* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 5, 2009

စိတ်သာရှင်စော...(၁) [ALL IS MIND-by David Samuel]


All Is Mind

David Samuel

စိတ်သာရှင်စော

ဘာသာပြန်- အလှတရား






အခန်း(၁) စကားလုံးများကိုသဘောပေါက်ခြင်း

ကျွန်တော်တို့ဟာ စကားလုံးတွေနဲ့ စကားပြောကြ၊ နားထောင်ကြတယ်။ ဒါဖြင့် စကားလုံးတွေ ဆိုတာက ဘာလဲ။ စကားလုံးတွေ ဆိုတာက အိုင်ဒီယာ အတွေးအခေါ်တွေကို သယ်ဆောင်တဲ့ အသံတွေ ပဲ။ ကျွန်တော်က horse ဆိုတဲ့ စကားလုံးကို ဆိုလိုက်မယ်။ ဒါဆိုရင် ခင်ဗျားရဲ့ စိတ်ထဲမှာ မြင်းလို့သိထားတဲ့ တိရိစ္ဆာန် တစ်ကောင်ရဲ့ ပုံသဏ္ဍာန် ပေါ်လာမယ်။ ခင်ဗျားဟာ စကားစပ်တွေ စာလုံးပေါင်းတွေ ကို မသိဘဲ ကျွန်တော့်ပြောနေတဲ့ စကားသံသက်သက်ကိုသာ နားဝင်ကောင်းဝင်မယ်။ အဲ... အင်္ဂလိပ်စကား မတတ်တဲ့ လူတစ်ယောက် အတွက်တော့ ဒီ horse ဆိုတဲ့ စကားလုံးဟာ မြင်းရဲ့ ပုံသဏ္ဍာန် ပေါ်အောင် စွမ်းနိုင်တဲ့စကားလုံး မဟုတ်ပေဘူး။ ဒါကြောင့် စကားပြောတာ နားထောင်တာတွေမှာ စကားလုံးချည်း သတ်သတ် လမ်းဆုံးသွားမယ်ဆို ရင် ဘာမှအဓိပ္ပါယ်မရှိဘူး။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ စကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို အာရုံစိုက်ဖို့ လိုပါတယ်။ စကားလုံးတွေ သယ်လာတဲ့ အတွေးအခေါ် အိုင်ဒီယာ တွေကို အာရုံစိုက်ဖို့ လိုပါတယ်။

စကားလုံးတွေဟာ လူသားတစ်ဦး ပြုနိုင်စွမ်းတဲ့ အန္တရာယ်အကြီးဆုံး တန်ခိုးပါဝါတွေထဲမှာ ရှိတယ်။ ခင်ဗျားကြားလိုက်ရတာဟာ အခြားပုဂ္ဂိုလ်တစ်ဦးက ပြောဖို့ ကြိုးစားနေတဲ့ စကားလုံး မဟုတ်တဲ့အခါ၊ ပြောင်းပြန်အားဖြင့် ခင်ဗျားပြောချင်တဲ့ အရာဟာ အခြားပုဂ္ဂိုလ်တစ်ဦး ကြားနေတဲ့အရာ မဟုတ်တဲ့အခါ စကားစမြည်မှသည် စကားအခြေအတင်အဖြစ်ကို ကူးပြောင်းသွားနိုင်တယ်။

အကောင်းဆုံး ကာကွယ်နည်း တွေကတော့ ပထမဆုံးအားဖြင့် ကျွန်တော်တို့ ကြားလိုက်ရတဲ့ စကားလုံးတွေကို စာအုပ်ကြီးအတိုင်း မမှတ်ယူထားလိုက်နဲ့။ ဒုတိယအားဖြင့် အခြားပုဂ္ဂိုလ်တွေရဲ့ အဆိုပြုချက်ကို ခင်ဗျားနားလည်သလို အဓိပ္ပါယ် ဖွင့်ဆိုမိလိုက်တယ် ဆိုရင်လည်း အပြည့်အ၀ မယုံမိလိုက်လေနဲ့ဦး။

အကယ်၍ ခင်ဗျားမှာ စိတ်သောက ဖြစ်စရာ ရှိနေမယ်၊ အခက်အခဲ ကြုံနေမယ် ဆိုရင် ခင်ဗျားဟာ အနုတ်သဘော ဆောင်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုကို ပြုကောင်းပြုမိနိုင်တယ်။ စိတ်နှလုံးက အေးချမ်းနေပြီးတော့ ရှိနေခိုက်မတော့ ခင်ဗျားရဲ့ ဖွင့်ဆိုချက်ဟာ စောစောက အနုတ်ဘက်က ဖွင့်ဆိုချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်ကောင်းဖြစ်သွားမယ်။ ဒီအခါ စကားပြောခန်းဟာ လုံးဝကွဲပြားသွားမှာပါ။

ခင်ဗျားအနေနဲ့ အခြားပုဂ္ဂိုလ်ရဲ့ စိတ်ကို ထိုးဖောက်ခြင်း မပြုနိုင်သလို သူဘာတွေတွေးနေသလဲ ဆိုတာကိုလည်း အတိအကျ မသိနိုင်ပါဘူး။ ဒီလိုပဲ ခင်ဗျားရဲ့ စိတ်ကွန်ယက်ထဲမှာ ဘာတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို အခြားလူက သိလိမ့်မယ်လို့ မျှော်လင့်ထားလို့ မဖြစ်နိုင်ဘူး။ ခင်ဗျား တစ်ဦးတည်းသည်သာ အခြားသူများရဲ့ စကားလုံးတွေအပေါ် တုံ့ပြန်မှုတွေအတွက် တာဝန်ရှိပါတယ်။

အငြင်းအခုန် အများအပြားဟာ စကားပြောသူကြောင့်ထက် ကျွန်တော်တို့ရဲ့ ကိုယ်နားလည်သလို အဓိပ္ပါယ်ဖွင့်ဆိုမှုကြောင့် ပေါ်ထွက်လာရတာပဲ။ စကားလုံးတွေဟာ တစ်သီးပုဂ္ဂလ နားလည်တဲ့ အဓိပ္ပါယ်တွေထက် မပိုဘူး၊ တစ်ဦးနဲ့တစ်ဦးလည်း ထပ်တူထပ်မျှ နားလည်ဖို့ မလိုဘူးဆိုတဲ့ အယူအဆကို ခင်ဗျား နားလည်လိုက်တဲ့ အခါ ခင်ဗျားရဲ့ အမြင်တွေဟာ လျင်မြန်စွာပဲ ပြန့်ပြောကျယ်ဝန်း သွားပေလိမ့်မယ်။ စကားလုံးတွေဆိုတာဟာ အစသာဖြစ်သေးတယ် ဆိုတာကိုခင်ဗျားသိသွားမယ်။

အင်း--အတွေးတစ်ခုကို လက်ခံဖို့ အစပြုတဲ့ စိတ်ရဲ့တံခါးဝသာ ဖြစ်လေတယ်။ ဒီပြန့်ပြောတဲ့ အမြင်ကို ခင်ဗျားသိထားတဲ့ အချက်အလက်တွေမှာ အသုံးပြုမယ် ဆိုရင် စကားလုံးတစ်လုံးတိုင်းမှာ အဓိပ္ပါယ်တစ်ရာ လောက်ရှိတယ်လို့ တွက်ဆထားသင့်တယ်။

ခင်ဗျားရဲ့ စကားလုံးတွေဟာ လူအမျိုးမျိုးအတွက် အဓိပ္ပါယ်အမျိုးမျိုးရှိတယ်လို့ လက်ခံထားတာဟာ ခင်ဗျားရဲ့ ၀ိရောဓိမဖက်တဲ့ ဆက်ဆံရေး စွမ်းအားကို ကြီးမားစွာ တိုးတက်စေတယ်။ အကြောင်းကတော့ ဒီအယူအဆဟာ ခင်ဗျားကို စကားလုံးတွေကို ဂရုတစိုက်ရွေးချယ်ဖို့ တိုက်တွန်းနေလို့ပဲ။ ပြောင်းပြန်အားဖြင့် ခင်ဗျား နားစိုက်ထောင်နေတဲ့ အခိုက်မှာတော့ စကားပြောသူရဲ့ စကားလုံးများနဲ့ ပေါင်းစပ်နေတဲ့ အဓိပ္ပါယ်အမျိုးမျိုးကို ခံယူရရှိနေတယ်လို့ သတိမူလိုက်ပါ။ နားလည်မှုလွဲဖို့ ဖြစ်နိုင်ချေဟာ အနန္တရှိတဲ့အတွက် ဒီနည်းလမ်းဟာ ကျွန်တော်တို့အချင်းချင်း ထိရောက်စွာ ဆက်သွယ်နိုင်ရေးအတွက် တစ်ခုတည်းသော အခွင့်အလန်းဖြစ်ပါတယ်။



မိုနိုလော့ဂ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် ပြန်ပြောတာ။ ဒိုင်ယာလော့ဂ်ဆိုတာက လူသားနှစ်ယောက် သူတို့ကိုယ်ကို သူတို့ ပြန်ပြောနေတာ။


ကျွန်တော်တို့က ဘာသာတစ်ခုတည်းနဲ့ စကားပြောနေတာဖြစ်တဲ့ အတွက် စကားလုံးအားလုံးဟာ ကျွန်တော်တို့ အားလုံးအတွက် အဓိပ္ပါယ် တစ်ခုတည်းသာ ရှိတယ်လို့ မှားယွင်းစွာ ယူဆတဲ့ အခါ ပြဿနာပေါ်နိုင်တယ်။ ဒီလို တလွဲယုံကြည်တာဟာ ပဋိပက္ခရဲ့ အကြောင်းရင်းဖြစ်တယ်။ အရာရာဟာ ထင်ရသလောက် မရှင်းလင်းဘူး ဆိုတာနဲ့၊ ခင်ဗျားမှအပဖြစ်တဲ့ ကမ္ဘာလောကဟာ ခင်ဗျားတွေးသလို ထပ်တူလိုက်တွေးဖို့ မလိုအပ်ဘူး ဆိုတဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ လက်ခံမှု ရှိခဲ့ရင် ပြဿနာအများအပြားကို သူတို့မစမီကပဲ ဖြေရှင်းပြီး ဖြစ်လိမ့်မယ်။

စကားလုံးတွေ အားလုံးရဲ့ မှန်ကန်မှု ဓမ္မဓိဋ္ဌာန်ကျမှု အားလုံးကို စိတ်အင်အားသုံး စစ်ဆေးပြီး ခုခံကာကွယ်ဖို့ လုပ်မယ်ဆိုရင် ခင်ဗျားဟာ တစ်ဦးဦးရဲ့ စကားလုံးတွေကြောင့် အစော်ကားခံရ၊ နာကျင်ခံရ၊ ကြေကွဲဝမ်းနည်းရလိမ့်မယ်။ ဒါ့အတွက် ရိုးရှင်းတဲ့ အရည်အသွေး တစ်ရပ်ရဖို့ ဒီနေရာမှာ လေ့ကျင့်ပေးမှာပါ။

စကားလုံးတွေရဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ အမှန်တရားကတော့ ယင်းစကားလုံးတွေရဲ့ ကိုယ်ပိုင်အစွမ်းသတ္တိ ကင်းမဲ့မှု ဖြစ်တယ်။ စကားလုံးတွေဟာ အခြားသူတွေအပေါ် သြဇာအာဏာပြုနိုင်တဲ့ အစိုင်အခဲ အရာဝတ္ထုမျိုး မဟုတ်ဘူး။ တစ်ဦးတစ်ယောက်ကသာ နားမကြားဘဲ ပင်း,နေခဲ့ရင် စကားလုံးတွေဟာ သူ့အတွက် လုံးဝဥဿုံ အန္တရာယ်မဲ့နေမှာပဲ။ နှုတ်ခမ်းကိုကြည့်ပြီး စကားလုံးတွေကို မဖတ်တတ်ဘူးဆိုရင် နားမကြားသူအတွက် စကားလုံးများ ဆိုတာတောင် မရှိ။

စကားလုံးတွေဟာ အချို့ပုဂ္ဂိုလ်များကိုပဲ သက်ရောက်မှုရှိပြီး အချို့ကို မသက်ရောက်တာကို ထောက်ရင် စကားလုံးတွေ ကိုယ်နှိုက်မှာ တကယ့်ဖြစ်တည်မှု ဆိုတာ မရှိဘူးဆိုတာ သက်သေပြပြီးဖြစ်တယ်။ အကယ်၍ တစ်ခုခုဟာ သူ့ကိုယ်ပိုင် ဖြစ်တည်မှုရှိခဲ့ရင် သူ့မှာ လူအားလုံးကို သက်ရောက်နိုင်တဲ့ သတ္တိ ရှိရမယ်။ ပမာအားဖြင့် ခင်ဗျားခြေထောက်ပေါ်ကို ပြုတ်ကျလာတဲ့ ကျောက်ခဲတစ်လုံးလိုပေါ့။ ကျောက်ခဲတစ်လုံး ကို ဘယ်သူ့ဆီဖြစ်ဖြစ် တစ်ဦးဦးဆီသာ ပစ်ကြည့်လိုက်ပါ။ သူ့မှာ အားသက်ရောက်နိုင်တဲ့ သတ္တိတစ်ခုခု ရှိမှာပါ။ စကားလုံးများရဲ့ တန်ခိုးပါဝါဟာ နားထောင်သူဆီမှာသာ ရှိတယ်။ စကားပြောသူ ဒါမှမဟုတ် စကားလုံးကိုယ်နှိုက်မှာ ဘာတန်ခိုးသြဇာမှ မရှိဘူး။

စကားလုံးတွေဟာ ကျွန်တော်တို့ ဆက်သွယ်ရေးရဲ့ အဓိကပုံစံ ဖြစ်တယ်။ စကားလုံးတွေက ကျွန်တော်တို့ကို ပျော်ရွှင်စေတယ်။ ၀မ်းနည်းစေတယ်။ စိတ်ဆိုးစေတယ်။ အူမြူးဘ၀င်ခိုက်စေတယ်။ ဒီလို ရုပ်သဘောလက်ကိုင် မရတဲ့ စကားလုံးဆိုတဲ့အရာက ကျွန်တော်တို့ အပေါ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဘယ်လို အားကောင်းကောင်းနဲ့များ သက်ရောက်နေပါလိမ့်။

စကားလုံးတွေသက်သက်ဟာ စကားပြောသူရဲ့ ပါးစပ်ကထွက်လာတဲ့ ပင့်သက်လေတစ်ရှိုက်ထက် ပိုပြီးတန်ခိုးမရှိပါဘူး။ သူက နားထောင်သူရဲ့ စိတ်ကို ရောက်လာပြီး ဒီစကားလုံးတွေမှာ တန်ဘိုးတွေ ပါဝါတွေ ရှိတယ်လို့ သုံးသပ်လိုက်တဲ့ အခါမှသာ ဒီအစွမ်းသတ္တိ ကဖြစ်လာရတာပဲ။စကားလုံးတွေရဲ့ တန်ခိုးသြဇာဟာ ခင်ဗျားရဲ့ စိတ်သက်သက်ထဲမှာပဲ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ရဲ့ စိတ်ဆိုတဲ့ ယန္တရားကို လေ့လာဖို့ လိုအပ်တာဖြစ်တယ်။ ဒီနည်းစနစ်တွေ၊ စိတ်ရဲ့ လုပ်ငန်းနဲ့ ချို့ယွင်းမှုတွေကို နားမလည်ဘဲနဲ့ ကျွန်တော်တို့ဟာ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေတဲ့ ဘ၀ကို အစဉ်တစ်စိုက် လျှောက်လှမ်းနေတာ ဖြစ်တယ်။




စကားလုံးများရဲ့ ခွန်အားဟာ

ပုဂ္ဂလဓိဋ္ဌာန်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးကိစ္စ ဖြစ်တယ်။

စကားလုံးများဟာ

သင့်ဘာသာကောက်ယူပြီး

သင့်စိတ်ကိုဖြတ်သန်းကာ

သင့်နှလုံးကို

ထိုးသွင်းထားတဲ့

ဓားတစ်စင်းသာလျှင် ဖြစ်တယ်။

continue...


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP