* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, August 25, 2009

မဂဓတက္ကသိုလ်ကျောင်းသား


(၁)
သူငေးမျှော်ကြည့်နေမိသောဂယာသည် လွန်ခဲ့သော နှစ်ဆယ့်ငါးရာစုကျော်ဆီက ညနေချမ်တစ်ခုနှင့် ကွဲပြားခြားနားနေတော့မည်မှာ သေချာလှပါသည်။ ဤနေရာသည် တစ်ချိန်က ၀ိဝေကမြတ်နိုးသည့် သူတော်စင်တို့အတွက် ဆိတ်ငြိမ်အေးချမ်းသော ဥရုဝေလတောအုပ်လေးဖြစ်သည်။ နေရဉ္ဖရာမြစ်ကမ်းပါးဆီက ခြေကျွံလာသော လေအေးအေးသည် ဤတောအုပ်လေးကို ဓမ္မသိင်္ဂါရဖြင့် ထွေးပွေ့ထားပေမည်။

ယခုဂယာသည် ရာစုသစ် ဒစ်ဂျစ်တယ်လ်ပြကွက်ထဲက တဖျတ်ဖျတ်လက်နေသော ဂယာဖြစ်နေသည်။
အထွတ်အထိပ်အသိဉာဏ်သီးပွင့်ရာ ညောင်မြတ်မဟာသည်ပင် ဗုဒ္ဓအရှင်ကို အလွန်အကျွံလေးမြတ်သူတို့၏ သဒ္ဓါယိုစီးမှုဖြင့် ယိမ်းယိုင်နေခဲ့ပြီ။ ယမန်နေ့က အိန္ဒိယတိုင်းသတင်းစာ( ၁၇၊၃၊၂၀၀၈)တွင် မဟာဗောဓိညောင်ပင်မြတ်သည် အတိုင်းအဆမဲ့စွာ မီးပူဇော်ကြသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်လွန်ကဲသော ဒဏ်ကြောင့် ကျန်းမာရေးချို့တဲ့နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အခြားနေရာတစ်ခုကို ပူဇော်ရာနေရာတစ်ခုအဖြစ် သတ်မှတ်သင့်ပြီဖြစ်ကြောင်း စသည်ဆွေးနွေးတိုင်ပင်ကြသည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။

တစ်ကမ္ဘာလုံး၏ သဒ္ဓါအနမ်းအောက်က ညောင်ပင်အိုသည် သူကိုယ်တိုင် မနာယူလိုက်ရသော အနတ္တလက္ခဏသုတ်ကိုသာ ဆင်ခြင်ဖို့ရှိတော့သည်။မည်သို့ဖြစ်စေ သူသည်လည်း ပုထုဇဉ်ရဟန်းတစ်ပါးပီပီ သစ္စာဓါတ်စီးခဲ့ဖူးလေသည့် ညောင်ရွက်လေးတစ်ရွက်ပူဇော်ခွင့်ရဖို့ လေညှင်းခချိန်ကို စောင့်မျှော်ရသည့် ရသကိုတော့ ခုံမင်နေဆဲပင်။

သူသည် ပညာသင်ရဟန်းတစ်ပါးအဖြစ် ငယ်စဉ်က တိုးတိတ်စွာ လွမ်းမောခဲ့ရသော မဇ္ဈိမဒေသနှင့် ကျွမ်းဝင်ခွင့်ရလာသည့်အခါ ဂယာ၏ ဆီးကြိုမှုက အိက်မက်ပမာဖြစ်နေခဲ့သည်။ သူမျှော်လင့်ပုံဖော်ထားသည့် ဂယာတော့ မဟုတ်ခဲ့။ သူကိုယ်တိုင်ကပင် ၀ိဝေကကို မရှုမြင်တတ်သည်လား၊ ဂယာသည် ရောင်စုံဂိုဏ်းဂဏနှင့် ဒဿနရောယှက်မှုတို့ဖြင့် ရှုပ်ထွေးငြိကပ်ကာ သူ့ရင်ထဲတွင် ဆူညံနေလေသည်။

ကြီးမြတ်သော အရှင်လျှောက်ခဲ့သော လမ်းတွင် လူသူစိမ်းတို့၏ ခြေသံကို ကြားနေရသလိုပင်၊ သို့သော် အရှင့်ဓမ္မ၊ အရှင့်အသံကို ဖွင့်ဆိုပုံ ကွဲပြားနေကြသည့်တိုင် အရှင်မြတ်၏ အမည်တော်ကို မြတ်နိုးတသ တဖွဖွ ရွတ်ဖတ်သရဇ္ဈာယ်နေကြသူတို့၏ မျက်ဝန်းတွင်ရွှန်းမြကြည်လဲ့သော ဗြဟ္မစိုရ် ရိပ်ကို ဖမ်းဆုပ်မိပြန်သည်။

ဂယာသည် ပြည့်စုံသော ရှုမျှော်ခင်းဖန်သားပြင်တစ်ချပ်ဖြစ်ကြောင်း ငြင်းကွယ်မရ၊ သံပြိုင်တရားဓမ္မရွတ်ဖတ်သံများ၊ ထူးထွေဆန်းပြားစွာ ပုံဟန်အမျိုးမျိုးဖြင့် ၀တ်ပြုဆုတောင်းနေကြသူများ၊ ဖိတ်စင်ကြလာမည့် စေတနာအပိုင်းအစလေးအတွက် မွတ်သိပ်စွာ တိုးဝှေ့နေသော သူဖုန်းစားများ၊ ဟိုးခပ်ဝေးဝေးဆီက တရွေ့ရွေ့ပြန်ထွက်သွားသော လူစုလူဝေးများ၊ ထည်ဝါသောဘာသာရေးခန်းဆောင်များ၊ ညစ်ထေးထေးကလေးသူငယ်များ၊ နိုင်ငံတကာဆန်သော အငွေ့အသက်များကြားက ဖုံးဖိမထားနိုင်သော ရွံရှာဖွယ်အနံ့များ၊ စာသင်ကျောင်းမှိန်မှိန်လေးများ၊ နေပူကျဲကျဲဂျုံစိုက်ခင်းထဲက ဆာရီဝတ်ကောက်ရိတ်သမများ၊ ခွန်အားချိနဲ့နေသည့်တိုင် ဆိုက်ကားနင်းနေရရှာသော ရစ်က်ရှောဝါလားအဖိုးအိုများ၊

ဂယာသည် ပို့စ်မော်ဒန်နေ့စွဲများထဲက ကျေးလက်အသွေးအသားနှင့် အင်တာနက်ကဖေး ရောယှက်ထားသော သရုပ်မှန်ချင်ရှာသော ရပ်ဝန်းလေးတစ်ခုသာ ဖြစ်သည်။ ဂယာကို ပတ်ခွေစီးနေသော ဤညနေခင်းနာရီလက်တံရွေ့လျားမှုများနှင့်အတူ မဟာဗောဓိပရိဝုဏ်၏ မှိန်လိုက်လင်းလိုက် သမိုင်းဆေးသားများက ရောနှောပျက်ပျယ်မသွားခဲ့။ ရှုပ်ထွေးနက်ရှိုင်းလှသော အိန္ဒိယ၏ သမိုင်းအချိုးအကွေ့များကြားတွင် ကိုယ်ပိုင်အမည်နှင့် ကိုယ်ပိုင်ဟန်ကို ခိုင်ခံ့လှသော ကျောက်သားထုထည်ဖြင့် ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။

ဂယာလေယာဉ်ကွင်းသည် ဓမ္မခရီးသည်အတွက် နိဗ္ဗာန်ဆိပ်ဖြစ်နေသည်။ ဂယာကို ပေးဆပ်လိုသူများ၊ ဂယာကို ထုပ်ပိုးယူငင်လိုသူများ၊ ဘာပဲဖြစ်ဖြစ် ထိုသူတို့၏ ခြေလှမ်သည် တစ်စုံတစ်ခုကို အရယူဖို့ဖြစ်ကြောင်းသေချာလှပါသည်။

သူကိုယ်တိုင်ကရော ဘာများရယူဖို့ မျှော်လင့်ထားခဲ့မိပါလိမ့်၊



(၂)

သူ့ကို မဇ္ဈိမနေ့ရက်များထဲ သိမ်းသွင်းခဲ့သော အဓိကအရာသည် သူကိုယ်တိုင်၏ ဘယ်တော့မှ မဆုံးနိုင်သော အသိပညာငတ်မှုဆာလောင်မှုပင်ဖြစ်သည်။ ထိုသို့ဖြင့် သူသည် မဂဓတက္ကသိုလ်ကျောင်းတက်ချိန်ဇယားများနှင့် အသားကျအောင် ကြိုးစားရလေ့ရှိသော မြန်မာရဟန်းတော်များစာရင်းတွင် သူ့အမည်ကို ရေးထိုးဖြစ်သွားသည်။ မဂဓတက္ကသိုလ်သည် ဗုဒ္ဓဂယာနှင့် နှစ်ကီလိုမီတာခွဲခန့်အကွာအဝေးတွင် တည်ရှိသည့် ဘီဟာရ်ပြည်နယ်၏ ဂုဏ်ဆောင်တက္ကသိုလ်ကြီးဖြစ်သည်။

ဤတက္ကသိုလ်ကြီးတွင် ဓမ္မာစရိယဘွဲ့ရ မြန်မာရဟန်းတော်များတက်ရောက်သင်ယူနိုင်သည့် ပါဠိဌာန၊ ဗုဒ္ဓဒဿနိကဌာနနှင့် ဗုဒ္ဓသမိုင်းသုတေသနဌာနဟု ဌာနသံးခုရှိရာတွင် သမိုင်းမျက်လုံးမှုံဝါးလွန်းသည့် သူ့အနေဖြင့် နောက်ဆုံးဘာသာရပ်ကို ရွေးချယ်ခဲ့လေသည်။

ကုသိုလ်ပညာ ဥစ္စာရဖို့ သင်ရာအရပ်အမြဲနေ ဟူသော ငယ်စဉ်က စွဲမြဲခဲ့ရသော မင်္ဂလာနီတိ၏ တွန်းအားဖြင့်သာ မဂဓတက္ကသိုလ်ကျောင်းသားဘ၀စဦးနေ့ရက်များကို ကြိတ်မှိတ်ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။
ကုသိုလ်ရဖို့ မဟာဗောဓိစေတီအရိပ်အောက်မှာ။
ပညာရဖို့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတစ်ခု၏ စာသင်ခန်းထဲမှာ။
ဥစ္စာရဖို့ကတော့ ရွာဦးကျောင်းဆရာတော်ဆော်သြ၍ မိဘဆွေမျိုးများ၊ရပ်ရွာဒကာဒကာမများ ကျစ်ကျစ်ပါအောင် စုထုပ်ပေးလိုက်သော ၀တ္ထုငွေစကြေးစလေးကို လောက်ငှအောင် သုံးစွဲရုံကလွဲ၍ ဘာမှမျှော်လင့်ချက်မရှိ။ သို့သော် သီတင်းသုံးဖော် မိတ်ဆွေများ၏ ကံသုံးပါး ကူညီစောင့်ရှောက်မှုက သူ့အတွက် လုံခြုံခဲ့ပါသည်။

ဂယာရောက်စနေ့ရက်များသည် သူ့အတွက် မှတ်မှတ်ရရရှိလွန်းလှသည်။ တက္ကသိုလ်အဆောင်က ချက်ချင်းမရခဲ့။ အခန်းလျှောက်လွှာ ပုံစံဖြည့်ပြီး တင်ထားဖြစ်ခဲ့သည်။ လပိုင်းနှင့် ရလျှင် ရမည်။ သို့မဟုတ် နှစ်နှင့်ချီပြီးလည်း စောင့်ရတတ်သည်ဟု မိတ်ဆွေများက အပြုံးတစ်ဝက်ဖြင့် အားပေးကြလေသည်။ နိုင်ငံသားဦးစားပေးစနစ်ကိုသာ ကျင့်သုံးသဖြင့် သူ့လိုတိုင်းတစ်ပါးသားတစ်ဦးအတွက် မျှော်တလင့်လင့် ဇာတ်ဝင်ခန်းထဲမျောပါရချေဦးမည်။ (အမှန်တကယ်ပင် ပညာသင်နှစ်တစ်ခုကုန်ဆုံးသွားသောအခါမှသာ သူသည် အဆောင်နေကျောင်းသားဘ၀ကို ရဲဝံ့စွာ ကြေငြာဖြစ်လေသည်။ ယခု သူရေးခြစ်နေသော စာကြောင်းများသည် မဂဓတက္ကသိုလ်အဆောင်တံခါးချပ်များကို တိုးဝှေ့ဝင်ရောက်လာသော အတွေးစများကို လိုက်ကောက်နေမိခြင်းသာဖြစ်လေသည်)

အဆောင်မရသောကျောင်းသားတစ်ယောက်အနေဖြင့် မဟာဗောဓိစေတီအနီးရှိ ဈေးနှုံးချိုသာသော ပုဂ္ဂလိကအဆောင်တစ်ခုတွင် ငှားရမ်းနေထိုင်ခဲ့ရသည်။ ထိုအဆောင်၏ အမည်မှာ ဗုဒ္ဓရိပ်သာဖြစ်သည်။ အမှန်တကယ် ဈေးနှုံးချိုသည်တော့ မဟုတ်ပါ။ သူပေးနိုင်သော နောက်ဆုံးဈေးနှုံးနှင့် အဆင်သင့်သွားခြင်းသာဖြစ်လေသည်။

သူ့အတွက် ပထမဆုံးအခက်အခဲသည် ဆွမ်းဟင်းချက်တာဝန်ဖြစ်၏။ ရန်ကုန်မန္တလေး စာသင်သားဘ၀က ဆွမ်းဆွမ်းဟင်းဆိုသည်မှာ သပိတ်တစ်လုံး၏ အရေးသာဖြစ်သည် စာချဆရာဘ၀မှာတော့ ဆွမ်းကွမ်းကိစ္စက ပူစရာမလိုပြီ။ သို့သော် ယခုသူသည် စာချဆရာတော်တစ်ပါးဟူသော အရေခွံကို ရန်ကုန်လေဆိပ်မှာပင် ခွာချထားခဲ့ရသည်။လမ်းမကြီးငယ်တွေပေါ်မှာ ဆွမ်းခံကြွနိုင်သည့် ရဟန်းတစ်ပါး၏ အခွင့်အလမ်းသည်လည်း ဘာသာမတူ လူမျိုးကွဲပြားသည့် တိုင်းတစ်ပါးတွင် မရှိနိုင်တော့လေပြီ။

အိန္ဒိယသို့ပညာသင်သွားမည်ကိုသိသော အဖွားအိုတစ်ယောက်က သပိတ်လေးတစ်လုံး လာရောက်လှူဒါန်းသည်ကို သတိရနေမိသည်။ အိန္ဒိယ၏ အခြေအနေမှန်ကို သိပြီးဖြစ်သော်လည်း အလွန်ရိုးသားရှာသည့် အဖွားအို၏ သဒ္ဓါတရားကို သူမပစ်ပယ်ရက်၊ သင့်တော်သလို အသုံးပြုပါမည် ဟု ၀န်ခံကာ အလှူခံခဲ့သည်။ ယခုအချိန်တွင် ကိုရင်လေးတစ်ပါးကတော့ ထိုသပိတ်လေးကို အကျိုးရှိစွာ အသုံးချနေပေတော့မည်။

ယခုတော့ သူသည် အဆင့်မြင့်တက္ကသိုလ်ပညာရေးဟူသော ခေါင်းစဉ်အောက်တွင် ၀ိနည်းကျင့်ဝတ်ကို ယွင်းပျက်စေနိုင်သော အပြုအမူ အပြောအဆိုမှလွဲ၍ အရာရာကို မျက်စိမှိတ်ထားရမည့် မဇ္ဈိမပညာတော်သင်ဖြစ်နေပြီ။ ပညာရေးမပြည့်စုံ မထင်ပေါ်လှသေးသော ရှင်ငယ်ရဟန်းငယ်တစ်ပါးကိုပင် နှစ်ရှစ်လများဆွမ်းလောင်းလှူကြသည့် သူ့ဒကာဒကာမများ၏ ကျေးဇူးတရားသည် ယခုလိုအခြေအနေမျိုးတွင် ပို၍ပင် လင်းလက်တောက်ပလာလေသည်။

ကံကောင်းထောက်မစွာပင် သူနေထိုင်ရာအဆောင်တွင် စုပေါင်းချက်ပြုတ်သည့် စနစ်ကို ကျင့်သုံးသည်မို့ ဆွမ်းဟင်းမချက်တတ်ခင် ဈေးဝယ်ထွက်ရသည်။ ပထမတစ်ပတ်ခန့် ဂယာဈေးထဲ ဦးဇင်းတစ်ပါး၏ နောက်က ဈေးခြင်းဆွဲ၍ လိုက်ရသည်။ ထိုတစ်ပတ်အတွင်းမှာပင်ဈေးဝယ်ရန်လုံလောက်သည့် ဝေါဟာရအချို့ကို လေ့ကျက်မိသွားသည်။

“ယေးဝါလား ဧကီလို ကစ်တနားဟဲ”
(ဒါ တစ်ကီလို ဘယ်လောက်လဲ)
လက်ညှိုးတစ်ချောင်းကူလိုက်လျှင် သူ့ဈေးခြင်းထဲတွင် ချက်ပြုတ်စရာ ဟင်းအမယ်များပြည့်သွားပေမည်။
ဧ၊ဒိုး၊တီးန်၊ကျားစသည့် ဂဏန်းအရေအတွက်များကိုတော့ အပိုင်ကျက်ထားပြီးဖြစ်၏။ ဈေးဝယ်သင်တန်းတက်နေချိန်မှာပင် ဟင်းချက်သင်ခန်းစာများကိုလည်း ဆည်းပူးနေရသည်။ ကြက်သွန်လှီး၊ အာလူးအခွံနွှာ။ငရုပ်သီးထောင်းစသော အခြေခံလေ့ကျင့်ခန်းများ။

သီတင်းသုံးဖော် မိတ်ဆွေတို့ အလှည့်ကျချက်ပြုတ်ကာ စုစုဝေးဝေးဝေးဘုန်းပေးနေကြသည်ကို မြင်တော့ သူသည်လည်း ထိုဝေယျာဝစ္စကုသိုလ်ကို ပြုလုပ်ရန် လက်ယားနေမိသည်။ ထိုဆန္ဒကို ရိတ်မိသော စီနီယာရဟန်းတော်တစ်ပါးက “ ငါ့ရှင်ရေ ဟင်းချက်တာ ငယ်ငယ်က သင်္ဂြိုဟ်သရုပ်ခွဲသလောက်မခက်ပါဘူး၊ အခုတက္ကသိုလ်မှာ သင်ရတဲ့ ဘာသာတွဲထဲက သဒ္ဒဗေဒ၊ ဘာသာဗေဒစကားလုံးအရင်းအမြစ်ရှာဖွေ ဆက်စပ်ရသလိုမျိုးပဲ၊ ဟိုစင်ပေါ်မှာ တင်ထားတဲ့ ဆားဗူး၊ နနွင်းဗူး၊ ငရုပ်သီးမှုန့်ဗူး၊ အချိုမှုန့်ဗူးတွေ တွေ့လား၊ ချက်မယ့် ဟင်းထဲ အဲဒါတွေ ရောထည့်လိုက်၊ အစပ်တည့်သွားရင် ဟင်းဖြစ်ပြီ။”
သူ့သြ၀ါဒအတိုင်း ချက်ပြုတ်ကြည့်ရာ လအနည်းငယ်ကြာသည်အထိ အစပ်မတည့်ခဲ့၊ မိတ်ဆွေရဟန်းများ၏ ကောင်းချီးပေးသံသည်သာ သူ့အတွက် ဟင်းဖြစ်ခဲ့သည်။ သူအလွန်အမင်းချက်ပြုတ်လိုမှန်းသိ၍ ဟင်းချက်အလှည့်ကျစာရင်းတွင် ထည့်သွင်းထားရသော်လည်း သူ့အမည်နောက်တွင် (စမ်းသပ်ဆဲကာလ) ဟု မှတ်ချက်ပေးထားလေသည်။ သူဟင်းချက်အလှည့်ကျသည့် နေ့တွင် အခြားကျွမ်းကျင်အဆင့် ရဟန်းတစ်ပါးက စောင့်ကြပ်နေပေတော့မည်။

အိန္ဒိယပညာသင်ရဟန်းတော်တို့လောကတွင် “မငတ်ခြောက်လ ငတ်ခြောက်လ” ဟူသော ဝေါဟာရရှိသည်။ အောက်တိုဘာလမှ မတ်လအထိ ဗုဒ္ဓဂယာဘုရားဖူးရာသီကို မငတ်ခြောက်လဟု တင်စားလိုခြင်းဖြစ်သည်။ ဘုရားဖူးအဖွဲ့အသီးသီးနှင့်အတူ မြန်မာပြည်မှ စေတနာရှင်တို့ စုပေါင်းလှူဒါန်းလိုက်ကြသည့် ကော်ဖီမစ်ထုပ်၊ လက်ဖက်ထုပ်လို စားသောက်ဖွယ်ရာများ၊ ငါးခြောက်ငါးခြမ်း၊ပုန်းရည်ကြီးလို ချက်ပြုတ်ဖွယ်ရာများ ရောက်ရှိလာပြီဆိုလျှင်တော့ မြန်မာရဟန်းတော်အချင်းချင်း ဝေကြငှကြ ကြည်နူးစရာဖြစ်သည်။ သူတို့ မြန်မာစာအုပ်စာပေငတ်မည်ကို စဉ်စားမိဟန်တူသော စေတနာရှင်အချို့ကတော့ လှူဖွယ်ပစ္စည်းများနှင့်အတူ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ဂျာနယ်များ ထည့်သွင်းပေးပို့ကြလေသည်။
ထိုနေ့ရက်များတွင် သူ့အခန်းလေးသည် မြန်မာ့ရနံ့ မြန်မာ့အငွေ့အသက်တို့ဖြင့် နွေးထွေးလုံခြုံနေလေသည်။ ဘုရားဖူးရာသီတွင် ဆွမ်းအတွက် လစဉ်ကြေးအနည်းငယ်အသက်ရူချောင်သွားသည့်အတွက် ဖတ်ချင်သည့် စာအုပ်အချို့ကို တိုးဝယ်ဖြစ်ခဲ့သည်။ စာရေးဆရာကြီးပါရဂူ၏ သျှန္တိနိကေတန်စာကြည့်တိုက်လို သူလည်း တစ်ခုခုတော့ ပေးဆပ်လိုပါသေးသည်။

(၃)

သူနေထိုင်ရာ ရိပ်သာနှင့် သူတက်ရောက်ရမည့် တက္ကသိုလ်၏ အကွာအဝေးသည်လည်း သူကိုယ်ပိုင် န၀ကမ္မလေးကို နေ့စဉ်ညှစ်ထုတ်ကြပြန်လေသည်။ နံနက်ငါးနာရီတွင် သူအိပ်ရာထမည်။ ထမင်းကြော်တစ်ပွဲ သို့မဟုတ် ပေါင်မုန့်ကြမ်းနှစ်ချပ်ခန့်သည် သူ့အတွက် ဝေစုရ နံနက်စာဖြစ်သည်။ ပြီးလျှင် သူနေထိုင်ရာရိပ်သာမှ ငါးမိနစ်ခန့် လမ်းလျှောက်ရသော မဟာဗောဓိစေတီတော်သို့ စောစောသွားကာ တရားဓမ္မရှုမှတ်၊ သို့မဟုတ် သုတ္တန်တစ်ခုခုကို ရွတ်ဖတ်ကာ ပူဇော်နေမည်။

ဘုရားမှ ပြန်လာပြီးချိန်တွင် ဟင်းချက်ရန်အလှည့်မကျလျှင် သူ့အခန်းကျဉ်းလေးထဲတွင် ငြိမ်ကုပ်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေမည်။ သို့မဟုတ် မပြီးပြတ်သေးသော ကျောင်းသင်ခန်းစာများနှင့် လုံးထွေးနေမည်။ တစ်ခါတရံမှာတော့ သူ့အင်္ဂလိပ်စာအသံထွက် ပိုမိုချောမွတ်စေရန် ရေဒီယိုလေးတစ်လုံးဖြင့် နိုင်ငံခြားသတင်းဌာနများ၏ သတင်းထုတ်ပြန်ကြေငြာချက်များကို နားထောင်ရင်း တီးတိုးလိုက်ဆိုနေမည်။ ကုလားစကားကတော့ ခါနာ ပီနား (ထမင်းစားရေသောက်)ပြောတတ်နေပြီ။ ကိုယ်ပိုင် ကွန်ပြူတာနှင့် အလှမ်းကွာဝေးသော သူ့အတွက် အင်တာနက် အီးမေးလ်အရေးပေါ်အသုံးပြုလိုလျှင်တော့ မဟာဗောဓိစေတီတော်ဘုရားစောင်းတန်းက အင်တာနက်ကဖေးလေးထဲ တိုးဝင်လိုက်ရုံပင်။

နေ့လည်စာ စုပေါင်းစားသုံးပြီးသည်နှင့် သုံးကီလိုမီတာခန့်ဝေးကွာသော တက္ကသိုလ်စာသင်ခန်းသို့ ရစ်က်ရှောလ် (မြန်မာအခေါ် ဆိုက်ကား) ဖြင့် သင်တန်းချိန်အမီ သွားရပေမည်။ တက္ကသိုလ်အသွားအပြန်ခရီးအတွက် ကုန်ကျသော ရူပီးငွေ ခြောက်ဆယ်ဟူသော အသပြာသည် မြန်မာကျပ်ငွေဖြင့် တစ်ထောင့်ရှစ်ရာဖြစ်သည်။ နေ့စဉ်ကျောင်းသွားစရိတ်ပင် ဤမျှကုန်ကျနေလျှင် ပညာသင်နှစ်မကုန်မီမှာပင် သူ့အတွက် ရွေးချယ်စရာတစ်ခုခုကို စဉ်းစားရပေတော့မည်။ ပြန်သွားမှာလား ကျန်ခဲ့မှာလား၊

အော်တိုသုံးဘီးလိုင်းကားလေးများက ဈေးနှုံးချိုသာသော်လည်း ဆာရီဝတ်ကုလားမများနှင့် ငါးပိသိပ်ငါးချင်သိပ် စီးရမည်မို့ ရဟန်းးတစ်ပါးအတွက် အဆင်မပြေ။ ခြေလျှင်လျှောက်သွားရအောင်လည်း အပူဒီဂရီမြင့်မားလှသော နွေကျောင်းတက်ရက်များတွင် အပူလှိုင်းအန္တရာယ်က မသက်သာ၊

ထိုသို့ဖြင့် သူသည် တန်ဖိုးနည်းစက်ဘီးလေးတစ်စီးကို ရိုးရိုးသားသားဝယ်ယူဖြစ်ခဲ့တော့သည်။ သို့သော် ယခုအချိန်အထိ သူသည် ၀ိနည်းတရားတော်အရ ပညတ်ချက်မရှိသည့်တိုင် ထိုစက်ဘီးလေးကို ၀ံ့ဝံ့ရဲရဲစီးနင်းရန် စိတ်မလုံခြုံသေးပေ။ ကမ္ဘာ့သာသနာပြုဆရာတော်ဘုရားကြီး အရှင်သေဋ္ဌိလ၏ အင်္ဂလန်အတွေ့အကြုံနေ့ရက်များကို တမေ့တမော ဖတ်ရှုကာ သူ့စိတ်ကို လွတ်လပ်ကျယ်ပြောအောင် မွေးမြူရလေသည်။ ဗုဒ္ဓအရှင်၏ အဆုံးအမကို မသွေဖီသော၊ ကမ္ဘာနှင့် ၀င်ဆန့်ကာ သာသနာပြုလိုသော ရဟန်းတစ်ပါး၏အိပ်မက်ကို ထိုစက်ဘီးလေးပေါ်တွင် ဆက်မက်နိုင်အောင် ကြိုးပမ်းနေရဆဲဖြစ်သည်။

တက္ကသိုလ်စာသင်ခန်းသို့ ရောက်ရှိသွားသည့်အခါတွင်လည်း အိန္ဒိယနွယ်ဖွား ပါမောက္ခ၏ အင်္ဂလိပ်စာလေယူလေသိမ်းက သူ့ကို ၀ဋ်နယ်ကံနယ်ထဲ ဆွဲနှစ်ပြန်လေသည်။ နှစ်လသုံးလခန့်ကြာသည်အထိ ကုလားအင်္ဂလိပ် (Hinglish)ကို နားလည်ရန်ကြိုးစားခဲ့ရကြောင်း ၀န်ခံရပေမည်။ မြန်မာပြည်က စာသင်တိုက်လေးတွင် တပည့်ကျော်မောင်ကိုရင် မောင်ပဇင်းလေးများကို ပါဠိဘာသာ အသံထွက်မပီရကောင်းလား၊နားမလည်ရကောင်းလား ဟု အော်ငေါက်ခဲ့ဖူးသော ၀ဋ်လည်ပြန်လေပြီ ဟု စာချဆရာတော်အချင်းချင်း ၀ဋ်နာကံနာ ညှိကာ ပြုံးမိကြလေသည်။

နောက်များမှာတော့ ခေါင်းတခါခါ လည်တခါခါ ပြောတတ်ကြသော ကုလားအင်္ဂလိပ်စာကို နားရည်ဝလာသည်။ သို့သော် သူတို့အသံထွက်အတိုင်း မပြောမိအောင်တော့ ဂရုစိုက်ရလေသည်။ သူတို့က welcome ကို ဗဲလ်ကမ်း၊wait ကို ဗေ့ထ်၊ zero ကို ဂျီရိုးလုပ်ကြတာကလား၊

(၄)

ဤနိုင်ငံသားတို့အမြင်တွင် သူသည် တိုင်းတစ်ပါးသားတစ်ယောက်ဟူသော ထင်မြင်ချက်တစ်ခုထက်မပို၊ တက္ကသိုလ်စာသင်ခန်းတွင် သူသည် ကျောင်းသားတစ်ယောက်ဖြစ်သည်၊ နံနက်ခင်းဈေးတွင် သူသည် ဈေးဝယ်သူတစ်ယောက်ဖြစ်သည်။ ရထားစီးသည့် အခါမျိုးတွင် သူသည် ခရီးသည်တစ်ယောက်သာ ဖြစ်လေသည်။

တင်ကြို၍သာ နိဝါတတရားကို မွေးမြူမထားခဲ့လျှင် ဘာသာခြားကုလားတို့၏ မထီလေးစားနိုင်လှသော အပြုအမူတို့က သည်းခံရန်ခက်ပေလိမ့်မည်။ အဆိုးဝါးဆုံးပြဿနာမှာ ဗုဒ္ဓဘာသာရဟန်းတော်များကို ဇာတ်နိမ့်များအဖြစ် ရှုမြင်လိုခြင်းပင်ဖြစ်သည်။၁၉၅၀ ခုနှစ်များဆီက အိန္ဒိယဇာတ်နိမ့်ခေါင်းဆောင်ကြီးဒေါက်တာအမ်ဘေဒကာ၏ စည်းရုံးမှုဖြင့် ဟိန္ဒူဇာတ်မြင့်များ၏ လူလူချင်းဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုများကို တော်လှန်ကာ ထောင်ပေါင်းများစွာသော ဇာတ်နိမ့်များ ဗုဒ္ဓဘာသာသို့ကူးပြောင်းဝင်ရောက်ခဲ့ခြင်းက ထိုသို့ရှုမြင်ခြင်းခြင်း၏ အကြောင်းတစ်ရပ်ဖြစ်လေသည်။

ဇာတ်နိမ့်များမှ သာသနာ့ဘောင်သို့ ၀င်ရောက်လာကြသူတို့သည်လည်း ၀ိနည်းတရားတော်ကို စနစ်ကျနစွာ သင်ယူကျင့်သုံးရန် အခွင့်အရေးမရကြရှာသည့် အတွက် ဘာသာခြားတို့၏ အလယ်တွင် အထင်အမြင်သေးဖွယ်ဖြစ်နေရသည်ဟု ပြောပြသော မိတ်ဆွေအိန္ဒိယရဟန်းတော်တစ်ပါး၏ စကားကို သူအမှတ်ရနေမိသည်။ သူ့မိတ်ဆွေရဟန်းတော်က မြန်မာပြည်တွင် ရှင်သာမဏေဘ၀မှ ရဟန်းဘ၀အထိ နှစ်ရှည်လမျာ ပိဋကတ်စာပေသင်ယူခဲ့ဖူးသည်။

ထိုသူ့မိတ်ဆွေကပင် “ မြန်မာပြည်မှာ အရည်အချင်းပြည့်ရဟန်းတွေ ငါအများကြီး တွေ့ခဲ့ရတယ်။ ဒီနိုင်ငံမှာ ဗုဒ္ဓသာသနာကို ပြန်လည်စိုက်ပျိုးဖို့ ငါ့ရှင်တို့ မြန်မာရဟန်းတွေရဲ့ လက်တွေကို ငါသိပ်လိုချင်တာပဲ။ ငါ့ရှင့်လည်း အိန္ဒိယကို ပညာသင်ရာဌာနတစ်ခုအပြင် သာသနာပြုစိုက်ခင်းတစ်ခုအဖြစ် မမြင်နိုင်ဘူးလား” ဟု ဆက်ပြောသောအခါ သူ့ရင်ကို ထိရှစေသည်တော့ အမှန်ပင်။

'' I need your hands'' ဟူသော သူ့မိတ်ဆွေ၏ စကားသည် သူ့အတွက် အတွေးများစွာကို ပေးလေသည်။


(၅)

သို့သော် ယခုတော့ သူသည် စာသင်ခန်းတွေကို ဖြတ်သန်းရလေဦးမည်။
ကမ္ဘာ့သာသနာပြုခရီး၏ လမ်းခုလပ်ဟု တင်စားကြသော အိန္ဒိယကို ဖြတ်သန်းရချေဦးမည်။
ဟိုးအဝေး မီးရောင်ပြပြဆီက ဂယာကို သူလှမ်းမျှော်ကြည့်နေမိဆဲဖြစ်သည်။

မဂဓတက္ကသိုလ်ကြီး၏ အခန်းခန်းအဆောင်ဆောင်သည် တိတ်ဆိတ်မှုတို့ဖြင့် ဆူညံနေလေသည်။
သူတစ်ကိုယ်တည်း ပြုံးလိုက်မိသည်ထင်သည်။
အိန္ဒိယကို ဖြတ်သန်းပြီးလျှင် ကမ္ဘာသည် ကိတ်မုန့်တစ်ချပ်သာ ဖြစ်သည်တဲ့။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP