ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ်
အမှာ
ဝတ္ထုရေးသမားတစ်ယောက်၊ သတင်းစာသမား၊ တစ်ယောက်က လောကုတ္တရာရေးဆိုင်ရာ “စိတ်သဘော” အကြောင်းကို ကိုယ်တွေ့ အနေဖြင့် ရေးသားခြင်းအတွက် အံ့သြမိသူများလည်း ရှိကြပေလိမ့်မည်။ သို့ ဖြစ်ရ သည့်အထဲတွင် ပါဠိပါဋ္ဌ်သားများ မပါရှိရုံသာမက ရေးပုံရေးနည်းမှာလည်း ပြတ်ပြတ်တောက်တောက် တင်းတင်းမာမာရှိလှသည်ဟု စွပ်စွဲဖွယ် ရှိသည့်အတွက်ကြောင့် အနည်းငယ် ဖြေရှင်းလိုပါသည်။
စာအရေးအသားနှင့်ပတ်သတ်၍ ကောင်းပုံကောင်းနည်း အမျိုးမျိုးရှိကြသည့်အနက် သာယာနာပျော်ဖွယ် ရှိအောင် ပျော့ပျော့ပျောင်းပျောင်း ညက်ညက်ညောညောနှင့် နူးညံ့သိမ်မွေ့ စွာ ရေးသားခြင်းအားဖြင့် စာဖတ်သူ ၏စိတ်ဓါတ်ကို နူးညွတ်၍ပါလာအောင် ဆွဲဆောင်နည်းကားတစ်မျိုး၊ အဓိပ္ပါယ်ပေါ်လွင်မှုနှင့် ရှင်းလင်းစေမှုကိုသာ အလေးပေး၍ ဒိုးဒိုးဒေါက်ဒေါက်နှင့် ဖြန်းဖြန်းကွဲရေးသားနည်းလည်း တစ်မျိုးရှိပါသည်။ လောကုတ္တရာရေးရာနှင့် ပတ်သတ်သည့် စာပေမျိုးမှာ ဒုတိယနည်းမျိုးထက် ပထမနည်းမျိုးသည် သာ၍သင့်လျော်ခြင်းကိုလည်းကောင်း၊ ရှေးအဆက်ဆက်က ဆရာ့ဆရာတော်ကြီးများသည် အများအားဖြင့် ပထမနည်းအတိုင်း စီရင်ရေးသားကြသည့် အစဉ်အလာရှိခြင်းကို လည်းကောင်း ကျွန်ုပ်နားလည်၍ ၀န်ခံပါသည်။ သို့ ရာတွင် ကျွန်ုပ်အဖို့ မှာ ရေးပုံရေးနည်းနှင့်ပတ်သတ်၍ အစဉ်အလာအတိုင်း မလိုက်နာနိုင်အောင် ဖြစ်ရသည့် အကြောင်းနှစ်ရပ် ရှိပါသည်။
ပထမအကြောင်းမှာ အထက်ပါကောင်းနည်းနှစ်ရပ်ရှိသည့်အနက် ကျွန်ုပ်ကိုယ်နှိုက်က ဒုတိယရေးနည်းကို ပို၍ နှစ်သက်လာခဲ့သူ ဖြစ်ပါသည်။ တစ်သက်ပတ်လုံး ရေးခဲ့ရသည်များမှာလည်း စွန့် စားခန်းများ၊ စုံထောက်ခန်းများ၊ သတင်းစာခေါင်းကြီးများ၊ ဝေဖန်ချက်များ စသည်တို့ ဖြစ်ပေရာ ၄င်းတို့ မှာ ပထမရေးနည်းမျိုးထက် ဒုတိယရေးနည်းမျိုးသည် သာ၍လျော်ကန်သည်ဟု ထင်မြင်ပါသည်။ ဤတွင် ကျွန်ုပ်၏အကြိုက်နှင့် ကျွန်ုပ်၏အလုပ် ကိုက်ညီလျက်ရှိသည်ဖြစ်၍ တစ်သက်ပတ်လုံး ကျွတ်ကျွတ်ဆတ်ဆတ်ရေးတတ်သော အလေ့အထုံတစ်ခု ဖြစ်လာခဲ့ပါသည်။
ဒုတိယအကြောင်းမှာ ကျွန်ုပ်သည် “စိတ်သဘာဝ” အစရှိသည့် လောကုတ္တရာရေးရာ ဆောင်းပါးမျိုးကို “ဒေါသ” ပယ်နိုင်သော အဆင့်သို့ ရောက်ကာမှ တိုင်းပြည်သို့  ရေးသားတင်ပြမည်ဟု ကြံရွယ်ထားခဲ့ပါသော်လည်း (ကျွန်ုပ်၏ “ဖြောင့်ချက်” ဆောင်းပါးများတွင် ရှင်းလင်းဖော်ပြခဲ့ဖူးသည့်အတိုင်း) မခံချင်သော အချင်းအရာများနှင့် ရင်ဆိုင်ရသည်ဖြစ်သောကြောင့် ယခုထက်ရင့်ကျက်အောင် မဆိုင်းတော့ဘဲ တုံ့ ပြန်သောအနေဖြင့် ရေးသားရသည်တွင် “ကိုယ်ရည်သွေး” ဟု စွပ်စွဲချင်စရာများလည်း ပါရှိကောင်း ပါရှိပေလိမ့်မည်။ ကိုယ်ရည်သွေးသည်ဟု အထင်ရောက်သည်နှင့် တစ်ပြိုင်နက် စာဖတ်သူသည် စာရေးသူအပေါ်တွင် အထင်သေးတတ်ခြင်းကိုလည်း ကျွန်ုပ်နားလည်ပါသည်။
စာဖတ်သူများအား ကျွန်ုပ်တောင်းပန်လိုသည်မှာ အထက်ပါအကြောင်းများကြောင့် ကျွန်ုပ်၏စာတွင် အလင်္ကာဒေါသ ငြိစွန်းခြင်း အစရှိသော အပြစ်မျိုးကို ခွင့်လွှတ်၍ ကျွန်ုပ်ဆိုလိုသော အဓိပ္ပါယ်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြမှုရှိ မရှိ၊ အထောက်အထား အကိုးအကားများသည် သဘာဝကျ မကျ အစရှိသည့် အချက်များကိုသာ ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်၍ ဆုံးဖြတ်စေလိုပါသည်။
အချုပ်၌ ကျွန်ုပ်၏စာများသည် ပရိသတ်ကိုချော့၍ ဆွဲခြင်းမဟုတ်။ ငေါက်၍ပြောသည့် သဘောမျိုးပင် အချို့ နေရာ၌ ပါရှိသည်ဖြစ်ရာ ဟုတ် မဟုတ်၊ မှန် မမှန်၊ သဘာဝကျ မကျသည်သာ လိုရင်ဖြစ်၍ ပြတ်ပြတ်သားသား စဉ်းစားတတ်သူများအဖို့  အထူးသဖြင့် ရည်ရွယ်ရေးသားသည့် စာများဖြစ်ပါသတည်း။
ရွှေဥဒေါင်း
၂၈-၆-၆၀
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁)
ဒီစာအုပ်ဟာ ကျွန်တော်ခဏခဏဖတ်ဖြစ်တဲ့ စာအုပ်များထဲမှ တစ်အုပ်ဖြစ်ပါတယ်။ စာအုပ်လေးက ပါးပါးလေးပါ။ ဆရာကြီးကတော့ ဒီစာအုပ်ကို သူ့ ရဲ့ ဘာသာရေး စာပေ တွေထဲမှာ Masterpiece လို့ သတ်မှတ်ထားခဲ့ ပုံရပါတယ်။ ဆရာကြီးကို တော်တော်များ များက ဘာသာပြန်စာပေတွေနှင့်ဘဲ အသိများကြပါတယ်။ နောက်ပြီး သူ့ ရဲ့ ဘ၀တစ်သက်စာ မှတ်တမ်းစာအုပ်အထူကြီးကိုလည်းတော်တော်လေးသိကြပါတယ်။
ကျွန်တော် မြန်မာနိုင်ငံပြင်ပရောက်လာတော့ ဒီစာအုပ်ကို အင်တာနက်ပေါ်မှာရှာကြည့်တာ မတွေ့ ပါဘူး။ နီးစပ်တဲ့ပုဂ္ဂိုလ်တွေကို မေးကြည့်တော့လည်း မရှိကြပါဘူး။ အဲဒါနှင့် မြန်မာပြည် ပြန်မှာလိုက်တာ အခုလက်ထဲတော့ ရောက်လာပါပြီ။ ဆူနာမီဆရာတော်က ဒီစာအုပ်ကို ဖတ်ပြထားတဲ့ MP3 ခွေတော့ ရှိပါတယ်။ နောက်တစ်ခုက တချို့ က အကြားအာရုံထက် အမြင်အာရုံအားသန်တဲ့သူတွေက စာလေးဖတ်လိုက်ရမှ အားရကြတာရှိပါတယ်။ ဒါကြောင့်အခုစာအုပ်ကို နဲနဲချင်း တင်သွားမယ်လို့ စိတ်ကူးပါတယ်။
ဆရာကြီးရဲ့ ဘာသာရေးစာပေအယူအဆတွေနှင့်ပတ်သက်ပြီး သူ့ လက်ထက်ကစလို့ ယခုအချိန်အထိ ဝေဖန်ခံ နေရဆဲဖြစ်ပါတယ်။ ကျွန်တော့်ကတော့ သူ့ ရဲ့ စာရေးဟန်နှင့် ဘာသာရေးအပေါ် ရိုးသားမှုကို သဘောကျ ပါတယ်။ ဒီစာအုပ်နှင့်ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲလွဲမှုတွေရှိပါတယ်။ ကျွန်တော့်အနေနှင့် ကတော့ စာဖတ်သူများ ကိုယ်တိုင် ဖတ်ရှု ဝေဖန်၊ စမ်းသပ်ကြည့်ပြီး သင့်တော်မယ်ထင်တာကို ယူပြီး၊ မသင့်တော်ဘူး ထင်တာကို ပယ်လိုက်တာက ပိုကောင်းလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့်မူရင်းအတိုင်းဘဲ အကုန်ဖော်ပြပေးသွား ပါမယ်ခင်ဗျား။
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂)
ကျွန်ုပ်တွေ့ သော စိတ်သဘာဝ (၁)
ဆိုက်ကိုလိုဂျီပညာဖြင့် သက္ကာယဒိဋ္ဌိ မပြုတ်နိုင်
ဗုဒ္ဓ၏နည်းဖြင့်သာ တတ်နိုင်သည်
ဥပုသ်ဇရပ်တစ်ခု၌ “စာတတ်ပေတတ်” ခေါ်ကြသော လူကြီးနှစ်ယောက်နှင့် ဆုံမိကြရာ တစ်ယောက်က-
“ကျွန်တော်တို့ တစ်တွေအကြောင်းကို ခင်ဗျားက မဂ္ဂဇင်းထဲမှာ ရေးတယ်ဆို၊ ကျွန်တော်တို့ ကတော့ မဂ္ဂဇင်းဖတ်တဲ့အထဲက မဟုတ်ပါဘူး။ သူများကပြောလို့ ကြားရတာပါ။”
ကျွန်ုပ်။ ။ “ဘယ်လိုရေးတယ် ကြားလို့ လဲခင်ဗျာ”
ဒု-လူကြီး။ ။ “ကျွန်တော်တို့ ကစာတတ်ရုံသာတတ်တယ်၊ ခင်ဗျားကတော့လက်တွေ့ အလုပ်လုပ်တယ်ဆို”
ကျွန်ုပ်။ ။ “ခင်ဗျားတို့ လဲ လက်တွေ့ အလုပ်လုပ်တယ်ဆိုလျင် ကျွန်တော်ရေးတဲ့ စာတတ်ပေတတ်တွေထဲမှာ ခင်ဗျားတို့ မပါဘူးပေါ့။”
ပ-လူကြီး။ ။ “ကျွန်တော်တို့ လက်တွေ့ လုပ်တယ်လို့ တော့ မပြောလိုပါဘူး။ သို့ သော် ခင်ဗျားလက်တွေ့ လုပ်ပုံ က ဘယ်လိုလဲသိပါရစေ။”
ကျွန်ုပ်။ ။ (အကြံတစ်ခု ပေါ်လာသည်နှင့်) “နှုတ်နဲ့ တော့ ရေလည်အောင် ပြောမပြတတ်ဘူးခင်ဗျာ။ မဂ္ဂဇင်းထဲမှာ ကျွန်တော်ရေးပြမယ်။ ဖတ်ကြည့်ကြတော့”
ဒု-လူကြီး။ ။ “ကျွန်တော်တို့ က မဂ္ဂဇင်းဖတ်တဲ့ လူစားမျိုး မဟုတ်ဘူး ခင်ဗျ။”
ကျွန်ုပ်။ ။ “ဒီလိုဆို ခင်ဗျားတို့ ဆုံးရှုံးတာပေါ့။”
ဒု-လူကြီး။ ။ “ခင်ဗျာ၊ ဘယ်လိုများ ဆုံးရှုံးပါလိမ့်”
ကျွန်ုပ်။ ။ “ဆုံးရှုံးတာကတော့ ဒီလိုပါ။ ကျွန်တော်အလုပ်လုပ်ပုံကို ခင်ဗျားတို့ ကသိချင်လို့  မေးတယ် မဟုတ်လား။ ကျွန်တော့် အဖြေကို မဂ္ဂဇင်းထဲမှာ ခင်ဗျားတို့ ဖတ်မကြည့်လိုဘူးဆိုလျင် ခင်ဗျားတို့ သိချင်တာ မသိရတဲ့အတွက် ခင်ဗျားတို့ ဆုံးရှုံးတာပေါ့။”
ပ-လူကြီး။ ။ “သြော်.....ဒီလိုလား။ ဒါဖြင့်လဲ စောင့်ဖတ်ကြရသေးတာပေါ့ဗျာ။ ဘယ်တော့လောက် ရေးမှာလဲ”
ကျွန်ုပ်။ ။ “မူလတုန်းကတော့ ရေးဖို့ မကြံရွယ်သေးပါဘူး။ ခင်ဗျားတို့ နဲ့ တွေ့ ရလို့ ရှေ့ အပတ် ရေးပို့ မယ် ကြံတယ်။ ကျွန်တော် တွေ့ တာ မြင်တာ ရေးပေမယ့် စာနဲ့ မကိုက်လျှင် ပြောပြပေါ့ဗျာ”
ဒု-လူကြီး။ ။ “ခင်ဗျားစာနဲ့ ညှိပြီး ရေးမယ်မဟုတ်လား”
ကျွန်ုပ်။ ။ “ဒီလိုရှိပါတယ်။ ကျွန်တော် တရုတ်ပြည်သွားလို့ ပြန်လာတော့ ကျွန်တော်မြင်ခဲ့တွေ့ ခဲ့တာတွေ ရေးပြရာမှာ ဘယ်စာနဲ့ မှ ကျွန်တော်ညှိမနေဘူး။ ကိုယ်တွေ့ ခဲ့တာတွေ ကိုယ်ရေးတာပဲ။ လက်တွေ့ ဆိုလျှင် ဒီလိုပဲ ဖြစ်ရမယ် မဟုတ်ဘူးလား”
နှစ်ယောက်စလုံး။ ။ “တယ်လာတဲ့ လူပါကလား”
ကျွန်ုပ်။ ။ “ကျွန်တော်ရေးပြတာ တရုတ်ပြည်မဟုတ်သေးဘူး ဆိုလျင်လဲ ခင်ဗျားတို့ က ပြောပြပေါ့”
ပ-လူကြီး။ ။ “ဒီလောက်ပဲ သေချာသလားဗျာ”
ကျွန်ုပ်။ ။ “ကိုယ်ဖြစ်တာ တွေ့ တာတွေကို ရေးတာလောက်တော့ သေချာတာပေါ့။ သို့ သော် ကျွန်တော် ရောက်ခဲ့တာဟာ ပီကင်းမဟုတ်သေးဘူ။ စာဆိုနဲ့ မကိုက်သေးဘူးဆိုလျှင်လဲ ဝေဖန်နိုင်ခွင့်ရှိတယ်”
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃)
ရဟန်းပြုဖူးခြင်း
ကျွန်ုပ်မှာ `တရားသမား `တစ်ယောက်၏ နာမည်မျိုးထွက်ခဲ့ပုံ ရသော်လည်း မိရိုးဖလာအားဖြင့် `တရားသမား ` မိဘနှစ်ပါးတို့ မှ ပေါက်ဖွားခဲ့၍ မဂ်ဆိုက် ဖိုလ်ဆိုက် အားထုတ်ခဲ့သော ဆရာတော်ကြီးတစ်ပါး၏
တပည့်ဖြစ်သည်။ တစ်ဖက်တွင် ဆရာတော်ဘုရားနှင့် မိဘနှစ်ပါးတို့ ၏ အကျင့်သီလနှင့် သြ၀ါဒသည် လည်းကောင်း၊ အခြားတစ်ဖက်တွင် အဖော်အပေါင်းနှင့် ခပ်ပျော်ပျော် နေချင်တတ်သည့် ကျွန်ုပ်၏ ၀ါဒနာသည်လည်းကောင်း လွန်ဆွဲသကဲ့သို့  ဖြစ်ခဲ့ရာတွင် တစ်ဖက်တစ်လှည့်စီ ပါခဲ့မိသည်။ သို့ သော်
လူတစ်ယောက်၌ အဆိုးနှင့် အကောင်း ယှဉ်တွဲလျက်ရှိရာတွင် (အကောင်းချည်းသက်သက်ဆိုသောလူမှာ တကယ်ရှားလိမ့်မည်ထင်သည် ) အဆိုးဘက်က ပို၍နာမည်ထွက်ခြင်းမှာ လောက၏ ဓမ္မတာဖြစ်၏ ။ သို့ ဖြစ်၍ ‘‘ ပျော်ချင်တတ်သောရွှေဥဒေါင်း ’’ ဟူ၍သာ လူသိများဟန်ရှိ၍ သားမယားကို စွန့် ပစ်ပြီး ရဟန်းပြု၍
အားထုတ်ခဲ့ဖူးသော အဖြစ်ကိုမူ လူသိနည်းပုံ ရသည်။ သို့ သော် ၃၅နှစ်အရွယ်တွင် ရဟန်းပြုပြီး မဂ်တရား ဖိုလ်တရားအတွက် အကြိတ်အနယ်အားထုတ်ခဲ့ဖူးခြင်းကား အမှန်ဖြစ်ပါသည်။ သို့ သော် တောရကျောင်း တစ်ကျောင်း၌ငှက်ဖျား ဖျား၍ မိဘများ၏ တောင်းပန်ချက် အရ ၅၂ ရက်နှင့်ပင်လူဝတ်လဲခဲ့ရပေသည်။
နှစ်သက်သောနည်းများ
ရဟန်းပြုခဲ့စဉ်က အထက်ပါ ငယ်ဆရာတော်၏ နည်းနာနိသျှအတိုင်းသော်လည်းကောင်း၊ ထို့ နောက် ဤခေတ်တွင် ပေါ်ပေါက်လျက်ရှိသော (မဂ်ပေါက်ဖိုလ်ပေါက်ဆိုသည့်) နည်းနာနိသျှအမျိုးမျိုးအတိုင်းသော် လည်းကောင်၊ ကျင့်ကြံအားထုတ်ခဲ့ဖူးရာ ကျွန်ုပ်အနှစ်သက်ဆုံးသောနည်းမှာ စိတ္တာနုပဿနာခေါ် ၀ိပဿနာ ရှုနည်းနှင့် မာလုကျပုတ္တနှင့် ဗာဟိရတို့ အား ဗုဒ္ဓကိုယ်တော်တိုင် ညွှန်ပြသည့် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းပင်ဖြစ်ပါသည်။
စိတ္တာနုပဿနာရှုပုံ
ကျွန်ုပ်သည် စိတ္တနုပဿနာရှုမှတ်ရာ၌ အတွင်းနှင့်အပြင် (အာရုံနှင့်အာရမ္မဏိက) တိုက်မိခြင်းဖြစ်ပေါ်လာသည့် (၀ိဥာဏ်) စိတ်ကိုသိအောင် ကြိုးစားပါသည်။ ဥပမာ မျက်စိနှင့် အဆင်းတိုက်မိသော အခါ “မြင်စိတ်” ဖြစ်လာခြင်းကိုသိ၍၊ နားနှင့်အသံတိုက်မိသောအခါ “ကြားစိတ်” ဖြစ်လာသည်ဟု သိအောင် သတိပြုကာ စောင့်ကြည့်ပါသည်။ ဒွါရခြောက်ပါးရှိသည့်အနက် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယတည်းဟူသော ဒွါရများ၌ တိုက်မိခြင်းထက် မနောဒွါရနှင့် ဓမ္မာရုံတို့ တိုက်မိခြင်းသည် အကြိမ်ပေါင်းများစွာပိုမိုသည်ဟု တွေ့ ရပါသည်။ (ဆိုလိုရင်းမှာ လူသတ္တ၀ါသည် ကြံစည်စိတ်ကူးနေခြင်းများဖြင့် အချိန်ကုန်ကြရသည်ဟု သိရသည်ဟူလို) ယင်းကဲ့သို့ စိတ်ဖြစ်တိုင်း သိအောင်ရှုမှတ်ရာတွင် ပထမ၌ တစ်ခုတည်းသောစိတ်ကလေးသည် မြင်ချည်တစ်ခါ၊ ကြားချည်တစ်လှည့်၊ စဉ်းစားချည်တစ်ဖုံ၊ တောင်ခုန်မြောက်ခုန် ခုန်လျက်ရှိသည်ဟု မှတ်ထင်မိပါသည်။
သဲလွန်စရခြင်း
ထိုကဲ့သို့ သတိမြဲမြဲရှုမှတ်၍ တစ်နှစ်ခွဲခန့် ကြာရှိသောအခါ တစ်နေ့ သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုကို ကြည့်လျက် ရှိစဉ် တစ်ယောက်သောသူက ကျွန်ုပ်၏နာမည်ကို ခေါ်လိုက်သည်နှင့် ရုတ်ကနဲ လှည့်ကြည့်လိုက်ရာတွင် ဘွားကနဲ အသိဉာဏ်တစ်ခု ပေါ်လာ၍ ဒိတ်ကနဲဖြစ်သွားပါသည်။ ကျွန်ုပ်သိလိုက်ရသည်မှာကား အသံကြား၍လှည့်ကြည့်လိုက်သော တစ်ခဏတွင် “မြင်စိတ်” ချုပ်သွား၍ “ကြားစိတ်” ဖြစ်ပေါ်လာသည်ဟူသော အသိဉာဉ်ပင်ဖြစ်သည်။ ကျွန်ုပ်မှာထိုအသိဉာဏ်ကြောင့် အလန့် တကြားနှင့် တအံ့တသြ ဖြစ်သွားမိပါသည်။ ဤတွင်တစ်ခုတည်းသောစိတ်က ဤမှထိုမှ ခုန်နေခြင်းမဟုတ်။ တစ်အာရုံအပြီးတွင် ကုန်ဆုံးသွာ၍ အခြားတစ်အာရုံတွင် အသစ်ဖြစ်လာသည်ဟု ထိုးထွင်း၍ သိမြင်လိုက်ခြင်းဖြစ်သည်။ ဤတွင် ငယ်စဉ်က ဆရာတော်ဘုရားသင်ကြားခဲ့သည့် “ဓူရင်္ဂမံ ဧကစာရံ” ဟူသောပါဠိတော်အရ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်ခြင်းဆိုသည်ကို အသည်းနှလုံးတည်းမှ သဘောကျနိုင်သဖြင့် အကြီးအကျယ် ၀မ်းသာမိပါတော့သည်။ ထိုအချိန်မှစ၍ ကျွန်ုပ်မှာ စိတ်အကြောင်းကို လက်တွေ့ သိမြင်ခြင်းနှင့် ပတ်သတ်၍ သဲလွန်စရခဲ့ပါသည်။
ဥဒယဗ္ဗယဉာဏ်ပေါ်ခြင်း
စာပေသမားဝိုင်းတစ်ခုတွင် စကားစပ်မိသည်နှင့် ဤအဖြစ်အပျက်ကို ပြောပြမိရာ “ခင်ဗျားကစိတ်အကြောင်းကို ခုမှသိတာကိုးဗျ။ မြတ်စွာဘုရားက ဓူရင်္ဂမံ-ဧကစာရံ အသရိရံ-ဂူဟာသယံ လို့  ဟောထားတယ် မဟုတ်ဘူးလားဗျ” ဟု ၀ိုင်း၍ပြောကြသည်။ ဤသို့ သောအခြင်းအရာမျိုးကြောင့် “စာသမားများ” နှင့် ဆွေးနွေးခြင်းကို ကျွန်ုပ်ရှောင်ကွင်းခဲ့ခြင်းဖြစ်သည်။ သို့ သော် ၄င်းတို့ အနက် တစ်ယောက်သောသူက စဉ်းစားဉာဏ်ရှိပုံရသည်။ ထိုသူက “ခင်ဗျားဖြစ်ပုံ ကောင်းတယ်ဗျ။ စိတ်၏ ဖြစ်ပျက်ခြင်းသဘောတရားကို ယထာဘူတကျကျ မြင်လိုက်ခြင်းဖြစ်လို့ မို့  ဥဒယဗ္ဗယဉာဏ်လို့ ခေါ်ထိုက်တယ်ဗျ။ နောက်နောင် ဘ၀များမှာ ဒီဉာဏ်ဟာ ခင်းဗျာ့အဖို့  မဂ်အခြေဖိုလ်အခြေဖြစ်ပြီး အထောက်အပံ့ဖြစ်စေနိုင်ပါတယ်” ဟုပြောဖော်ရပါသည်။ ကျွန်ုပ်သည် ဥဒယဗ္ဗယဉာဏ်ပေါ်ခြင်းကို လက်ခံသော်လည်း နောင်ဘ၀များကျကာမှ အထောက်အပံ့ဖြစ်ရမည် ဆိုချက်ကိုမူ ၀မ်းထဲက ကျိတ်၍ ပြုံးမိပါတော့သည်။
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄)
ဒိဋ္ဌေဒိဋ္ဌမတံ္တ
ကျွန်ုပ်သည် သောတာပန် ပုဂ္ဂိုလ်အကြောင်းရင်းနှင့် ပတ်သက်၍ နိကာယ်ကျမ်းများကို မွှေနှောက်ရှာဖွေရင်း အတ္တုပ္ပတ္တိကို ဖတ်ရှုမိရာ ‘‘ဒိဋ္ဌေဒိဋ္ဌမတံ္တ ’‘ ဟူသော ဗုဒ္ဓ၏ သြ၀ါဒကို အလွန်နှစ်သက်၍ ပီတိဖြစ်သည့်အလျောက်
၎င်းနည်းအတိုင်း အားထုတ်ဖို့  သန္နိဋ္ဌာန်ချလိုက်သည်။
စိတ်ရိုးရိုး သဘာဝ
ဒိဋ္ဌေဒိဋ္ဌမတံ္တ ဟူသော ပါဠိတော်အရမှာ မြင်ကာမတ္တ၊ ကြားကာမတ္တ၊ နံကာမတ္တ စသည်ဖြင့် အာရုံ ၆ပါးတို့ ၌ မိမိ၏စိတ်ကို ‘‘ ဘရိတ်အုပ် ’’ ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အနည်းငယ် ရှင်းလင်းရသော် အသံတစ်ခုကြားလျှင်
ဘာသံဟူ၍ပင် မစဉ်းစားစေဘဲ စိတ်ကို ထိန်းထားရမည့်အဓိပ္ပာယ်မျိုး ဖြစ်၏။ အခြားသော ဒွါရပေါက်များ တွင်လည်း ဤအတိုင်းပင်။ ဒွါရခြောက်ပေါက်အနက် မနောဒွါရသည် ထိန်းချုပ်ရန် အခက်ဆုံးဖြစ်သည်ကို တွေ့ ရ၏ ။ ဥပမာ လမ်းပေါ်မှ အော်ဟစ်သံကြားလိုက်ရသည့်အခါ ‘‘ ဘယ်သူ့ အသံပါလိမ့်၊ ဘာကြောင့်အော်ပါလိမ့်၊
ရန်ဖြစ်ကြတာလေလား၊ ငါ့အိမ်သားများနဲ့  ရန်ဖြစ်ကြလေရော့လား၊ ဟိုဘက်အိမ်က လူများနဲ့  မနေ့ က စကားများကြဖူးတယ်၊ သူတို့ ဟာ တယ်ဆိုးတဲ့ လူတွေပဲ၊ အသံကတော့ မိန်းမသံပဲ၊ ရန်တွေ့ တာနဲ့  တူတယ် ’’ စသည်များဖြင့် ရှည်လျားစွာ စဉ်းစားမိတတ်လေတော့သည်။ ဤကား ပြုလုပ်နေကျ စိတ်သဘာဝပေတည်း။
ကြံစည်ခြင်းဖြင့် အချိန်ဖြုန်းခြင်း
ထို့ ပြင် ၎င်းသြ၀ါဒအတိုင်း ကြိုးစား၍ အားထုတ်သောအခါ အာရုံတစ်ခုအကြောင်းနှင့် ပတ်သက်၍ ရှည်းလျားစွာ လိုက်ပြီး စိတ်မကူးရဟု ဆိုခြင်းအားဖြင့် လွန်လေပြီးသော အတိတ်ကာလအကြောင်း၊ မဖြစ်သေးသော အနာဂတ်ကာလအကြောင်းများကို စိတ်မကူးရ ဟူသော အဓိပ္ပာယ်တွေ့ ရှိရသည်။ စိတ်သည် ပစ္စုပ္ပန်တည့်တည့် အပေါ်၌ မနေတတ်ဘဲ ရှေ့ အကြောင်း နောက်အကြောင်းများကို စဉ်းစားချင်တတ်သော သဘာဝရှိ၏ ။ မြင်ခြင်း ၊ ကြားခြင်း ၊ နံခြင်း ၊ လျက်ခြင်း ၊ ထိတွေ့ ခြင်းစသော ပဉ္စာရုံများနှင့် မကြုံကြိုက်ပြန်လျှင်လည်း လွန်လေပြီးသော အဖြစ်အပျက်များ သို့ တည်းမဟုတ် ရှေ့ အဖို့  မည်ကဲ့သို့ ပြုလုပ်မည်ဟူသော အကြံအစည်၊ မည်ကဲ့သို့  ဖြစ်လိမ့်မည်ထင်သည် ဟူသော မှန်းဆချက်၊ မည်ကဲ့သို့  ပြုလုပ်လျှင် ကောင်းပါမည်နည်း ဟူသောစိတ်ကူးတွေး တောချက်များဖြင့် အချိန်ကုန်လျက်ရှိသည်ကို တွေ့ ရသည်။ လွန်လေပြီးသော အဖြစ်အပျက်များနှင့် ပတ်သက်၍လည်း ဤသို့ ပြုမိခဲ့၍သာ တော်ပေတော့သည်။ ထိုသို့ ပြုမိခဲ့လျှင်ကိုယ်ကျိုးနည်းရချေရဲ့ ဆိုကာ
ကိုယ့်ဟာကိုယ် ကျေနပ်ခြင်း၊ ဤသို့ ပြုမိ၍ ခံရသည်၊ ထိုသို့ ပြုမိပါလျှင် တော်လေဦးမည် စသည်ဖြင့် ကိုယ့်ဟာကိုယ် မကျေနပ်ခြင်း စသည်များဖြင့် အချိန်ကုန်တတ်သော သဘာဝရှိသည် ကို တွေ့ ရသည်။
နီးစပ်ရာ ကူးကျော်ပုံ
ထိုကဲ့သို့  စူးစူးစိုက်စိုက် စဉ်းစားဆင်ခြင်ရန် ပြဿနာမရှိသော အခါများတွင်လည်း စိတ်ကလေး အလုပ်လုပ် တတ်ပုံမှာ အတော်ဆန်းကြယ်၏။ ဥပမာ မိတ်ဆွေတစ်ယောက် လေယာဉ်ပျံနှင့် ဆိုက်ရောက်မည့် အကြောင်းကို ဖျတ်ခနဲ သတိရလိုက်မိသည့်အခါ `` ခုတလောမှာ လေယာဉ်ပျံတွေက သိပ်စိတ်မချရဘူး။ ကမ္ဘာမှာ လေယာဉ်ပျံ ပျက်ကျတဲ့သတင်းတွေ ခဏခဏကြားရတယ်။ မန္တလေး ၀ါးတန်းက ‘ ရေချို ’ကိုအေး မောင်တစ်ယောက် ကံကောင်းလို့ ပါလား၊ ဒါထက် ငါးပိရေချိုမစားရတာ တော်တော်ကြာသွားပြီ။ ငံပြာရည်ဖျော်နဲ့ ချည်း စားရတာ ငြီးငွေ့ နေပြီ။ မြိတ်ငံပြာရည်စစ်စစ်ရလျှင်လဲ တော်သေးရဲ့ ၊ တစ်ပြည်လုံး နှံ့ နေအောင်ရောက်ဖူးပြီဆိုပေမယ့် မြိတ်တစ်ခုတော့ ငါမရောက်သေးဘူး။ ပင်လယ်ကူးသင်္ဘောလဲ စီးဖူးအောင် မြိတ်ကိုတော့ တစ်ခေါက်လောက် သွားလည်ဦးမှပဲ။ ဒါပေမယ့် သင်္ဘောစီးချင်းစီးရင်း ဗုဒ္ဓဇယန္တိပွဲတော်ကြီးအတွင်းမှာ အိန္ဒိယ သွားလည်လျှင်တော့ တစ်ဝက်ခနှုန်း ရတယ်ဆိုပဲ။ ဒါပေမယ့် ပတ် ( စ်)ပုတ်အတွက် အခက်အခဲများ ရှိနေဦမလား မဆိုနိုင်ဘူး။ အစိုးရက ငါလိုလူကျမှ ကြေးထူချင် ထူနေဦးမယ် ’’ စသည်များဖြင့် တရှည်တလျားကြီးကူးကျော်ပြေးလွှား တတ်လေသည်။
စိတ်ကလေး၏ ကူးကျော်ပြေးလွှားပုံ အခြင်းအရာမှာ ငယ်စဉ်က ရဖူးသည့် လင်္ကာကလေးတစ်ပုဒ်နှင့် တူလှသည်။
ဘုရားကျွန်တော်
တောင်ပေါ်ကျွန်းက
ဆင်တော်တစ်စီး
အမြီးငွေလိပ်
လိပ်သည့်သင်ဖြူး
ဖြူးသည့်လေညင်း
ညင်းသည့်အမည်း
မည်းသည့်မီးသွေး
သွေးသည့်နံ့ သာ
သာသည့်လမင်း........စသည်ဖြင့် အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့် လင်္ကာတစ်ပုဒ် ပေတည်း။ စိတ်သည်လည်း အထက်တွင် ဖော်ပြခဲ့သည့် ဥပမာကဲ့သို့  အခြားအရေးကြီးသော အာရုံတစ်ခုနှင့် မတိုက်မချင်း ရှည်လျားစွာ ကူးကျော်ပြေးလွှားတတ်သည်ကို တွေ့ ရသည်။
ပစ္စုပ္ပန်တည့်တည့်
ဤခေတ်တွင် ၀ိပဿနာတရား အားထုတ်ကြသော ပုဂ္ဂိုလ်များသည် ပစ္စုပ္ပန်တည့်တည့်ထားရမည်ဟူသော စကားကို အသုံးပြုတတ်ကြသည်။ ၎င်းတို့ ဆိုလိုပုံရသည်မှာ မိမိတို့  အားထုတ်သော ကမ္မဋ္ဌာန်းအာရုံတည့်တည့် အပေါ်၌သာ စိတ်ကိုထားရမည်ဟု ပြောလိုဟန်တူသည်။ ‘‘ ဒိဋ္ဌေဒိဋ္ဌမတံ္တ ’’ ဟူသော သြ၀ါဒအရ အားထုတ်သော သူအဖို့ မှာ ကမ္မဋ္ဌာန်းအာရုံဟူ၍ အထူးတလည်မရှိ ။ အာရုံနှင့် အာရမ္မဏိက တိုက်ခိုက်၍ ဖြစ်ပေါ်လာသည့် ( ၀ိညာဉ် ) အသိစိတ်ကလေး ဖြစ်တိုင်း ဖြစ်တိုင်း သိစေ၍ ရှေ့ လျှောက်ပြီး တရှည်တလျားကြီး ကူးကျော်ပြေးလွှား ခြင်း မပြုစေရန် သတိဖြင့် စောင့်ထိန်းထားရသော အလုပ်မျှသာ ရှိသေးသည်။ တစ်နည်းဆိုသော် ကျရောက်လေ သမျှသော အာရုံ တို့ ကိုသိ၍ အတိတ် အနာဂတ်တို့ ကို မလိုက်စေပဲ ပစ္စုပ္ပန် တည့်တည့်အပေါ်တွင် အခါခပ်သိမ်း ထားရခြင်းပင် ဖြစ်သည်။ ကမ္မဋ္ဌာန်းအာရုံဟူ၍ အထူးတလည်မရှိဘဲ အလုပ်တစ်ခုလုံးမှာ မိမိ၏စိတ်ကို ပစ္စုပ္ပန် တည့်တည့်အပေါ်၌ အခါခပ်သိမ်းတည်နေစေဖို့ ပင် ဖြစ်သည်။
စဉ်းစားစိတ်ကူးခြင်း၊ တွေးတောကြံဆခြင်း ဟူသမျှသည် ပစ္စုပ္ပန်တည့်တည့်ထားခြင်း မဟုတ်သောကြောင့် ပယ်ဖျက်ထားရာ၏ ။ အသံတစ်ခု ကြားလိုက်ရသည့်အခါ ‘‘ ဘာသံပါလိမ့် ’’ ဟူ၍ ဆင်ခြင်ခြင်းသည် ပစ္စုပ္ပန် တည့်တည့် မဟုတ်တော့ချေ။ အသံသည် ကုန်ဆုံးသွားပြီဖြစ်၍ ထိုအသံအကြောင်းကို ဆင်ခြင်တွေးတောမိခြင်း သည် အတိတ်ဖြစ်သော အခြင်းအရာကို စဉ်းစားဆင်ခြင်ခြင်းမျှသာ ဖြစ်သည်ဟု နားလည်ရပေမည်။ သို့ မှ သာလျှင် ‘‘ကြားကာမတ္တ၊ မြင်ကာမတ္တ’’ ဟူသော သြ၀ါဒနှင့် ကိုက်ညီပေလိမ့်မည်။
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၅)
ခုန်ချင်တိုင်း ခုန်ရာမှ
သတ္တ၀ါတို့ ၏ ‘‘ စိတ် ’’ သဘာဝမှာ ပစ္စုပ္ပန်ဟူ၍လည်း သတိမပြုမိ၊ ပစ္စုပ္ပန်တည့်တည့် အပေါ်၌လည်း မနေလို။ အာရုံနှင့် အာရမ္မဏိတ တိုက်မိ၍ (၀ိညာဉ် ) အသိစိတ်ကလေး ဖြစ်ပေါ်လာသည်နှင့် တပြိုက်နက် အတိတ်၊ အနာဂတ်နှင့် ဆက်စပ်သည့် ဆင်ခြင်စဉ်းစားမှုများသည် ချက်ချင်းပင် ၀င်လာတတ်သောကြောင့် အားထုတ် ခါစတွင် စိတ်ပျက်မိမတတ် အခက်အခဲများနှင့် ရင်ဆိုင်ရတတ်ပေသည်။ သို့ သော် လက်တွေ့ စမ်းသပ် ကြိုးစား သည့် အခါ အားရှိဖွယ်သော ‘‘ ပေါင်းကူး ’’ ကလေးများလည်း တွေ့ ရတတ်ပါသည်။
အားထုတ်လျှင်အားထုတ်ချင်း ပစ္စုပ္ပန်တည့်တည့်အပေါ်၌ ထား၍မဖြစ်သည်မှာ လူတိုင်း၏ အတွေ့ အကြုံ ဖြစ်ကောင်း ဖြစ်ပေမည်။ ‘‘ တကူးကူး ’’ ဟူသော အသံကို ကြားလိုက်ရလျှင် ကြားလိုက်ရခြင်း‘‘ ချိုး ’’ ဟု အသိစိတ်ဝင်လာခြင်းမှာ ဓမ္မတာပင် ဖြစ်ပေလိမ့်မည်။ အချို့ ကမူ မည်သည့်သစ်ပင်ပေါ်မှ ကူလေသနည်း။ ‘‘ချိုး ’’ ကူတဲ့ ရာသီက စောလှချေတကား၊ ချိုးသား မစားရသည်မှာ အတန်ကြာလေပြီ စသော စိတ်ကူးများပင် ဖြစ်ပေါ်လာပေလိမ့်မည်။ ပထမ၌ လေး ငါး ခြောက်ချက် ထိုကဲ့သို့  ကူးကျော်ပြေးလွှားရာမှ သတိနှင့်ကြိုးစားသော သူသည် ၂-ခုန်၊ ၃-ခုန်နှင့်မျှ သတိရ၍ ‘‘ ဘရိတ်အုပ် ’’ လိုက် နိုင်ပေလိမ့်မည်။ အားရှိဖွယ်သော အချက်ဟူသည် မှာ မည်မျှလောက် ခုန်၍ ကူးကျော်သွားမိသည်ဖြစ်စေ၊ နောက်ဆုံးတွင် သတိရ၍ ပစ္စုပ္ပန်တည့်တည့် သို့ ပြန်ခေါ် လာနိုင်ခြင်းတည်းဟူသော သတိသည် တန်ဖိုးရှိ၍ ရှေ့ အဖို့ ရာ၌ တိုးတက်စေဖို့  ပါရမီဖြစ်သည်ဟု နားလည် သင့်သည်။ အဘယ့်ကြောင့်ဆိုသော် သတ္တ၀ါသည် တစ်သံသရာလုံးတွင် ပစ္စုပ္ပန်တည့်တည့်ထားဖို့ ဘယ်တော့မှ သတိမရဘဲ ပေါက်လွှတ်ပဲစား ခုန်ချင်တိုင်း ခုန်လာခဲ့ကြသည်ချည်း ဖြစ်ပေသောကြောင့်တည်း။
တိုးတက်လာခဲ့ပုံ
‘‘ တတ်စရှိလျှင် တတ်ချင်ချင်တည့် ’’ ဟူသော လင်္ကာကလေးမှာလည်း ဤအလုပ်အတွက် အားရှိဖွယ်သော အထောက်အထား တစ်ခုဖြစ်၏ ။ သတိပြုစရှိလျှင် ကြာလေလေ သတိကောင်းလေလေ ဖြစ်လာတတ်သည်။ အသံတစ်ခုခုကို ကြားလိုက်ရ၍ လေး ငါး ခြောက်ခုန် ခုန်ပြီးမှ သတိရရာမှ သုံး လေးခုန် နှင့် သတိရခြင်း၊ တစ်ခုန်
နှစ်ခုန်နှင့် သတိရခြင်း စသည်ဖြင့် တိုးတက်မှုရှိလာသည်။ ထို့ နောက်တစ်ခါတရံတွင် တစ်ခုန်မျှပင် မခုန်တော့ဘဲ ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့် တစ်မိနစ် နှစ်မိနစ် စသည်ဖြင့် နေနိုင်သော အခြေအနေသို့ ရောက်လာ တော့ သည်။
ကျွန်ုပ်အဖို့ မှ ထိုကဲ့သို့  ၁၅မိနစ်ခန့် မျှနေနိုင်အောင် သုံးလေးနှစ်မျှ လေ့ကျင့်ယူရသည်ဖြစ်ရာ ယခုအခါ၌မူ တစ်နာရီခန့် မျှ နေနိုင်သောအခြေသို့  ရောက်လျှက်ရှိပါ၏ ။ ဤကဲ့သို့  နေနိုင်ခြင်းအားဖြင့် မည်ကဲ့သို့ သော အကျိုးအာနိသင်များ ကြုံတွေ့ ရပါသနည်း။
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၆)
မနောဝိညာဉ် စိတ်
ဒုတိယအချက်၌ အတွင်းနှင့် အပြင် တိုက်ခတ်မှုကြောင့် (အာယတနသဘော) ဖြစ်ပေါ်လာသည့် အသိစိတ်ကလေးမျှသာ ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် သိမြင်လာပါတော့သည်။ ယခင်က ထင်မှတ်ခဲ့သည်မှာကား (အသိ) စိတ်သည် မိမိ၏ ကိုယ်အတွင်း၌ အခါခပ်သိမ်း အမြဲတစေ တည်လျက်ရှိသည်ဟုထင်ခဲ့၏ ။ ယခုသော် တိုက်ခတ်မှုဖြစ်ပေါ်လာသော ( ၀ိညာဉ် ) အသိစိတ်ကလေးတွေ တစ်ခုပြီး တစ်ခု ဖြစ်ချည်ပျက်ချည် နေကြသည် ဟု မြင်ကာ၊ သိတတ်သော ‘‘မနောဓာတ် ’’ သည် ကိုယ်တွင်း၌ အမြဲတစေရှိနေခြင်း ကားမှန်ပါ၏ ။ သို့ သော် အာရုံနှင့် တိုက်ခတ်သောအခါမှ ( အကြောင်းဆုံဆည်း၍ ) ဖြစ်ပေါ်လာသော အသိစိတ်ကလေးဟူ၍ ဆိုလိုခြင်း ဖြစ်ပါသည်။ စာထဲ၌ ဖော်ပြထား၍ နားလည်ခြင်းနှင့် ကိုယ်တိုင်စောင့်ကြည့်၍ သဘောပေါက်လာခြင်းတို့ သည် ကြီးစွာသော ခြားနားခြင်း ရှိပါသည်။ ထိုအခါမှ မနောဓာတ်နှင့် ( ၀ိညာဉ် ) အသိစိတ်၏ ခြားနားခြင်းကို ပိုင်းပိုင်းခြားခြားကြီး သဘောပေါက်လာပါတော့သည်။
သဘောပေါက်ပုံ တစ်မျိုး
ထိုကဲ့သို့  သဘောပေါက်လာခြင်းအတွက်ကြောင့် မည်ကဲ့သို့  ထူးခြားသွားခြင်းကို ဥပမာဆောင်၍ ဖော်ပြပါဦးမည်။
ယခင်က ထင်မှတ်ခဲ့ပုံမှာ ‘‘ ငါ၌ မယားရှိ၏ ။ သားသမီးရှိ၏ ။ ဤပစ္စည်း ထိုပစ္စည်းရှိ၏ ။ ၎င်းတို့ 
မသေဆုံးသမျှ ကာလပတ်လုံး၊ သို့ မစဟုတ် မပျောက်ပျက်သမျှ ကာလပတ်လုံး ငါ့အဖို့  အမြဲတစေ ရှိနေ၏ ’’ ဟူ၍ မှတ်ထင်ခဲ့မိသည်။ ယခုသော်ကား ငါ၏ မနောဓာတ်၌ အာရုံအဖြစ်နှင့် ထင်လာခိုက်သာလျှင်၎င်းတို့ ခေတ္တခဏ ရှိလိုက်ကြသည်။ ပြီးနောက် ချုပ်ပျောက် သွားကြသည်ဟု သဘောပေါက်လာသည် ။ ဆိုလိုရင်းမှာ
ဓာတ်ပုံရိုက်ကူးထားသော အရုပ်ကား၏ ရှိခြင်း မျိုးမဟုတ် ။ မှန်ပေါ်တွင် အကြောင်းတိုက်ဆိုင်၍ ထင်ပေါ်လာသည့် ‘‘ အရိပ် ’’ ၏ ရှိခြင်းမျိုးမျှသာ ဖြစ်သည်ဟု သဘောပေါက်လာသည် ဟူလို။
ထိုအချိန်မှစ၍ ကျွန်ုပ်ပိုင်ဆိုင်သည်ဆိုသော ပစ္စည်းဟူသမျှ အပေါ်တွင် တွယ်တာမှု အပုံကြီး လျော့ပါးသွားခဲ့ပြီ။ တွယ်တာမှု ဖြစ်ပေါ်လာမိလျှင်လည်း အထက်ပါ အခြင်းအရာကို ဆင်ခြင် သုံးသပ်လိုက်သည်နှင့် တစ်ပြိုင်နက် ‘‘ ရေ ’’ ဖြစ်၍ လျှောဆင်းသွားလေတော့သည်။
အာရုံပြုမှ ရှိခြင်း
ရှင်းပါဦးအံ့။ လူတစ်ယောက်သည် ငွေထုပ်ကို မြုပ်နှံထားရာ မြုပ်နှံထားမိသည့် အဖြစ်ကို လုံးဝ သတိမေ့နေ မိသည် ဆိုအံ့။ ငွေထုပ်သည် မြုပ်နှံထားသောနေရာ၌ ရှိနေသော်လည်း ထိုသူ့ အဖို့ ၌ ငွေထုပ် မရှိတော့ချေ။
တဖန် ထိုသူမြုပ်နှံထားသော ငွေထုပ်ကို တစ်စုံတစ်ယောက်သောသူက တိတ်တဆိတ် တူးဖော်၍ ယူသွားရာ၊ ထိုသူကမူ ထိုအကြောင်းကို မသိသောကြောင့် သူ့ မှာ ငွေထုပ်ရှိသည်ဟူ၍ပင် မှတ်ထင်လျက် ရှိနေ၏ ။
ဤနေရာ၌ ရှိနေပါလျက်နှင့် မရှိပုံ၊ မရှိပါဘဲလျက်နှင့် ရှိသည်ထင်မှတ်ပုံမှာ ထင်ရှားရှိလေပြီ။ ဆိုလိုရင်းမှာ အကယ်ရှိခြင်း မရှိခြင်းသည် အကြောင်းမဟုတ်လှ။ စိတ်ထဲက ရှိနေသည်ထင်လျှင် ရှိဘိသကဲ့သို့ ကြောင့်ကြမှု ဖြစ်နေ၍ လုံးဝသတိမရလျှင် မရှိသကဲ့သို့  ကြောင့်ကြမှု ကင်းလျက်ရှိသည်။ စင်စစ်သော်ကား ငွေထုပ်ကို သတိရခြင်း ဟူသည်မှာ ထိုသူ၏ မနော ( အကြည် ) ဓာတ်တွင် အရိပ်ထင်လာခြင်းမျှဖြစ်ရာ ထိုအတွက် ကြောင့်ကြမှု ၀င်လာ၏။ ၎င်းအခိုက်အတန့် တွင်သာ ထိုလူ၌ ငွေထုပ်ရှိနေ၏ ။ ခြေထောက်၌ ပုရွက်ဆိတ်ကိုက်၍ ကုန်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် အာရုံပြောင်းသွား၍ ငွေထုပ် မရှိတော့ချေ။
ဤသည်ကား ကျွန်ုပ်တွေ့ ရသော စိတ်သဘာဝ တစ်ခုပေတည်း။ ကျွန်ုပ်၏ ပစ္စည်းများသည် ကျွန်ုပ်အဖို့  တစ်ပြိုင်တည်း အပြွတ်လိုက် ရှိနေကြသည်မဟုတ်။ သတိရသော ၀တ္ထုပစ္စည်းသည်သာလျှင် အခိုက်အတန့် အရ တစ်လှည့်စီ ရှိနေကြခြင်း ဖြစ်လေမည်။ ငါ့ပစ္စည်းတွေ ပေါများလှသည်ဟု ဘာများကြွားဝါစရာ ရှိပါသနည်း။ မနောဓာတ်၌ အရိပ်ထင်လာခိုက်တွင်သာ ရှိသည်ဟု ထင်မှတ်မိခြင်း မဟုတ်ပါလော။
ရင့်ကျက်လာခြင်း
တတိယအချက်၌ ( ဒိဋ္ဌေဒိဋ္ဌမတံ္တ ) ကြားကာမတ္တ၊ မြင်ကာမတ္တ ထားခြင်းအလုပ်၌ အလေ့အကျင့်ရ၍ ရင့်ကျက် လာသောအခါ သဘောပေါက်လာပြန်သည်မှာကား ကြားခြင်း၊ မြင်ခြင်း၊ နံခြင်း စသည်တို့ သည်သာလျှင် တကယ်လက်တွေ့  ( actuality ) ဖြစ်သည်။ အသံ တစ်ခုကြားပြီးသည့်နောက် ‘‘ ငါ့ကို ဆဲရေးခြင်းဖြစ်သည်။ တယ်မိုက်တဲ့လူပဲ’’ စသည်ဖြင့်လိုက်၍ စဉ်းစားခြင်းသည် စိတ်ကူးသက်သက်မျှသာ ဖြစ်သည်။ ကြားကာမတ္တ၊ မြင်ကာမတ္တ ဖြင့်သာနေခြင်းသည် စွဲလမ်းခြင်း၊ တပ်မက်ခြင်း၊ တုန်လှုပ်ချောက်ချားခြင်းကင်း၍ အလွန်တရာ
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၇)
ဉာဏ်အမြင် ရင့်လာပုံ
ပြင်ပသို့  အာရုံမပြုဘဲ အတွင်းဘက်သို့ ချည်း လှည့်ထားသည့် အလေ့အကျင့် ရင့်သန်လာသောအခါ ဖြစ်ပေါ် လာလေသမျှသော မြင်မှု၊ ကြားမှုမှစ၍ စိတ်ကူးစိတ်သန်းဟူသမျှသည် မိမိအတွင်း၌သာ အကြောင်းအားလျော်စွာ ဖြစ်လာကြ၍ ဖြစ်ပြီးသောအခါ ပျောက်ပျက်သွားကြသည်။ နေအိမ်ကို သတိရသော အခါ မိမိ၏ မနောတွင် ( မှန်ပေါ်၌ အရိပ်ထင်ခြင်းကဲ့သို့ ) ထင်လာသော အရိပ်မျှသာဖြစ်သည်။ အရိပ်တစ်ခုပြီး တစ်ခုထင်လာခြင်း၊ တကယ့်ဟာတွေ တကယ့်အဖြစ်အပျက်တွေဟူ၍ မှတ်ထင်ရခြင်း ဖြစ်သည်။ မိမိက အဟုတ်ကြီး ထင်မှတ်နေသော အရာခပ်သိမ်းသည် မနောတွင် ခဏကလေးမျှပင် အရိပ်ထင်၍ဖြစ်ပြီး ပျောက်ပျက်သွားကြသည်ချည်းဖြစ်သည်။ အဟုတ်ရှိ၊ တကယ်ရှိမဟုတ်၊ အကြောင်းတိုက်ဆိုင်၍ အခိုက်အတန့် အားဖြင့် တစ်ခုပြီးတစ်ခု ဖြစ်နေကြခြင်းသာ ဖြစ်သည်ဟူသော ဥာဏ်အမြင်ပေါ်ပေါက်လာပါတော့သည်။
ငြိမ်းချမ်းမှုရခြင်း
ထိုသို့ သော ဉာဏ်အမြင်သို့  ရောက်သောအခါ မနောအကြည်ဓာတ်ပေါ်တွင် ခဏချင်း ခဏချင်း အကြောင်းတိုက်ဆိုင်၍ သူ့ ဘာသာ အရိပ်ထင်လာသော ‘‘ အာရုံ ’’ များအတွက် မိမိက ဘာများကြောင့်ကြစရာ၊ ဂရုစိုက်စရာ ရှိသနည်း။ မိမိနှင့် ဘာဆိုင်သနည်း။ တွယ်တာစရာလည်း မဟုတ်၊ ပူပန်စရာလည်း မဟုတ်၊ စိုးရိမ်စရာလည်းမဟုတ်။ ဖြစ်လာသမျှသော အခြင်းအရာများသည် ခဏတဖြုတ်ကလေးဖြစ်ပြီး ပျောက်ပျက်သွား သည်ချည်း ဖြစ်သည်ဟု ထင်မြင်လာသည်တွင် အကြီးအကျယ် စိတ်ငြိမ်းချမ်းမှု ရရှိပါသည်။
တကယ်ရှိသော သဘောတရား
ထိုနောက်တဖန် မနောအကြည်ဓာတ်ပေါ်၌ အကြောင်းတိုက်ဆိုင်၍ အခိုက်အတန့် အားလျော်စွာ ခဏတဖြုတ် ဖြစ်ပေါ်လာသော အခြင်းအရာများ (အရိပ်များ ) သာ ဖြစ်သည်ဟု နေ့ ရက် အတန်ကြာရှည်စွာ ဆင်ခြင်သုံးသပ်ခဲ့ရာမှ တစ်နေ့ သ၌ ‘‘ ကောင်းပါပြီ။ မနော၌ ဖြစ်ပေါ်လာသော အခြင်းအရာ အားလုံးသည် ဖြစ်ရုံကလေးဖြစ်ပြီး ပျောက်ပျက်သွားသည်ချည်း ဖြစ်သောကြောင့် အဟုတ်ရှိ တကယ်ရှိ မဟုတ်နိုင်ခြင်းကား မှန်ပါပြီ။ သို့ သော် အဟုတ်ရှိ တကယ်ရှိ သဘောတရားမျိုးကော မရှိနိုင်ပါသလော၊ ရှိနိုင်လျှင် ဘယ်မှာရှိပါသနည်း ’’ ဟူသော မေးခွန်းသည် စိတ်ထဲတွင် ပေါ်လာပါတော့သည်။
နောက်တစ်ခဏ၌ အာရုံတစ်ခု ဘွားခနဲ ပေါ်လာပါသည်။ ‘‘ဟုတ်လိုက်လေခြင်း၊ ဒါကမှ တကယ်ရှိတဲ့ သဘောတရားပဲ။ ကြည့်စမ်းပါဦး။ အနားတွင် ကပ်နေပြီး နှစ်ပေါင်းများစွာ မမြင်မိဘဲ လျှံနေခဲ့မိတာ အံ့သြပါရဲ့ ’’ စသည်များဖြင့် ဆင်ခြင်သုံးသပ်မိပါသည်။ ဥပမာဆောင်ရသော် ဒင်္ဂါးတစ်ပြားကို ‘‘ ပန်းဘက် ’’ ချည်းကြည့်ခဲ့မိရာမှ လှန်ကြည့်လိုက်သောအခါ ‘‘ ခေါင်းဘက် ’’ ကိုမြင်ရခြင်းကဲ့သို့ နီးလျက်နှင့် ဝေးနေသည်ဟု
သဘောပေါက်ခြင်းကြောင့် အံ့သြမိခြင်းမျိုးနှင့်တူပါတော့သည်။
တကယ်အဟုတ်ရှိသောအနေဖြင့် မြင်လိုက်ရသော သဘောတရားမှာ ‘‘အာရုံ ’’ မျှသာဖြစ်၍ ပုံသဏ္ဌာန် အသွေးအရောင်အားဖြင့် ဖော်ထုတ်ပြောပြနိုင်သော အခြင်းအရာမျိုးကား မဟုတ်ပါ။ ထိုအခြင်းအရာကို စာတတ်သူများ ခေါ်ချင်ရာ ခေါ်ကြစေ။ ကျွန်ုပ်၏ စိတ်ထဲ၌ကား ‘‘ ဖြစ် ’’ နေသောအခြင်းအရာမျိုး မဟုတ်။ အခါခပ်သိမ်း အမြဲတမ်းရှိနေသော သဘောတရားဟူ၍သာ သိမြင်ထားခြင်း ဖြစ်ပါသည်။
ကွန်ုပ်၏ ရည်ရွယ်ချက်
ကျွန်ုပ်မှာ ဤအခြင်းအရာကို ချောင်ချောင်နှင့် တွေ့ ရခြင်းမဟုတ်။ နှစ်ပေါင်း ၃၀ကျော်အနက် ပြတ်တောင်းပြတ်တောင်းနှင့် ကြိုးစားအားထုတ်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်မျှလည်းကောင်း၊ ခပ်ပြင်းပြင်း အားထုတ်သော နှစ်ပေါင်း လေး ငါးနှစ်မျှလည်းကောင်း၊ တစ်ကြိမ်လျှင် ရက်သတ္တတစ်ပတ်မျှ ပြင်းပြင်းထန်ထန်ကြီး အားထုတ်သည့် ရက်သတ္တပတ်ပေါင်း ၂၀ ခန့် မျှလည်းကောင်း ကြာရှိခဲ့ပြီးမှ တွေ့ ရသော “ စိတ်သဘာဝ ’’ ဖြစ်ပါသည်။ ဤအကြောင်းကို ရေးသားဖော်ပြရခြင်းမှာ ကြွားဝါလိုခြင်း၊ အသားယူလိုခြင်းကြောင့် မဟုတ်ပါ။ ပါရမီခံ ရင့်သန်၍ အထုံဝါသနာ ပါရှိသူများ ဖတ်မိကြလျှင် စိတ်အားတက်ကြွ၍ သဒ္ဓါတရား တိုးတက်စေလိုသော ရည်ရွယ်ချက် စေတနာဖြင့် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။
ပြဋ္ဌာန်းချက်
ကျွန်ုပ်အဖို့ ရာ၌မူ အာသဝေါကင်းသောအဖြစ်သို့  မရောက်မချင်း ( ဤတစ်ဘ၀အတွင်း ) ဆက်လက်အားထုတ်ဖို့  အားခဲလျက်ပင်ရှိရာ ပရိယေသန ၀မ်းစာအတွက် လုံလောက်စွာရှိသော တစ်နေ့ တွင် မျှော်မှန်းသည့် ပန်းတုံးတိုင်သို့  မရောက်မနေဆိုကာ အချိန်ရှိသမျှ တစ်စဉ်တစ်တန်းတည်း ဆက်တိုက်အားထုတ်ဖို့  ပြဋ္ဌာန်းပြီး ဖြစ်ပါသတည်း။
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၈)
ကျွန်ုပ်တွေ့ သော စိတ်သဘာဝ ( ၂ )
မတ်လထုတ် ရှုမ၀မဂ္ဂဇင်းတွင် “ ကျွန်ုပ်တွေ့ သော စိတ်သဘာဝ ” အကြောင်းကို ရေးသားဖော်ပြခဲ့ရာ နက်နဲစွာ စဉ်းစားဆင်ခြင်ခြင်း အလုပ်၌ ၀ါသနာပါရှိသူများ စိတ်ဝင်စားကြသည်ဟု သိရ၍ လူကိုယ်တိုင် လာရောက်၍ သော်လည်းကောင်း၊ စာဖြင့် ရေးသား၍သော်လည်းကောင်း မရှင်းမလင်း အချက်အလက်များကို စုံစမ်းမေးမြန်းခြင်း၊ စာမတတ်သော လူပြိန်းများ စိတ်ဝင်စားလောက်အောင် ရေးတတ်ပေသည်ဟု ချီးကျူးခြင်း၊
ဤအကြောင်းကို ဆက်လက်ရေးသားဖော်ပြပါဦးဟု တောင်းပန်တိုက်တွန်းခြင်း စသည်ဖြင့် အားပေးကြသည် ဖြစ်သောကြောင့် နက်နဲသောသဘာဝကို ဖော်ထုတ်တင်ပြခြင်းအလုပ်တွင် အားတက်လာပြန်သည်ဖြစ်၍ ဆက်လက်ဖော်ပြလိုက်ရပြန်ပေသည်။ ရေးပို့ ကြသော စာများအနက်တွင် “ ကိုယ်တွေ့ ဆိုသော်လည်း စိတ်ကူးနှင့် ရေးခြင်းမဟုတ်သော ဆရာကြီး ”” ဟု ဂွမေးသူ တစ်ယောက်တလေ ပါရှိသည်လည်း မှန်သည်။ သို့ သော် တရုတ်ပြည် ပီကင်းအကြောင်းကို ကျွန်ုပ် ရေးသားခဲ့စဉ်က တကယ်ရောက်ခဲ့၍လော၊ သို့ တည်းမဟုတ် စာထဲမှာ တွေ့ ၍ ကူးချခြင်းလော ဟူသည်ကို အကဲဖြစ်နိုင်ဘိသကဲ့သို့  ဤကိစ္စတွင်လည်း စဉ်းစားဥာဏ်ရှိသူများ အကဲဖြစ်နိုင်ဖို့  ရှိသောကြောင့် တစ်ယောက်တလေ “ ဂွမေး ” ခြင်းမျှကို အရေးလုပ်မည် မဟုတ်ချေ။
အမျိုးမျိုးနားလည်တတ်ခြင်း
“ စိတ်ဆိုတာ ဘာလဲ-သိသလား ” ဟု မေးခဲ့လျှင် ကိုယ့်အသိကလေးနှင့် ကိုယ် ဖြေဆိုကြပေလိမ့်မည်။ ကျောင်းသားအရွယ် ကလေးတစ်ယောက်က “ဗိုက်ထဲကနေပြီး ကြံကြံနေတာ စိတ်ပေါ့ ” ဟု ဖြေဆိုဖူး၏ ။ အတော်အတန် ခေတ်ပညာတတ်တစ်ယောက်ကမူ “ ခေါင်းထဲက ( ဦးနှောက်ထဲ )ကြံစည်စိတ်ကူးတတ်တာဟာ စိတ်ပေါ့ ” ဟု ဖြေပြန်၏ ။ သာမန်သိသော ဗုဒ္ဓဘာသာဝင် တစ်ယောက်ကမူ “ သိတတ်တဲ့ သဘောတရားကလေးဟာ စိတ်ပေါ့ ” ဟု ဖြေဆိုတတ်သည်။ ကမ္မဋ္ဌာန်းသမားတစ်ယောက်ကမူ “ ထွက်သက် ၀င်သက်ကို ရှုမှတ်နေတဲ့အခါမှာ ထွက်လေ၀င်လေက ရုပ်တရား၊ ၀င်ခြင်း ထွက်ခြင်းကို သိတာက စိတ် ” ဟု
ဖြေဆိုပေလိမ့်မည်။ သင်္ဂြိုဟ်သမား တစ်ယောက်ကို မေးလျှင် “ စိတ်တစ်ခု ယုတ် ၉၀ အကျယ် ၁၂၀ပါးရှိသည် ” ဟု ဖြေဆိုပေလိမ့်မည်။ တစ်နည်းလည်း ခန္ဓာငါးပါးရှိသည့်အနက် ရုပ်ခန္ဓာတစ်ပါးသာဖြစ်၍ နာမ်ခန္ဓာလေးပါးရှိသည်ဟု ဖြေဆိုပေလိမ့်မည်။
“ နာမ် ” နှင့် “ စိတ် ” အတူတူပင် ဖြစ်သလော၊ သို့ မဟုတ် ခြားနားခြင်း ရှိသေးသလောဟု ဆင့်၍မေးခဲ့သော် စိတ်နှင့်စေတသိက်ကို နာမ်ခေါ်သည်ဟု ဖြေဆိုတတ်ပေလိမ့်မည်။ စေတသိက်မှာလည်း ၅၂ပါးရှိသည်ဟု ပြောတတ်၍ အမည်နာမများကိုပင် ရေတွက်၍ ပြတတ်ပေလိမ့်မည်။ သို့ ရာတွင် စိတ်နှင့်စေတသိက် ယှဉ်တွဲပြီး အလုပ်လုပ်ကြပုံကို ဥဒါဟရုဏ်ဆောင်၍ ဟောပါဟု ဆိုလိုက်လျှင် အတော်အတန် စာတတ်သူများမှာ ချာလည်လည်ဖြစ်၍ သွားတတ်ကြ၏ ။ များစွာသော လူတို့ သည် မိမိတို့ ၏ ဥာဏ်ထဲ၌ ရှင်းလင်းပြတ်သားစွာ နားလည်သည် မဟုတ်ပါဘဲလျက် အမည်နာမများကို ရွတ်ဆို၍ အနက်အဓိပ္ပါယ်ကို အသင့်အတင့် ပြောပြ တတ်သည်ဆိုလျှင် နားလည်လှပြီဟု မှတ်ထင်တတ်ကြလေသည်။
စိတ်နှင့် စေတသိက်
“ စိတ် ” ဟူသော စကားလုံးမှာ အရပ်သုံး နှင့် စာသုံး ခြားနားခြင်းဖြစ်၏ ။ ဗုဒ္ဓအဘိဓမ္မာ အလိုအားဖြင့် “ စိတ် ” ဟူသည်မှာ ၀ိညာဏက္ခန္ဓာ တစ်ခုတည်းကိုသာ ဆိုလို၍ “သိတတ်ခြင်း” သဘောတရားသက်သက်မျှသာ ဖြစ်၏။ ကြံစည်ခြင်း၊ တွေးတောခြင်း၊ သိမှတ်ခြင်း စသော အလုပ်များမှာ စိတ်သက်သက်ဖြင့် လုပ်တတ်သည် မဟုတ်။ စေတသိက်နှင့် ပူးပေါင်းမှသာလုပ်နိုင်၏ ။ ( mind ) ဟူသောစကားကို “ စိတ် ” ဟူ၍ ပြန်ဆိုနေကြခြင်းမှာ မမှန်ကန်ချေ။ စင်စစ်အားဖြင့် “ နာမ် ” ဟူ၍ ပြန်ဆိုသင့်သည်။ အနောက်တိုင်းသားများသည် “ စေတသိက် ” ဟူသော အဘိဓမ္မာစကားကို နားမလည်ကြသည် ဖြစ်၍ သိမှုသက်သက်မျှသာမကဘဲ ကြံစည်ခြင်း၊ တွေးတောခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း စသော အလုပ်အားလုံးကို လုပ်တတ်သော အရာတစ်ခုရှိသည်ဆို၍ (mind) ဟု နာမည်ပေးထားကြရာ၊ နားမလည်သူခြင်း ဆုံဆည်းမိသည်နှင့် မြန်မာကလည်း “စိတ် ” ဟု ပြန်ဆိုခဲ့ကြသည်။ အမှန်မှာ ( mind ) ဟူသည် စိတ် ( ၀ိညာဏက္ခန္ဓာ) ကို ဆိုလိုခြင်းမဟုတ်။ စိတ်ရော စေတသိက်ပါ ပူးပေါင်းထားသည့် “ နာမ် ” တရားကို ဆိုလိုခြင်းဖြစ်သည်။ ( တရားအားထုတ်ခါစအချိန်က ကျွန်ုပ်ကိုယ်တိုင် စိတ်နှင့် စေတသိက်အကြောင်း ပြတ်ပြတ်သားသား နားမလည်သေးဘဲရှိရာ “ပဏ္ဍိတဝေဒနိယကျမ်း ” ကို ကြည့်ခါမှ ကောင်းကောင်းသဘောပေါက်ခဲ့၍ စာအုပ်ကိုချထားပြီး သစ်ချတောင် ဦးတိလောက ထေရ်အား ကန်တော့လိုက်ရဖူးပါသေးသည်။ )
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၉)
သညာသိနှင့် ပညာသိ
စိတ်အကြောင်း သိပုံနှင့်ပတ်သက်၍ ကလေးသိ၊ ကျောင်းသားသိ၊ ကမ္မဋ္ဌာန်းသမားသိ၊ သင်္ဂြိုဟ်သမားသိ စသည်ဖြင့် အမျိုးမျိုး သိကြပေရာ မည်သည်ကိုမျှ မှားသည်ဟု မဆိုသင့်။ မှန်သလောက် မှန်သည် ဟူ၍သာ ဆိုရပေမည်။ အနောက်တိုင်းမှ စိတ်ပညာ ဆရာကြီး ( psychologists ) များနှင့် စိတ်ကိုစစ်၍ ရောဂါကုသသော ပညာသည်ကြီးများ ( psychiatrists and psycho-anaylists ) ရှိကြပေရာ ၎င်းတို့ သိထားပုံမှာလည်း အလွန်ပင် နက်နဲပေသည်ဟု ၀န်ခံရပေမည်။ ပဏ္ဍိတဝေဒနိယကျမ်းကို ဖတ်ရပြီးနောက် ကျွန်ုပ်သိရပုံမှာလည်း အတော်ကြီး
နက်နဲလှပြီဟု ထင်ခဲ့မိသည်။ သို့ သော် အဆိုပါ သိပုံသိနည်း အားလုံးတို့ သည် သညာသိ (intellect) မျှသာဖြစ်ကြ၍ ဗုဒ္ဓရည်ရွယ်သည့် (ထိုးထွင်းသိမြင်သော) ပညာသိမဟုတ်သေးချေ။
သဿတ ဒိဋ္ဌိ
တဖန် အနောက်တိုင်းသားများ ယခုတလောတွင် အထူး အလေးပေး၍ လေ့လာလိုက်စားလျက်ရှိကြသော စိတ်ပညာတစ်ရပ် ရှိသေး၏ ။ ၎င်းတို့ သည် ကာယကံရှင်ကိုယ်တိုင်က သိသောစိတ် ( conscious ) ကိုသာ မကသေးဘဲ ကိုယ်တိုင်က မသိရသော ဘ၀င်္ဂ ခေါ် ဘ၀င်စိတ် ( unconscious of subconscious ) အကြောင်းကိုပင် နှိုက်နှိုက်ချွတ်ချွတ် လေ့လာလျက်ရှိကြလေသည်။ ဤပညာသည် တကယ်နက်နဲသည်ကား မှန်သည်။ သို့ ရာတွင် ၎င်းပညာရှိကြီးများ၏ အတွေးခေါ်မှာ လူသတ္တ၀ါတို့ ၏ အတွေ့ အကြုံများသည် မသိသောစိတ် ( ဘ၀င်္ဂ ) ထဲတွင် အခါခပ်သိမ်း နစ်မြုပ်သိုလှောင်လျက်ရှိ၍ အရေးကြုံမှ ပေါက်လာတတ်သည်ဆိုရာ ၎င်းအတွေးအခေါ်၏ မှန်ခြင်း၊ မှားခြင်းကို အပထား၍ သဿတဒိဋ္ဌိ ဘက်သို့  ယိမ်းတတ်သောကြောင့် ဗုဒ္ဓအလိုတော်ကျ မဟုတ်ချေ။ မမေ့ပျောက်နိုင်သကဲ့သို့  မှတ်သားထားသည်ဟု ထင်ရသည်ကားမှန်၏ ။ သို့ ရာတွင် ဗုဒ္ဓဟောတော်မူသည့် ဘ၀င်စိတ်သည်ပင်လျှင် မြစ်ရေအလျဉ်သဖွယ် အခါခပ်သိမ်း တသွင်သွင်စီးလျက်ရှိသည်ဆိုသောကြောင့် ရေထဲ၌ ( ကျောက်ဆူး ချထားဘိသကဲ့သို့  )
အမြဲတည်နေနိုင်သော အခြင်းအရာ တစ်စုံတစ်ခု ရှိသည့်အလား မှတ်ယူထားခြင်းသည် သဿတဒိဋ္ဌိအယူ ဖြစ်သွားတတ်လေသည်။
ဦးနှောက်နှင့် နှလုံး
ထို့ ပြင် စိတ်၏ တည်နေရာဌာနနှင့် ပတ်သက်သော အယူအဆ တစ်ခုလည်းရှိသေး၏ ။ စိတ်နှင့် ပတ်သက်သမျှတွင် အနောက်တိုင်း ပညာသည်များသည် ဦးနှောက်ကို အလေးပေး၍ ဖော်ပြတတ်၏ ။ ဗုဒ္ဓ၀ါဒအရမူ နှလုံးအိမ်ကို အရေးတကြီး ဖော်ပြထားသည်။ ဤခေတ်တွင် ဥာဏ်ကောင်းခြင်း၊ စဉ်းစားစိတ်ကူးခြင်း စသော အခြင်းအရာများမှာ ဦးနှောက်ကို အမှီပြု၍ ဖြစ်ပေါ်လာသည်ဟု လက်ခံနားလည်လျက် ရှိကြသော်လည်း ရိုးဖြောင့်ခြင်း၊ စိတ်သဘောကောင်းခြင်း စသော အခြင်းအရာမျိုးတို့ မှာမူ နှလုံးအိမ်တွင် အမှီပြု၍ ဖြစ်ရသည်ဟု ယုံကြည်ကြသည့် လက္ခဏာရှိသည်။ ထို့ ကြောင့် ( good heart ) စိတ်နှလုံးကောင်းခြင်း ဟူ၍လည်းကောင်း၊ ( change of heart ) စိတ်နှလုံးနှင့် တကွ ပြောင်းလဲပါမှ တန်ဖိုးရှိသည် ဟူ၍လည်းကောင်းသုံးနှုန်းကြခြင်း ဖြစ်လေသည်။ ဥာဏ ( ဦးနှောက် ) ဘယ်လိုပင်ကောင်းစေကာမူ စိတ်နှလုံး ( အကျင့် စာရိတ္တ ) မကောင်းလျှင် တန်ဖိုး များစွာမရှိနိုင်ဟူသော အသုံးအနှုန်းလည်း ရှိပေသေးသည်။ “ လူတော်လူကောင်း ” ဟူသော စကားလုံးတွင်လည်း ( လူတော် ) သည် ဦးနှောက် ကောင်းခြင်းကို ဆိုလို၍ “လူကောင်း ” သည် နှလုံးကောင်းခြင်းကို ဆိုလိုပေသည်။ ထို့ ကြောင့် စိတ်နှင့် ပတ်သက်၍ ဖော်ပြသည့်အခါ ဦးနှောက်ကို အလေးပေးချင်ကြသော်လည်း နှလုံးကို လွှတ်ထား၍ မဖြစ်နိုင်ပေ။
တိုက်ခတ်မှ ဖြစ်ပေါ်ခြင်း
စိတ်နှင့်ပတ်သက်၍ အထက်တွင် ဖော်ပြခဲ့သည့် အသိအမျိုးမျိုးတို့ သည် မည်မျှပင် ခက်ခဲနက်နဲစေကာမူ ( လောကီတွင် တန်ဖိုးရှိသည် ဆိုစေဦး ) စဉ်းစားဥာဏ် ( intellect ) ဖြင့် သိခြင်းမျှသာ ဖြစ်ကြပေရာ ဗုဒ္ဓသိစေလိုသော ( ထိုးထွင်း၍ သိခြင်းခေါ် ) ပညာသိ မဟုတ်သောကြောင့် ကြီးစွာသော တန်ဖိုးရှိကြသည် မဟုတ်ချေ။ ပညာသိဟုခေါ်သည့် သိခြင်းမျိုးမှာ လွန်စွာနက်နဲသည်ဖြစ်၍ ဥပမာအားဖြင့်သာ ဖော်ပြနိုင်ပေမည်။
သုတ္တန်ကျမ်းတစ်နေရာ၌ ကျွန်မတစ်ယောက်သည် ၎င်း၏သခင်မအတွက် သနပ်ခါးသွေးလျက်ရှိစဉ် လက်ကောက်နှစ်ဖက် ၀တ်ထားသည်ဖြစ်၍ တစ်ဖက်နှင့်တစ်ဖက် တိုက်ခတ်မိခြင်းကြောင့် တချွင်ချွင်အသံ ထွက်လျက်ရှိ၏ ။ ဤတွင် ကျွန်မသည် တစ်ဖက်ကို ဖြုတ်ထားလိုက်ရာ တိုက်ခတ်စရာ မရှိခြင်းကြောင့် အသံမထွက်တော့ခြင်း ကို တွေ့ ရ၏ ။ ဤနေရာတွင် ဆင်ခြင်သုံးသပ်မိသည်မှာ တိုက်ခတ်စရာ ရှိ၍ အကြောင်းတိုက်ဆိုင်ပါမှ ဖြစ်ပေါ်လာသော “ ၀ိညာဉ်စိတ် ” ဆိုသည်မှာ ဤအတိုင်းပေတကားဟု ထိုးထွင်းသိမြင်လိုက်သည်နှင့် တစ်ချက်တည်း သောတာပန်တည်သွားသည်ဟု တွေ့ ရဖူးလေသည်။
ထိုးထွင်း သိမြင်ခြင်း
၎င်းကျွန်မသည် စိတ်တစ်ခုယုတ် ၉၀၊ အကျယ် ၁၂၀ ပါး ကိုလည်း ရေတွက်တတ်မည်မထင်။ စိတ္တက္ခဏ၏ လျင်မြန်ပုံအကြောင်းကိုလည်း (ကျွန်မတစ်ယောက်သာ ဖြစ်၍ ) ကြားဖူးကောင်းမှ ကြားဖူးပေမည်။ ဘ၀င်စိတ်၏ တသွင်သွင်စီးခြင်း အကြောင်းကိုလည်း နားစွန်နားဖျားဖြင့် ကြားဖူးမည်လော မပြောတတ်ချေ။ သို့ ရာတွင် အကြောင်းတိုက်ဆိုင်ပါမှ ဖြစ်ပေါ်လာသော ၀ိညာဉ်စိတ်ဆိုသောကြောင့် အကြောင်းမတိုက်ဆိုင်လျှင် မဖြစ်၊ ဖြစ်ခြင်းကြောင်းလည်း ရှိသည်။ ချုပ်ရာသော လမ်းစဉ်လည်း ရှိသည်။ ချုပ်ခြင်းသဘောလည်း ရှိသည် စသည်ဖြင့် ထိုးထွင်းသိမြင်သွားဟန်ရှိသည်။
ဤစာကို ဖတ်သောသူသည်လည်း ကျွန်ုပ်ရေးပြသည့်အတိုင်း နားလည်ပါသည်ဟု ဆိုစေကာမူ ကျွန်မ မြင်သကဲ့သို့  မမြင်ခြင်းမှာ ထိုးထွင်းမှုဟု ဆိုအပ်သော ၀ိပဿနာဥာဏ် မပါသောကြောင့် ဖြစ်လေသည်။ ၎င်း ကျွန်မသည် ပါရမီခံ ရင့်သန်သော ပုဂ္ဂိုလ်ဖြစ်ရမည် ဆိုခြင်းမှာ ယုံမှားဖွယ်ရာ မရှိချေ။ သို့ ရာတွင် နောက်ဆုံးအချိန်၌ လုပ်နေသော အလုပ်မှာ သနပ်ခါးသွေးခြင်းဖြစ်၍ သူ၏ နှလုံးသွင်းတရားမှာ လက်ကောက်ခြင်း တိုက်ခတ်မိ၍ တချွင်ချွင်မြည်ခြင်းနှင့် အကြောင်းတိုက်ဆိုင်မှ ဖြစ်ပေါ်လာသော ၀ိညာဉ်စိတ်၏ တူညီပုံအခြင်းအရာပင် ဖြစ်လေသည်။
ထို့ ကြောင့်လည်း နည်းခြင်း များခြင်းသည် အရေးမကြီးလှ။ အရာဟုတ်-မဟုတ်သာလျှင် အရေးကြီးသည်ဟု ဗုဒ္ဓဟောတော်မူခြင်းဖြစ်သည်။
ဥာဏ်ကောင်းတိုင်း မဟုတ်သေး
ဘုရားလက်ထက်တော်၌ သစ္စကပရိဗိုဇ် သိဉ္စည်းဆရာကြီးမှစ၍ ဥာဏ် (intellect ) ကြီးသော ပုဂ္ဂိုလ်ကြီးများ ရှိခဲ့ကြ၏ ။ ဤလက်ထက်တွင်လည်း လောကဓာတ် ဆရာကြီးများ၊ အဘိဓမ္မာ ဆရာကြီးများ၊ သင်္ချာ ဆရာကြီးများ၊ စိတ်ပညာ ဆရာကြီးများသည် စဉ်းစားဥာဏ်အရာ၌ အလွန်ကြီးကျယ်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်သည်ဟု ( ဘယ်သူမှ မယုံချင်နေ ) ကျွန်ုပ်ယုံကြည်၏ ။ ဤမျှသာမကသေး၊ ဗုဒ္ဓ အဘိဓမ္မာကို “ အရည်ကျို ” သောက်ပြီး ကျမ်းကြီး ကျမ်းငယ်များ ရေးထုတ်နိုင်ကြသည့် အရှေ့ တိုင်းသားများ၊ အနောက်တိုင်းသားများလည်း အမြောက်အမြား ရှိကြ၏ ။ “ စိတ် ” အကြောင်းဆိုလျှင် စာအုပ်ပေါင်း အမြောက်အမြား ရေးထုတ်နိုင်ကြ၏ ။ အထက်ပါ ကျွန်မသည် ဥာဏ် ( intellect ) အရာတွင် ၎င်းပုဂ္ဂိုလ်ကြီးများနှင့် နှိုင်းယှဉ်လိုက်ပါက ရေနှင့်ဆီလောက် ကွာပေလိမ့်မည်။ သို့ ပါလျက် “ စိတ် ” အကြောင်းနှင့် ပတ်သက်၍ ကျမ်းအစောင်စောင် ပြုနိုင်သော ပညာရှိကြီးများသည် ၎င်းကျွန်မကဲ့သို့ စိတ်အကြောင်းကို ဗုဒ္ဓအလိုတော်ကျ မသိမြင်ကြသဖြင့် သောတာပန် မတည်နိုင်ကြခြင်းမှာ စဉ်းစားစရာကောင်းလှသည်။
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၀)
စဉ်းစားတွေးတော၍ မဖြစ်
အထက်တွင် ရေးသားဖော်ပြခဲ့သမျှမှာ အောက်တွင် ရေးသားဖော်ပြလတ္တံ့ သော အကြောင်းအရာများအတွက် ပဏာမပျိုးလိုက်ခြင်းမျှသာ ဖြစ်သည်။
ဗုဒ္ဓဟောတော်မူခဲ့သည့် တရားတော်များ၏ အဆီအနှစ် အကျဉ်းချုပ်မှာ ရုပ်ဓမ္မ၊ နာမ်ဓမ္မတို့ ၏ သဘော သဘာဝတ္တ အစစ်အမှန်ကို သိမြင်ကြစေခြင်းအတွက်မျှသာ ဖြစ်၏ ။ လောကဟူသည် ဘယ်မျှလောက် ကျယ်ဝန်းသည်ဖြစ်စေ၊ လိုရင်းအချူပ်၌ ရုပ်နှင့် နာမ်မျှသာ ရှိ၏။ တစ်နည်းဆိုသော် ခန္ဓငါးပါးမျှသာ ရှိ၏။ ခန္ဓငါးပါးအနက်တွင်လည်း တစ်ပါးပါးကို ယထာဘူတကျကျသိလျှင် ကိစ္စပြီးနိုင်သည်ဟု ဟောတော်မူ၏ ။
ရုပ်အကြောင်းကို ကျယ်ဝန်းစွာသိကြသော လောကဓာတ်ဆရာကြီးများ၊ စိတ်အကြောင်းကို အသေးစိတ်သိကြသော စိတ်ပညာဆရာကြီးများသည် အဘယ့်ကြောင့် အရိယာတွေ ဖြစ်မကုန်ကြဘိသနည်း။ အထက်ပါ ကျွန်မသည် စိတ်အကြောင်းကို တစ်ချက်တည်း သိမြင်လိုက်ကာမျှနှင့် အဘယ့်ကြောင့် သောတာပန် ဖြစ်ပါလေသနည်း။ ပညာရှိကြီးများ၏ သိခြင်းသည် ယထာဘူတမကျ၊ ကျွန်မ၏ သိခြင်းသည် ယထာဘူတ ကျခြင်းကြောင့် ဟူ၍ ဖြေဆိုရပေမည်။
အကြင်သူသည် အဘယ်မျှလောက် ဦးနှောက်ကောင်း၍ ရုပ်အကြောင်း၊ သို့ မဟုတ် စိတ်အကြောင်းများကို ကိုယ့်ဟာကိုယ် တစ်သက်ပတ်လုံး စဉ်းစားဆင်ခြင်စေကာမူလည်း ( ဗုဒ္ဓ အလိုတော်ရှိသည့်အတိုင်း ) ယထာဘူတကျကျ သိမြင်နိုင်လိမ့်မည် မဟုတ်ချေ။ လောကီပညာရှိကြီးတစ်ယောက်ကားဖြစ်လာနိုင်ပေသည်။ သို့ သော်အရိယာပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။ ကိုယ့်နည်းနှင့်ကိုယ် ထိုးထွင်းသိမြင်နိုင်သည် ဆိုလျှင်လည်း ( ဗုဒ္ဓ၏ ကျမ်းဂန်များအရ ) ပစ္စေကဗုဒ္ဓတစ်ဆူ ဖြစ်လာရပေတော့မည်။ သို့ ဆိုလျှင် ရုပ်
သို့ မဟုတ် စိတ်အကြောင်းကို ယထာဘူတကျကျ သိမြင်အောင် ဘယ်ကဲ့သို့ ပြုလုပ်ရပါမည်နည်း။
ဤအချိန် ဤနေရာ
ရုပ်တရား နာမ်တရားတို့ ၏ သဘာဝကို ထိုးထွင်းမြင်နိုင်စေခြင်းငှာ နည်းအမျိုးမျိုး ဟောတော်မူခဲ့သည့်အနက် ကျွန်ုပ်အလွန်နှစ်သက်၍ ယုံယုံကြည်ကြည် လေ့လာခဲ့သောနည်းမှာ ဘာဟိရနှင့် မာလုကျပုတ္တတို့ အား ဟောပြတော်မူခဲ့သည့် “ ဒိဋ္ဌေဒိဋ္ဌမတ္တံ ” ဟူသော နည်းပင်ဖြစ်သည်။
မြင်ကာ မတ္တ၊ ကြားကာ မတ္တဖြင့် ပြီးဆုံးစေ၍ ရှည်လျားစွာတောက်လျှောက်ကြီး လိုက်မသွားရအောင် အားထုတ်သော ပုဂ္ဂိုလ်သည် (နံပါတ် ၁ ဆောင်းပါးတွင် ဖော်ပြခဲ့ဖူးသည့်အတိုင်း ) မိမိ၏စိတ်ကို ပစ္စုပ္ပန်တည့်တည့်အပေါ်တွင် ထားနိုင်သော အလေ့အကျင့် ရင့်ကျက်လာပေလိမ့်မည်။ အချိန်ကာလ အားဖြင့် ပစ္စုပ္ပန်၊ ဋ္ဌာနအားဖြင့် ဤနေရာ ( now & here ) မှတပါး အခြားသို့ စိတ်ရောက်မသွားစေရအောင် “ သတိ ” ကို မွေးမြူရသည်။ လွန်လေပြီးသော အတိတ်အကြောင်းကိုလည်းကောင်း၊ မိမိရှိနေသော ဋ္ဌာနမှတပါး ထိုထိုသောအရပ်၊ ထိုထိုသောနေရာများအကြောင်းကို လည်းကောင်း စိတ်ကူးတွေးတောခြင်း မပြုလုပ်မိစေရန် “ သတိ” ဖြင့် စောင့်ထိန်းရသည်။ ဤအလုပ်သည် လွယ်ကူသလို ထင်ရသော်လည်း လုပ်ကြည့်သောအခါ မလွယ်ကူပုံ အခြင်းအရာကို နံပါတ် ( ၁ ) ဆောင်းပါးတွင် ဖော်ပြခဲ့လေပြီ။
ပရမတ် ဆတ်ဆတ်သဘော
“ ကြားကာမတ္တ၊ မြင်ကာမတ္တ ” တည်းဟူသော လုပ်ရပ်၏ အဖိုးတန်ပုံမှာ ဤသို့ တည်း။
ကြားလိုက်သည်နှင့် တပြိုင်နက်၊ မြင်လိုက်သည်နှင့် တပြိုင်နက် အာရုံနောက်သို့ လိုက်၍ ရှည်လျားစွာ စဉ်းစားနေကြသော ( သတ္တ၀ါတို့ ၏ သံသရာတစ်လျှောက်လုံး ) အလေ့အကျင့်ကို အထိုက်အလျောက် ချိုးနှိမ်နိုင်သောအခါ အကြင်ယောဂီပုဂ္ဂိုလ်၏ စိတ်သည် ကြားသောအခိုက်တွင် “အသံ” အပေါ်၌သာ ပြီးဆုံးသွား၏ ။ မြင်သောအခိုက်တွင် “ အဆင်း ” အပေါ်၌သာ ပြီးဆုံးသွား၏ ။ နံသောအခိုက်တွင် “အနံ” အပေါ်၌သာ ပြီးဆုံးသွား၏။ စားသောအခိုက်တွင် “အရသာ” အပေါ်၌သာ ပြီးဆုံးသွား၏။ ထိတွေ့ သော အခိုက်တွင် “အတွေ့ ” အပေါ်၌သာ ပြီးဆုံးသွား၏ ။
အဆင်း၊ အနံ့ ၊ အသံ၊ အရသာ၊ အတွေ့ ဟူသော သဘာဝများသည် စင်စစ်အားဖြင့် ပရမတ် သဘောတရား များသာ ဖြစ်ကြ၏။ သို့ သော် အကြင်ယောဂီပုဂ္ဂိုလ် တို့ သည်၎င်းတို့ ကို ပရမတ် သဘောတရားဟူ၍ ပိုင်းပိုင်းခြားခြား သိမြင်နိုင်သေးသည် မဟုတ်ချေ ။ ဤလုပ်ရပ်၏ တန်ဖိုးရှိခြင်းမှာကား အဆင်းသက်သက်၊ အသံသက်သက် အစရှိသည်တို့ အပေါ်၌ချည်း စိတ်ကိုထားတတ်ဖို့  သတိနှင့် အလေ့အကျင့်ပြုလုပ်ခြင်းသည် ( ပရမတ် သဘောတရားမှန်း မသိမြင်သေးစေကာမူလည်း) ပရမတ် သဘောတရားပေါ်မှာချည်း ထားမိလျက်သား ဖြစ်နေလေတော့သည်။ ဥပမာ ရွှေတုံးတွေဟူ၍ မသိသေးစေကာမူလည်း ရွှေတုံး တစ်ခုပြီးတစ်ခုပေါ်သို့ ခြေချလျက်သား ဖြစ်နေခြင်းနှင့် တူပေတော့သည်။
အကြင် ယောဂီပုဂ္ဂိုလ်သည် ပါရမီရင့်သန်၍ အဆင်းသက်သက် အသံသက်သက်မျှ အပေါ်မှာချည်း ထားနိုင်အောင် လေ့ကျင့်နိုင်သော “ ဇွဲ ” ရှိသည်ဆိုငြားအံ့။ တစ်ကြိမ်တစ်ခါတွင် အဆင်းဓာတ်၊ အသံဓာတ်တို့ ၏ ပရမတ်ဆတ်ဆတ် သဘောကိုဖြစ်စေ၊ သို့ တည်းမဟုတ် စက္ခုဝိညာဏ်စိတ်၊ သောတ၀ိညာဏ်စိတ်တို့ ၏ ပရမတ္တသဘာဝကို ဖြစ်စေ ( အထက်ဖော်ပြပါ ကျွန်မကဲ့သို့ ) ထိုးထွင်းသိမြင်နိုင်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်သည်။
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၁)
လောကနှစ်မျိုး
ဒိဋ္ဌေဒိဋ္ဌမတ္တံ ဟူသော ဗုဒ္ဓသြဝါဒအရ အလေ့အကျင့် ပြုလုပ်လာခဲ့သော ကျွန်ုပ်အမြင်၌ လောကသည် နှစ်မျိုးရှိ၏။ ပထမတစ်မျိုးမှာ “ပညတ်လောက” သို့ မဟုတ် အိပ်မက်လောက (dream world) ဖြစ်၍ ဒုတိယတစ်မျိုးမှာ “ပရမတ်လောက” သို့ မဟုတ် ဒိဋ္ဌလောက (actual world) ဟူ၍ ဖြစ်သည်။ သတ္တဝါဟူသမျှသည် သံသရာလဆန်း တစ်ရက်နေ့ မှစ၍ “အိပ်မက်လောက” ထဲ၌သာလျှင် တစ်လျှောက်လုံး မွေ့ လျော်ပျော်ပိုက်လာခဲ့ကြ၏။ အဘယ်ကြောင့် “အိပ်မက်လောက” ဆိုနိုင်ပါသနည်း။ (ကျွန်ုပ်မှာ စာတတ်ပေတတ်မဟုတ်သောကြောင့် စာတတ်သူများ၏ အမြင်၌ အသုံးအနှုန်း၊ အခေါ်အဝေါ်များမှာ မှန်ကောင်းမှ မှန်ပေ၏။ သို့ ရာတွင် စာမတတ်သော အရပ်သားများ နားလည်အောင် “စိတ်ဝင်စားအောင်” ရေးသားတင်ပြခြင်းဖြစ်၍ ၄င်းတို့ နားလည်ကြလျင် ပြီးရောဟု သဘောပိုက်မိပါတော့သည်။)
အိပ်မက်လောက
ရှင်းဦးအံ့။
နိုင်ငံရေးသမား တစ်ယောက်သည် (၄င်းတို့ လူစု မျှော်မှန်းသော ပန်းတုံးတိုင်သို့ ရောက်၍) ၀န်ကြီးဖြစ်လာသည် ဆိုအံ့။ မျှော်မှန်းသော အရာကို ရခါစ လူများ၏ထုံးစံအတိုင်း “ငါတမူကား ၀န်ကြီးတစ်ယောက် ဖြစ်လာပေပြီ” ဟူသော သတိရမှုသည် မကြာခဏ ဖြစ်ပေါ်လာပေလိမ့်မည်။ အိပ်ရာမှနိုး၍ မျက်နှာသစ်သော အချိန်မှသည် မျက်စိနှစ်လုံး မှိတ်သော အချိန်တိုင်အောင် (လက်ထပ်ပြီးခါစ သတို့ သားနှင့် သတို့ သမီးသဖွယ်) အခြားသော အလုပ်ကိစ္စများ ဆောင်ရွက်ခိုက် အချိန်များမှတပါး၊ အားလပ်သော နာရီပိုင်း၊ မိနစ်ပိုင်းဟူသမျှတွင် မိမိအဖြစ်ကို အကြိမ်ပေါင်းများစွာ အနုလုံ-ပဋိလုံ ပြန်လှန်သတိရ ဆင်ခြင်မိပေလိမ့်မည်။ အိမ်ရှေ့ တွင် ဆိုဖာကြီးပေါ်၌ ပက်လက်လှန်၍ ဆေးလိပ်သောက်ရင်းလည်း “ငါဝန်ကြီးဖြစ်လာပေပြီ။ ငါ့ကို ကူညီသော မည်သူအား မည်သည့်ရာထူးပေး၍ ငါ့ကိုထောက်ခံသော မည်ဝါအား မည်ကဲ့သို့  အကျိုးခံစားခွင့်ရှိအောင် လုပ်ပေးအုံးမှ တော်မည်။ ငါ့ကို ပမာမခန့် ရေးသားသော မည်သည့်အယ်ဒီတာကို တရားစွဲပြီး ထောင်ချမည်ဆိုလျင် ချနိုင်သော အာဏာ ငါ့လက်ထဲသို့  ရောက်လာပေပြီ။ ငါတို့ အဖွဲ့ ပြုတ်အောင် ကြံကြသော မည်သူမည်ဝါတို့ အားလည်း ပုဒ်မ ၅ နှင့် ဖမ်းချုပ်မည်ဆိုက ချုပ်နိုင်ပေပြီ” စသည်ဖြင့် စိတ်ကူးလျက်ရှိစဉ် သတင်းစာရောက်လာ၍ ကောက်ကြည့်လိုက်ရာ မြို့ တစ်မြို့ သို့  မိမိရောက်ခဲ့စဉ်က အရာရှိများနှင့် မြို့ မိမြို့ ဖဆိုသူများက သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး အမျိုးသမီးကလေးများက မိမိအား ပန်းစည်းဆက်နေကြသော ဓာတ်ပုံကိုမြင်လိုက်ရ၍ ၀န်ကြီးတစ်ယောက်ဖြစ်ရခြင်းအတွက် တိုး၍ကြည်နူးပြန်သည်။ တဖန်သတင်းစာထဲ၌ မိမိပြောခဲ့သော မိန့် ခွန်းကို တွေ့ ရ၍ ဖတ်ကြည့်ရာ သြဘာလက်ခုပ်တီးကြသော အသံများပင် နားထဲသို့ ဝင်လာ၍ “တယ်တော်တဲ့ ငါပေတကား” ဟု ဆထက်ထမ်းပိုး စိတ်ကြည်နူးခြင်း ဖြစ်မိပြန်သည်။ ထိုအခိုက်တွင် ၀န်ကြီးကတော် ပြေးဝင်လာ၍ “ကောင်းနိုင်ကြသေးရဲ့ လားရှင်၊ တင်တင်မြင့်ကျောင်းအသွားမှာ ကားမှောက်ပြီး ဆေးရုံရောက်နေပြီတဲ့။ တယ်လီဖုန်းလာနေတယ်။” ဟုပြောလိုက်ရာတွင် ပန်းစည်းဆက်သဖြင်းများ ခံယူနေသည့်အသွင်အပြင်နှင့် မိန့် ခွန်းကို ချီးကျူးကြသည့် သြဘာလက်ခုပ်သံများသည် (အိပ်ယာမှ လန့် နိုးသူ၏ အိပ်မက်ကဲ့သို့ ) ၀န်ကြီး၏ မျက်စိထဲ၊ နားထဲမှာ ရုတ်တရတ်ချက်ချင်း ကွယ်ပျောက် သွားကြလေတော့သည်။
နှိုင်းယှဉ်ချက်
ဤနေရာ၌ ဆိုဖာပေါ်တွင် ၀န်ကြီး၏စိတ်ကူးနှင့် လူတစ်ယောက်၏ အိပ်မက်မက်ခြင်းတို့ သည် မည်ကဲ့သို့ ခြားနားခြင်း ရှိပါသနည်း။
ဝန်ကြီး၏ စိတ်ကူးမှာ တကယ့်အဖြစ်အပျက်ဖြစ်၍ အိပ်မက်မှာ တကယ်မဟုတ်ဟု ဆိုခဲ့လျင် အိပ်မက်ထဲက အဖြစ်အပျက်မှာလည်း မနိုးသေးမီ အခိုက်အတန့် တွင် အဟုတ်တကယ်ပင် ထင်ရသည် မဟုတ်ပါလော။ အိပ်မက်ထဲတွင်လည်း ၀မ်းသာစရာရှိလျင် ၀မ်းသာရသည်။ ၀မ်းနည်းစရာရှိလျင် ၀မ်းနည်းရသည်။ ကြောက်စရာရှိလျင် တကယ်ကြောက်ရသည်ပင် မဟုတ်ပါလော။ နိုးလာသောအခါ၌ ထိုအခြင်းအရာများ ပျောက်ကွယ်ရသည့်နည်းတူ ၀န်ကြီးမှာလည်း သမီးကားမှောက်သည်ဆိုသော သတင်းကိုကြားရသောအခါတွင် ပန်းစည်းဆက်သော အမျိုးသမီးကလေးများနှင့် သြဘာလက်ခုပ်သံများသည် ချက်ချင်း ကွယ်ပျောက် သွားတော့သည် မဟုတ်ပါလော။ ဤမျှသာမကသေး၊ ပန်းစည်းဆက်သော ရူပါရုံနှင့် သြဘာလက်ခုပ်တီးသော သဒ္ဒါရုံတို့ ကြောင့် ဖြစ်ပေါ်ခဲ့သော ကြည်နူးမှုလည်း ကွယ်ပျောက်သွား၍ သမီးအတွက် ရတက်ပွေရသည့် သောကစိတ် ၀င်ရောက်လာတော့သည် မဟုတ်ပါလော။ တခဏချင်း ကွယ်ပျောက်နိုင်၍ တခဏချင်း ပြောင်းလဲနိုင်သော အခြင်းအရာကို အဟုတ်တကယ်ဟူ၍ မှတ်ယူထိုက်ပါသလော။ အိပ်မက်ထက် ဘယ်လောက်များ ပိုပြီးခိုင်မြဲမှု ရှိပါသေးသနည်း။
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၂)
“ထင်ကြေး” နှင့် ကြည်နူးခြင်း
တဖန် သောင်းသောင်းဖြဖြကြိုဆိုကြခြင်းများ၊ ပန်းစည်းဆက်ကြခြင်းများသည် အတိတ်ကာလ၌ဖြစ်ပျက်ခဲ့သော အခြင်းအရာများသာဖြစ်၍ ဆိုဖာကြီးပေါ်၌ ၀န်ကြီးထိုင်လျက်ရှိသောအချိန်တွင် ပြီးပျက်ကုန်ဆုံးသွားခဲ့ပြီ မဟုတ်ပါလော။ ထိုအချိန်တွင် ကြိုဆိုကြသော အရာရှိများနှင့် မြို့ မိမြို့ ဖများအနက်မှ တစ်ယောက်နှစ်ယောက်ပင် ကွယ်လွန်ချင် ကွယ်လွန်နိုင်ပြီ မဟုတ်ပါလော။ ၀န်ကြီးအား စည်စည်ကားကား ကြိုဆိုနိုင်စေရန်အတွက် အချို့ အလုပ်ရုံမှ အလုပ်သမားများအား ပိုက်ဆံပေးပြီး အလုပ်ပိတ်ပေးရခြင်းလည်း ဖြစ်နိုင်သည်။ ရှက်တတ်ပါသည်ဆို၍ ပန်းစည်းမဆက်ချင်သော အမျိုးသမီးကလေးအားလည်း ချော့မော့၍ဖြစ်စေ၊ ခြိမ်းခြောက်၍ဖြစ်စေ တိုက်တွန်းခဲ့ရခြင်းလည်း ဖြစ်နိုင်သည်။ ကြိုဆိုကြရသော အရာရှိများအနက်တွင်လည်း ၀န်ကြီးတွေ ခဏခဏ ကြိုဆိုကြရ၍ အလုပ်ပျက်လှသည်ဆိုကာ မလွဲမရှောင်သာ၍ စူစူအောက်အောက်နှင့် လိုက်ပါလာရသူများလည်း ပါနိုင်သည်။ ရာထူးတိုးဖို့ မျှော်လင့်ချက်ဖြင့် ကြည်ကြည်ဖြူဖြူ ကြိုဆိုကြသော အရာရှိများလည်း ပါနိုင်သည်။ ၀န်ကြီးတစ်ယောက်နှင့် မျက်မှန်းတန်းမိလျင် မြတ်သည်ထင်သော မြို့ မိမြို့ ဖများလည်း ပါနိုင်သည်။ မနေ၀ံ့သောကြောင့် မလွှဲသာ၍ လိုက်ပါလာကြသော မြို့ မိမြို့ ဖများလည်း ပါနိုင်သည်။
သို့ ပါလျက် ၀န်ကြီးကမူ ယာဉ်ပေါ်မှဆင်း၍ ပရိတ်သတ်ထုကြီးကို မြင်လိုက်ရသည်နှင့် တပြိုင်နက် “ငါ့ကို ကြည်ညိုလေးစားခြင်းကြောင့် ကြိုဆိုကြသည်” ဟု အားလုံးသိမ်းကျုံး၍ “ထင်” လိုက်ပြီး နှုတ်ခမ်းမွေးသပ်မိလေတော့သည်။ မူလကတည်းက ထင်ကြေးဖြင့် ကြည်နူးခဲ့ရသော အခြင်းအရာတစ်ခုခု ပြီးဆုံးသွားသည်တိုင်အောင် နောင်အခါကာလ၌ ပြန်လည်တွေးတောခြင်းအားဖြင့် (ချေးခြောက်ကို ရေနှူးပြီး) ကြည်နူးရခြင်းသည် ဘယ်လောက်များ ခံတွင်းတွေ့ ဖို့ ထိုက်ပါသနည်း။ အိပ်မက်ထက်ပိုပြီး ဘယ့်ကလောက် ခြေခြေမြစ်မြစ် မည်မည်ရရ ရှိပါသနည်း။
ဝန်ကြီးတစ်ယောက်ကို ဥဒါဟရုဏ်ဆောင်၍ပြရခြင်းမှာ ဤလက်ထက်၌ လူအများမက်မောကြသော အခြေအနေမျိုးဖြစ်သောကြောင့် ထင်ရှားစေရန်အတွက်သာ ဖြစ်ပေရာ၊ ခပ်သိမ်းသော လူတို့ သည်လည်း ဤနည်းနှင်နှင် စိတ်ကူးယဉ်ကာ အိပ်မက်လောကထဲ၌ တစ်သံသရာလုံးလုံး နေလာခဲ့ကြသည်ချည်း ဖြစ်လေသည်။
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၃)
ဒိဋ္ဌလောကဟူသည်ကား အဘယ်သို့ နည်း။
အထက်ပါ ဥဒါဟရုဏ်၌ ၀န်ကြီးသည် ၄င်း၏နေအိမ်အတွင်း ဆိုဖာပေါ်၌ထိုက်လျက် ဆေးလိပ်သောက်နေသည်ဟု ဆိုခဲ့သည် မဟုတ်ပါလော။ ထိုအခိုက်တွင် လမ်းပေါ်မှ ကားသွားသံနှင့် ဟွန်းသံများ ကြားကောင်းကြားပေလိမ့်မည်။ နောက်တခဏတွင် ကားသံရော၊ ဟွန်းသံပါ (သူ သတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ကုန်ဆုံးကွယ်ပျောက် သွားကြပေလိမ့်မည်။ သူ၏ စပယ်နီယယ် ခွေးကလေးတက်လာသည်ကို မြင်လိုက်ရ၍ သူ၏ခြေသလုံးကို ပွတ်သီးပွတ်သပ် လုပ်ခြင်းကြောင့် ရူပါရုံထိခိုက်ခြင်းနှင့် ဖောဋ္ဌဗ္ဗရုံ အတွေ့ သဘောတို့  (သူ သတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ဖြစ်ပေါ်ပြီး ကွယ်ပျောက်ကုန်ဆုံးသွားကြပေလိမ့်မည်။ ဆေးလိပ်ကို ဖွာလိုက်သည့်အခါ ဖြစ်ပေါ်လာသော ရသာရုံနှင့် ဆေးလိပ်မှထွက်သော မီးခိုးငွေ့ များသည် အထက်သို့ တလိပ်လိပ်တက်ခြင်းကို မြင်ရ၍ (သူသတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ကုန်ခန်းကွယ်ပျောက်သွားပေလိမ့်မည်။ စားပွဲပေါ်ရှိ ပန်းစိုက်ကရားထဲမှ နှင်းဆီပန်းရနံ့ သည် သူ၏နှာဝသို့  တစ်ချက်တစ်ချက်တိုးဝင်၍ မွှေးကြိုင်သော ဂန္ဓာရုံကို ခံစားရပေလိမ့်မည်။ ထို့ နောက် လေမသင့်ပြန်သဖြင့် ကွယ်ပျောက်သွားပေလိမ့်မည်။ ထိုင်လျက်ရှိသော ဆိုဖာကြီး၏ နူးညံ့သော အ၀တ်ခင်းနှင့် စပရိန်တို့ ၏ ပျော့အိသော အတွေ့ ကို (သတိပြုမိတိုင်း) ခံစားခွင့်ရှိပေလိမ့်မည်။ သတိမပြုမိသော အခါ၌ ခံစားသောဝေဒနာသည်လည်း ကွယ်ပျောက်ကုန်ဆုံးသွားပေလိမ့်မည်။ ၀န်ကြီး၏ “ဒိဋ္ဌလောက” ၌မူကား ပန်းစည်းဆက်သော အမျိုးသမီးကလေးများလည်း မရှိ။ ပမာမခန့် ရေးသော အယ်ဒီတာလည်း မရှိ။ သောင်းသောင်းဖြဖြ ကြိုဆိုကြသော ပရိတ်သတ်လည်း မရှိချေ။ အကယ်၍ ထိုဝန်ကြီးသည် “အိပ်မက်လောက” ထဲ၌ မနေမူ၍ “ဒိဋ္ဌလောက” ထဲ၌သာ နေမိပါမူ အယ်ဒီတာအပေါ်၌ ဒေါပွသောစိတ်လည်း ဖြစ်စရာမရှိ။ ငါလုပ်ချင်တိုင်း လုပ်နိုင်ပြီဟု အထင်ရောက်သော မာနသဘောလည်း ၀င်လာနိုင်ခွင့် ရှိလိမ့်မည် မဟုတ်ချေ။
လက္ခဏာတင်နိုင်ခြင်း
အကြင် ယောဂီပုဂ္ဂိုလ်သည် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” ဟူသော ဗုဒ္ဓ၏ သြ၀ါဒအတိုင်း လိုက်နာကျင့်သုံးသောအခါတွင် ၄င်း၏စိတ်သည် အိပ်မက်လောကထဲ၌ မျော၍မပါတော့ဘဲ (အချိန်အပိုင်းအခြားနှင့် ဖြစ်စေ) ဒိဋ္ဌလောက၌ နေဖို့ ကြိုးစားရလေတော့သည်။ ယင်းသို့ ကြိုးစားရာ၌ လက်ငင်းအချိန်ကာလနှင့် “ဤနေရာ ဤဌာန” အပေါ်၌သာ (now & here) စိတ်ကိုထိန်းထားနိုင်သည့်အခါ အသစ်အသစ်ဖြစ်ပေါ်လာသော အခြင်းအရာကလေးများသည် နောက်တခဏတွင် ကုန်ဆုံးပျောက်ကွယ်တတ်သော သဘောကို ကြာလေမြင်လေ ဖြစ်လာပေလိမ့်မည်။ တစ်ခါတစ်ရံ အလိုမကျမှုတည်းဟူသော ဒေါမနဿဖြစ်ရာမှ သတိရ၍ ဒိဋ္ဌလောကထဲသို့  ပြန်ဝင်လိုက်သောအခါ ဒေါသစိတ်ပျောက်ကွယ်သွားခြင်းကို တွေ့ ရမည့်ပြင် ခုနက ဖြစ်ခဲ့မိသော ဒေါသစိတ်သည် ဘယ်ဆီသို့ ရောက်သွား၍ ဘယ်နေရာ ဘယ်ဌာန၌ စုပုံလျက်ရှိလေသနည်းဟူသည်ကို ရှာဖွေရင်း၊ စုပုံလျက်မရှိခြင်းကို သိခြင်းဖြင့် တစ်ဆင့်တက်၍ ရင့်ကျက်သောစိတ် ဖြစ်လာနိုင်သည်။ တောင်တောင်အီအီ စဉ်းစားခြင်းမဟုတ်ဘဲ၊ ဒိဋ္ဌလောကထဲမှ ပေါ်ထွက်လာသည့် အနိစ္စသဘော၊ အနတ္တသဘော စသည်ဖြင့် အလျဉ်းသင့်သလို ဆင်ခြင်သုံးသပ်ခြင်းကို သမ္မာသင်္ကပ္ပ ဟု ခေါ်ဆိုရပေလိမ့်မည်။ လက္ခဏာရေးသုံးပါးကို ပါးစပ်မှ ရွတ်ဆို၍ စိပ်ပုတီးအပတ်တစ်ထောင် စိပ်ခြင်းအားဖြင့် ရုပ်၏ အနိစ္စသဘော၊ စိတ်၏ အနတ္တသဘော စသည်ကို တစ်ကြိမ်တစ်ခါမျှပင် ထိုးထွင်းသိမြင်ဖို့  ခဲယဉ်းပေလိမ့်မည်။ငြိမ်းချမ်းပါပေသည်တကား ဟူ၍ သဘောပေါက်လာတော့သည်။

0 comments:
Post a Comment