* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 2, 2009

ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ)


မနက်ဖြန် တော်သလင်းလပြည့်နေ့ ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ)အခါတော်နေ့ ဖြစ်ပါတယ်။
မင်းတုန်းဘုရင်လက်ထက်တွင်၎င်း၊ ဘိုးတော်မင်းတရားလက်ထက်တွင် ၄င်း ဂရုဓမ္မအမိန့်တော်ပြန်တမ်းကို ဆင်ပေါ်တင် ၍ လေးပြင်လေးရပ်လှည့်လည်ပြီး ငါးပါးသီလ စောင့်ထိန်းကြရန် တိုင်းသူပြည်သားတို့ အားနှိုးဆော်လေ့ရှိပါသည်။

၁၁၄၆ခု၊ ဘိုးတော်မင်းတရားလက်ထက် ထုတ်ပြန်သော ဂရုဓမ္မ အမိန့်တော်ပြန်တမ်း

ပြည်သူ လူတကာ သတ္တ၀ါအပေါင်းတို့ ယခုဝါဆိုကာလ ရောက်ပြီ

သူ့အသက်သတ်ခြင်း၊
သူ့ဥစ္စာခိုးခြင်း၊
သူ့အိမ်ရာ ပြစ်မှားခြင်း၊
မဟုတ်မမှန်သောစကားကို ဆိုခြင်း၊
သေရည်သေရက်ကို သောက်ခြင်း

တရားငါးပါးကို မကြည်မရှောင် ပြုကုန်သော သူတို့သည် ငရဲ၊ တိရ စ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံ၌ တလူးလာလာ နစ်မွန်းကုန်ရာသည်။

တရားငါးပါးကို ကြဉ်ရှောင်၍ အလှူပေးခြင်း၊ သီတင်းသီလ ဆောက်တည်ခြင်းကို ပြုသောသူတို့သည် လူမင်း နတ်မင်း စည်းစိမ်ကို ခံစား၍ နတ်ရွာ နိဗ္ဗာန်ချမ်းသာသို့ ရောက်ရာသည်ကို အသင် နှလုံးသွင်းလျက် သရဏဂုံသုံးပါး၊ ပဉ္စသီငါးပါး၊ အဋ္ဌသီရှစ်ပါး တို့ကို မပြတ်ဆောက်တည်ကြကုန်။

ထိုပြန်တမ်းကို ...နှစ်စဉ် ၀ါဆိုလဆန်း ၅ရက်နေ့ ရောက်တိုင်း ဆင်ပေါ်တင်၍ လူ ၅၀ ထမ်းရသော တရားစည်ကြီးကို တီးပြီး ၀င်းခင်း၍ ကြီးစွာသော ရွှေမောင်းကြီးကို တီးခတ်ကာ လှည့်လည် ဖတ်ကြား ကြောင်းမှတ်သားရပါသည်။

လယ်တီဆရာတော် သြ၀ါဒ

ငါးပါးသီလ၊ လူတရားကို မမှားစေမှု၊ အလေးပြု။
မြွေဆိုး ၊ ကျားဆိုး၊ ဘီလူးဆိုးကို ၊ မတိုးဝံ့ငြား၊ ဝေးစွာရှားသို့။
ငါးပါးသီလ၊ မရှိကြသူ ၊လူ မသူတော် ၊ လူပျက်ချော်ကို ၊ အဖော်မပြု ၊ ဝေးစေမှု။

သီလပျက်စီးသူ ၏ အပြစ်ငါးပါး

၁။ စည်းစိမ်ပျက်လျှင်း၊
၂။ သတင်းဆိုးနှံ့၊
၃။ ကြောက်ရွံ့ပရိသာ၊
၎။ သေခါတွေဝေ၊
၅။ သေငရဲလား ၊ ပြစ်ငါးပါး၊ မှတ်သား ဒုဿီလ။

သီလစောင့်ထိန်းသူ၏ အကျိုးငါးပါး။

၁။ စည်းစိမ်ရလျှင်း၊
၂။ သတင်းကောင်းနှံ့၊
၃။ မရွံ့ပရိသာ၊
၎။ သေခါမတွေ၊
၅။ သေနတ်ရွာလား ၊ ကျိုးငါးပါး၊ မှတ်သား သီလ၀န္တ။ (တိပိဋကဓရ၊ ဆရာတော် ဦးဝိစိတ္တရေးသည်။)


မြတ်စွာဘုရား ဟောကြားခဲ့သော ဂရုဓမ္မဇာတ်တော် နှင့် ဂရုဓမ္မအခါတော်နေ့ ပေါ်ပေါက်လာရခြင်း အကြောင်းကိုလည်း မှတ်သား လိုပါက...ဧရာဝတီစာကြည့်တိုက် တွင်ဖတ်ရှုနိုင်ပါတယ်။ ဂရုဓမ္မအခါတော်နေ့ မှာ ငါးပါးသီလ ကို လုံခြုံအောင် စောင့်ထိန်းကြပါစို့လို့ လဲတိုက်တွန်းအပ်ပါတယ်။

ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ

ပဉ္စသီငါးဖြာ ကိုယ်ကျင့်တရားကို၊ ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်း ဒီပြည် ရန်စစ်ခင်းလို့၊ လူနှင့် လူချင်း သတ်ကာနေ။
ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။
ပဉ္စငါးပါး ကိုယ်ကျင့်တရား၊ ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ ဗုဒ္ဓ၀ါဒ ကမ္ဘာက သိပါစေ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP