ဤသို့လျှင် သင်တို့ ကျင့်ရမည်...
သုဝဏ္ဏနိက္ခသုတ်
သာဝတ္ထိနိဒါန်း။ ။ရဟန်းတို့ ... ငါဘုရားသည်...
ဤအသျှင်သည် ရွှေစင်တစ်နိက္ခဟူသော အကြောင်းကြောင့် သော်လည်း။ပ။ ရွှေစင်နိက္ခတစ်ရာ ဟူသော အကြောင်းကြောင့် သော်လည်း။ သိင်္ဂနိက်ရွှေ တစ်နိက္ခ ဟူသော အကြောင်းကြောင့် သော်လည်း။ သိင်္ဂနိက်ရွှေ နိက္ခတစ်ရာ ဟူသော အကြောင်းကြောင့် သော်လည်း။ ရွှေဖြင့် ပြည့်သော မဟာပထဝီမြေ ဟူသော အကြောင်းကြောင့် သော်လည်း။ တစ်စုံတစ်ခုသော အာမိသဟူသော အကြောင်းကြောင့် သော်လည်း။ အသက်ဟူသော အကြောင်းကြောင့် သော်လည်း။ ဇနပုဒ်၌ ကောင်းခြင်းငါးရပ် ပြည့်စုံလတ်သည့် မိန်းမမြတ်ဟူသော အကြောင်းကြောင့်သော်လည်း။ သိလျက် ချွတ်ယွင်းသော စကားကို မဆိုရာ'' ဟု အချို့သော ပုဂ္ဂိုလ်၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏။
ထိုသူကို တစ်ပါးသော အခါ၌ လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံး ယူငင်အပ်သော စိတ် ရှိသည်ဖြစ်၍ သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုနေသည်ကို တွေ့မြင်ရ၏၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု ဟောတော်မူ၏။ 169
၃ - သုဝဏ္ဏနိက္ခသုတ်၊ ဒုတိယဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။

သာဓု... သာဓု... သာဓု...။
ငါ၏ ရှေ့မှာလည်း ကျင်ကြီးပုံကြီးသည် ရှိ၏ဟု....
မီဠှကသုတ် - (မီဠှ= ကျင်ကြီး၊ မစင်)
သာဝတ္ထိနိဒါန်း။ ။ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ဥပမာသော်ကား ကျင်ကြီးကို စားသော မစင်ပိုးသည် ကျင်ကြီးဖြင့် ပြည့်နှက်၏၊ ထိုပိုး၏ ရှေ့မှာလည်း ကျင်ကြီးပုံကြီးသည် ရှိ၏၊ ထိုကျင်ကြီးစားသော မစင်ပိုးသည် ထိုကျင်ကြီးဖြင့် တစ်ပါးသော မစင်ပိုးတို့ကို ''ငါသည် ကျင်ကြီးကို စား၏၊ ကျင်ကြီးဖြင့် ပြည့်နှက်၏၊ ငါ၏ ရှေ့မှာလည်း ကျင်ကြီးပုံကြီးသည် ရှိ၏'' ဟု မထီမဲ့မြင်ပြုရာ၏၊
ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ နံနက်အခါ၌ ကောင်းစွာ ဝတ်ရုံလျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရွာသို့ဖြစ်စေ၊ နိဂုံးသြို့ဖစ်စေ ဆွမ်းအလို့ငှါ ဝင်၏၊ ထို ရဟန်းသည် ထိုရွာ၌ အလိုရှိတိုင်း ဆွမ်းစားပြီးသည်လည်း ဖြစ်၏၊ နက်ဖြန် စားရန်အလို့ငှါ ဖိတ်ထားသော ဆွမ်းသည်လည်း ရှိ၏၊ ထိုရဟန်းအား သပိတ်ပြည့်သော ဆွမ်းလည်း ရှိ၏၊
ကျောင်းအရံသို့သွား၍ ရဟန်းအပေါင်းအလယ်၌ ကြုံးဝါး၏-
''ငါသည် ဆွမ်းကို အလိုရှိတိုင်း စားပြီးပြီ၊ နက်ဖြန် စားရန်အလို့ငှါ ဖိတ်ထားသော ဆွမ်းလည်း ရှိသေး၏၊ ငါ့အား သပိတ်ပြည့်သော ဆွမ်းလည်း ရှိ၏၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ ဆေး အသုံးအဆောင် တို့ကိုလည်း ရ၏၊ တစ်ပါးကုန်သော ဤရဟန်းတို့သည်ကား နည်းသော ဘုန်းကံရှိကုန်၏၊ နည်းသော တန်ခိုးရှိကုန်၏၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကိုလည်း မရကုန်'' ဟု ကြုံးဝါး၏၊ ထိုရဟန်းသည် လာဘ်ပူဇော်သကာ အကျော်အစောဖြင့် နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ သီလရှိကုန်သော အခြားရဟန်းတို့ကို မထီမဲ့မြင် ပြု၏။
ရဟန်းတို့ ထိုသို့မှတ်ထင်ခြင်းသည် ထိုမဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားအား ရှည်စွာသော နေ့ညဥ့်တို့ ပတ်လုံး အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော် သကာ အကျော်အစောသည် ခက်ထန်၏။ပ။
ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု ဟောတော်မူ၏။ 161
၅ - မီဠှကသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။

0 comments:
Post a Comment