတို့လှူဒါန်းခဲ့သော အလှူများ (တစ်နည်း) ကျရာတာဝန်ကိုထမ်းဆောင်ခဲ့သော အရာများသည် မိမိနှလုံးသား၊ မိမိနိုင်ငံမှ အစပြု၍ လောကကြီးငြိမ်းချမ်းအောင် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်ကို အနည်းငယ်တင်ပြလိုပါသည်။

အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း။ ရောင့်ရဲမှုသည် အလွန်ကဲဆုံး ဥစ္စာတည်း။ ချစ်ကျွမ်းဝင်သူသည် အလွန်ကဲဆုံး ဆွေမျိုးတည်း။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ဟု ဓမ္မပဒ သုခ၀ဂ်မှာ လာသည့်အတိုင်း မိမိတို့၏ ဖြူစင်လှသော ငွေကြေးများကို တပ်မက်သောတဏှာ ရောဂါကင်းအောင်၊ လျော့အောင် ကြိုးစားလှူဒါန်းကြသည်။ ရရှိသောငွေကြေးများကို အတတ်နိုင်ဆုံး ခြွေတာသုံးစွဲကာ ရောင့်ရဲမှုဖြင့် ကြိုးစားလှူဒါန်းကြသည်။ လိုအပ်လျှက်ရှိသော နေရာများတွင်လည်း မေတ္တာကရုဏာ သက်ဝင်စွာဖြင့် စေတနာအထွတ်မြတ်ထားကာ လှူဒါန်းခဲ့ကြသည်။ နိဗ္ဗာန်တည်း ဟူသော ချမ်းသာကို ရလိုသော ဆန္ဒဖြင့်လည်း လှူဒါန်းကြသည်။ ဤသည်ပင် ချမ်းသာခြင်းသုခဖြစ်သကဲ့သို့ မြင့်မြတ်သော ဒါန ဟုလည်းခေါ်ဆိုနိုင်ပေမည်။

မြင့်မြတ်သည်ဆိုသည်မှာလည်း မိမိတို့ လုပ်ဆောင်လိုက်သော အလုပ်တွေ၊ ပြောဆိုမှုတွေ၊ ကြံတွေးမှုတွေသည် တစ်စုံ တစ်ရာသော အကျိုးတွေကို မမျှော်ကိုးပဲ ကိုယ့်မှာကျရောက်လာတဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်မယ်လို့ အားခဲလျှက် စေတနာအရင်းခံ သက်သက်ဖြင့် လုပ်ဆောင်ခြင်းကို မြင့်မြတ်သူတို့လုပ်ရပ်၊ မြင့်မြတ်တယ်လို့ ခေါ်ဆိုနိုင်မှာဖြစ်သည်။ ထိုသို့ဆိုလျှင် မြင့်မြတ်သောဒါနဆိုသည်မှာလည်း အမှန်တကယ်လိုအပ်လျှက်ရှိသော နေရာများကို ကာယကံ မေတ္တာထား၍ မိမိတတ်အားသရွေ့ လှူဒါန်း၊ ပေးကမ်း၊ စွန့်ကြဲခြင်းအမှုတွေကို စေတနာအရင်းခံထားပြီး တာဝန်ကျေ အောင် ဆောက်ရွက်ခြင်းဖြစ်သည်။

တာဝန်ဆိုသည်မှာလည်း နေရာယူလိုခြင်းသဘော မဟုတ်ပဲ ရရာ ရောက်ရာမှာ ထမ်းရွက်ခြင်းဖြစ်သည်။ ခေါင်းဆောင်မှ တာဝန်ရှိသည်မဟုတ် လက်အောက်ငယ်သားတွင်လည်း ဆိုင်ရာတာဝန်ရှိသည်။ လူသားတိုင်းတွင်လည်း ဆိုင်ရာတာဝန် ရှိသည်။ ၀ိသယှဇာတ်တော်မှ ၀ိသယှသူဋ္ဌေး၏ တာဝန်သိမှု၊ တာဝန်ကျေမှုမှာ အံ့လောက်ဖွယ်ရာဖြစ်၏။ အနည်းငယ်ဖော်ပြ ရလျှင် ၀ိသယှသူဋ္ဌေးသည် သူ့မှာရှိသော စည်းစိမ်ဥစ္စာများကို နေ့စဉ်လှူဒါန်းလိုက်သည်မှာ နောက်ဆုံး ပစ္စည်းဥစ္စာတွေ အကုန်စင်အောင် လှူဒါန်းခဲ့သည်။ ဥစ္စာမရှိသော်ငြားလည်း မြက်ရိတ်ရောင်းစားပြီး မြက်ရိတ်ခကို မစားဘဲ ဆက်၍လှူခဲ့သည်။ ခုနှစ်ရက်တိုင်တိုင် မယားနှင့်တကွ အစာငတ်အခံ၍ မူးမေ့သည်တိုင်အောင် လှူဒါန်းခဲ့ကြသည်။ ထိုသို့သော မြင့်မြတ်သူတို့လုပ်ရပ်၊ ဆောင်ရွက်ချက်ကြောင့်ပင် သိကြားမင်း ဗိမာန်တောင် တုန်ခါနိုင်လောက်အောင် စွမ်းအားတွေ ဖြစ်ခဲ့ရသည်။

ဝိသယှသူဋ္ဌေး၏ ရင်ထဲတွင် တပ်မက်မှုတဏှာ အဘယ်မျှလောက် ကုန်ခမ်းနေမည်ဆိုတာ တွေးဆကြည့်လျှင် ကြက်သီးများပင် ထလောက်ပါ၏။ တပ်မက်မှုတဏှာဆိုသော အရာသည်လည်း ပယ်သတ်ဖို့ရာ အတော်ပင် ခက်ခဲသည်မှာ မှန်ပေသည်။ တဏှာကို တရားကိုယ်ကောက်လျှင် လောဘဖြစ်သည်။ လောဘဆိုသော လိုချင်မှုရမ္မက်သည်လည်း ရသလောက်နှင့်သာ ကျေနပ်ပါပြီ၊ တင်းတိမ်ပါပြီဟူ၍ မရှိပဲ ရသလောက်ကို လက်ခံတတ်သော သဘောရှိပေသည်။ ထို့သို့ လောဘကို ပယ်သတ်ရန်မှာ လိုချင်လျှင်ဆင်းရဲ၊ မလိုချင်လျှင် ချမ်းသာဟု နှလုံးမူ၍ အကြမ်းနုအားဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ သမထ၀ိပဿနာပွားများခြင်း အမှုတို့ဖြင့် ပယ်သတ်ရမည်ဖြစ်သည်။ တက်မက်မှု၊ လိုချင်မှု ကင်းမှသာလျှင် မိမိ၏နှလုံးသား၊ မိမိ၏နိုင်ငံမှ အစပြု၍ လောကကြီး ငြိမ်းချမ်းနေမည် ဖြစ်သည်။ တပ်မက်မှု အားကြီးနေသမျှ ကာလပတ်လုံး လောကကြီး ဘယ်သောအခါမှ ငြိမ်းချမ်းလိမ့်မည်မဟုတ်ပေ။

လောကကြီး ငြိမ်းချမ်းအောင် ဆောင်ရွက်ရာတွင်လည်း လူသားတိုင်းတွင် တာဝန်ရှိသည်။ လူသားတိုင်း ဆောင်ရွက် သင့်သောအရာဖြစ်သည်။ ဤသည်မှာလည်း သမိုင်းကပေးသော မိမိတာဝန်ပင်ဖြစ်သည်။ ထိုကဲ့သို့ တာဝန်တွေ ဆောင်ရွက်ရာမှာ မိမိရင်ထဲမှာ ကိန်းအောင်းနေသော တပ်မက်မှုတဏှာ နည်းအောင်၊ မိမိ၏ ကိုယ်ကျိုးကို ပဓာနမထားပဲ အများအကျိုးဆောင်ရွက်လိုသော စေတနာ၊ ဆန္ဒတွေကို တတ်အားသရွေ့ဆောင်ရွက်ရင်း မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။

လောကကြီး ငြိမ်းချမ်းရေးကို ဦးတည်၍ မိမိနိုင်ငံ မိမိလူမျိုး ငြိမ်းချမ်းသာယာရေးအတွက် အမှန်တကယ်လိုအပ်လျှက်ရှိ သော နေရာများကို ရွေးချယ်လှူဒါန်းစေလိုသည်။ တာဝန်ကိုယ်စီ ရှိသည်ဟု မှတ်ယူစေလိုသည်။ မိမိအတ္တနှင့်ယှဉ်သော အရာများကို ချိုးနှိမ်၍ အများအတွက် ဆောင်ရွက်လိုသော စိတ်ထားများကို မွေးမြူစေလိုသည်။ မိမိသဏ္ဍာန်တွင် ကိန်းအောင်းလျက်ရှိသော တပ်မက်မှု၊ တွန့်တိုမှု၊ နှမြေမှု၊ မပေးကမ်းလိုမှု စသော တရားများကို တစ တစ စွန့်လွှတ် စေချင်သည်။ ဤသို့သော တရားများကို ကျင့်ဆောင်ခြင်း၊ ဆောင်ရွက်ခြင်းသည်ပင်လျှင် လောကကြီး ငြိမ်းချမ်းအောင် မိမိကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း တင်ပြရင်း မိမိတို့လှူဒါန်းခဲ့သော လှူဒါန်းမှုအစုအစုတို့ကို သာဓုခေါ်ဆို၍ စာဖတ်သူများ အသိတရား တိုးပွားရရှိကြပါစေ။

ရေးသည့်စာမူ၊ ရေးသည့်ကြောင်းရာ၊ ရေးပုံဟန်သွင်၊ ယူထားသုံးနှုန်း၊ မနှစ်ဦးက၊ သီးခံပြုရန်၊ ဦးစွာပန်၏။

ငါဘိတတ်ခြင်း၊ ငါသိခြင်းနှင့်၊ ကျော်ဇော်ဂုတ်သတင်း၊ မရှိဧကန်၊ ဖြစ်ရိုးမှန်၏။

ဆိုသည့်စကား၊ သစ္စာထား၍၊ များသည့်ဝေနေ၊ သတ္တာဝါထွေ၊ ကာယသုခ၊ ပြည့်စုံလှ၍၊ ဒုက္ခဘယ၊ ကင်းစင်လှစေသောဝ်။

အမောင်(ရေနံ့သာ)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP