အရိယဥယျာဉ် (၇-၆-၂၀၀၉)
၁၃၇၁ ခု၊ နယုန်လပြည့်၊အရိယဥယျာဉ်အလယ်ရိုးမတောစခန်းမှ ပေးစာအား ကောက်နုတ်ဖော်ပြချက်အရိယဓမ္မ တည်ဆောက်ရေးအရိယာတွေယာ သာမန်လူတွေ မဟုတ်ကြပါဘူး။ သာမန်လူတွေ မြင်တွေး သလိုလဲ မမြင်တွေးဘူး။ သာမန်လူတွေ ပြောသလိုလဲ မပြောဘူး။ သာမန်လူ တွေ ပြုလုပ်ကြသလိုလဲ မပြုလုပ်ကြပါဘူး။ ဟုတ်မှန်တဲ့ အကြောင်း အရာ ရှိရှိ မြင်တွေး ကြပါတယ်။
အရိယာတွေဟာ ဟုတ်မှန်တဲ့ အတိုင်း တွေးကြ ပြောကြ လုပ်ကြလို့ ပဲ။ အဲဒီလို တွေးကြ ပြောကြ လုပ်ကြတာ လောက်လဲ မကပါဘူး။ မဟုတ် မမှန်တာကို မဟုတ်မမှန်ဘူးလို့  မသိသေးလို့  ဟုတ်မှန်တယ် ထင်ပြီး တွေးမိ ပြောမိ ပြုမိဦးတော့တောင်မှ ဟုတ်မှန်တာကို သိကြတဲ့ တခြား အရိယာတွေက ဟုတ်မှန်တာဟာ ဒီလိုဖြစ်တယ်လို့  ပြောပြတာခံရရင်လည်း မဟုတ်မမှန်တာကနေ ဟုတ်မှန်ရာ ရောက်အောင် ပြင်ဆင်တတ်တဲ့ အနေ အထားလဲ ရှိသူတွေ ဖြစ်ကြပါတယ်။
ပြီးတော့လည်း အရိယာဟာ ဟုတ်မှန်တဲ့ တွေးခေါ်ပြောဆို ပြုမူတာတွေကို မဟုတ်မမှန်ဘူးလို့  ပြောလာတာ ခေါင်းငုံ့  ခံပြီးမနေဘဲ ဟုတ်မှန်တဲ့ အတွေးနဲ့  အပြောအပြု ဖြစ်ပုံကို ဖြေရှင်းပေးတဲ့ သူလဲ ဖြစ်ပါတယ်။ ဒါကြောင့် အရိယာဟာ ယဉ်ကျေးသူ ဖြစ်ပါတယ်။အရိယာနဲ့  သာမန်သူတွေရဲ့ ထူးခြားချက်ဟာ အချက် ၃ ချက်ရှိပါတယ်။ ပထမက- ဟုတ်မှန်တဲ့ အတွေး အပြော အပြု အမူအရာတွေ ရှိတာပဲ။
ဒုတိယက- အဲဒါတွေ မဟုတ်ကြောင်း ပြောတာခံရလို့  မဟုတ်မှန်းသိရင် ဟုတ်မှန်တဲ့ အမှုအရာအရောက် ပြန်ပြင်တာတွေပဲ။တတိယက- ဟုတ်မှန်တဲ့ အမူအရာတွေ ဖြစ်လျှက် မဟုတ်မှန်ကြောင်း ပြောတာ ခံရရင် ငုံ့ ခံ မနေပဲ ဖြေရှင်းတာ ပြန်လုပ်တာပဲ။သာမန်လူတွေမှာ ဒီအချက်တွေ မရှိကြဘူး။ သူ့ စိတ် (ဦးနှောက်) ထဲရှိတာကို တွေးခေါ် ပြောဆိုပြုမှု တာပါပဲ။ အဲဒါကို မှားနေကြောင်း ပြောတာ ခံရရင်လဲ သူ့ စိတ် (ဦးနှောက်) ထဲရှိတာအပြင် မတွေးတတ်တာ ဖြစ်လို့  စိတ် (ဦးနှောက်) ရှုပ်ပြီး စိတ်တို စိတ်ဖောက်တာတွေ ဖြစ်တာပါပဲ။
ဒီတော့ ပြင်ဆင် တာကို သာမန်လူတွေ မလုပ်နိုင်ကြပါဘူး။ သာမန်လူရဲ့ အတွေး အပြောနဲ့  အပြုတွေက မှန်နေဦးတော့ တောင်မှ တခြားတွေက မှားတယ်ထင်ပြီး ထောက်ပြတာ ခံရပြန်ရင်လည်း ကိုယ့်အမူအရာက မှန်ပေမယ့် ဘယ်လိုမှန်နေ တယ် မသိတာဆိုတော့ အမှားလို့  အပြစ်တင်သူကို အပြစ်တင်ရကောင်းလား လို့  ဒေါသပဲ ထွက်တော့တာပါပဲ။ဒါကြောင့် သာမန်လူတွေရဲ့ အဖြစ်တွေဟာ မယဉ်ကျေးကြပါဘူး။ ရိုင်းစိုင်းမှု အပြည့်နဲ့  နေကြသူတွေ ဖြစ်ပါတယ်။
သာမန်လူတွေဟာ ဒီလို ရိုင်းစိုင်းကြတာ ဖြစ်လို့  သူတို့ မှာ ပြဿနာဖြစ်ရင် အဲဒီပြဿနာကို ဖြေရှင်းဖို့  အာဏာရှိတဲ့ အဆုံးအဖြတ်ပေးသူဆီမှာ အဆုံးအဖြတ် ခံကြရပါတယ်။ အာဏာရှိသူကလဲ အဆုံးအဖြတ် ခံလာသူထဲက မှားယွင်းတယ်လို့  ရှေးက လူအများက သတ်မှတ် ပေးထားတာနဲ့  ကိုက်ကြည့်ပြီး ညီသူကို မှားတယ်လို့  ဆုံးဖြတ်ပြီး အပြစ်ပေးတာပါပဲ။အပြစ်ပေးတာကလည်း သာမန်လူတွေရဲ့ ရိုင်းစိုင်းတဲ့ ဓလေ့ဖြစ်တော့ ကြောက် စရာကြီးပဲ။
ရှေးကဆိုရင် ကိုယ့်လက်ကို ချိုးသူဆိုရင် သူ့ လက်ကို ဖြစ်စေလို့  ပေါ့။ အခုတော့ ဒီလောက် မရိုင်းစိုင်းတော့ ပါဘူး။ ဒါပေမယ့် ဘယ်လို မှားတဲ့ အလုပ်လုပ်သူကို အဲဒီ သူ့  ဝန်းကျင်ဟောင်းနဲ့  ကင်းတဲ့ အကျဉ်းစခန်းထဲမှာ ဘယ်ရက် ဘယ်လ ဘယ်နှစ် ထားရမယ်လို့  ဖြစ်တယ်။ ဒီလို အာဏာရှိသူ တွေက အပြစ်ပေးတာ ခံရလို့  ဒီလူကောင်းလာမှာ မဟုတ်ပေမယ့် ဒီလို အပြစ် ပေးမှ သူ အပြစ်ကျူးလွန်းတာကို ခံရသူက ကျေနပ်မှာ ဖြစ်လို့  ဒီလိုပဲ အပြစ် ပေးနေရတာပါပဲ။ ဒီလို အပြစ်ပေးတာ ခံရလို့  အပြစ်ပြုချင်စိတ် ပျောက်တာ မဖြစ်ပဲ ပိုဆိုးလာတာနဲ့ ၊ အပြစ်ကျူးလွန်ဖို့  မလုပ်ဝံ့တော့အောင် စိတ်ကျ သွားတာတွေပဲ ဖြစ်ပါမယ်။ဒီလို စိတ်ကြွတဲ့ လူတွေနဲ့  စိတ်ကျတဲ့ လူတွေဟာ လူ့ လောက အကျိုးအတွက် မသယ်ပိုးနိုင်တဲ့ သူတွေပဲ။
ဒါကြောင့် အာဏာနဲ့  တရားစီရင်မှု ဟာ လူ့ လောကအတွက် ကောင်းကျိုးကို မဖြစ်စေနိုင်တဲ့ တရားစီရင်မှု ဖြစ်လို့  သာမန် လူတွေရဲ့ အရိုင်းအစိုင်း စီရင်မှု ဖြစ်ပါတယ်။အရိယာဟာ ဒီလို အရိုင်းအစိုင်း တရားစီရင်မှုမျိုး ခံရဖို့  မဟုတ်ပါဘူး။ ဒီိလို မခံ ရဖို့  ဆိုရင် အရိယာက အမှုမဖြစ်စေရတော့ ဘူးလား မေးစရာရှိပါတယ်။ လူ့  လောကကို အလုပ်အကျွေးပြုတဲ့ အလုပ်ကို လုပ်နေသူတွေ ဆိုရင် အမှုကတော့ ရှိရမှာပါပဲ။ အရိယာလဲ လူ့ လောကကို အလုပ်အကျွေး ပြုနေသူ ဖြစ်လို့  အမှုရှိမှာပါပဲ။ အမှုဆိုတာ လူ့ လောကကို အလုပ်အကျွေး ပြုတဲ့ အခါ လူသားချင်း ဆက်ဆံကြရတာပဲ။
ဟုတ်တာနဲ့  ဆက်ဆံတာမှာ မဟုတ်တာနဲ့  ဆက်ဆံတယ်လဲ ဆံခံရသူက ထင်ချင် ထင်နိုင်ကြတာပဲ။ မဟုတ်တာနဲ့  ဆက်ဆံ ခံရတာကို ဟုတ်တာနဲ့  ဆက်ဆံတယ်လဲ ထင်ချင်ထင်နိုင်ကြတာပဲ။အမြင် အကြား အတွေး မှောက်တာတွေနဲ့  မှောက်အောင် အနှောက်ခံရတာ တွေကလည်း ပေါများတာပဲ။ ဒီတော့ အရိယာတွေလဲ အမှုတွေ ရှိနိုင်တာပဲ။ မရှိတော့ တောင်မှ ရှိတယ်လို့  အထင်ခံရတာတွေလဲ ရှိနိုင်ကြတာတွေပါပဲ။ ဒီလို အမှုတွေ ရှိနိုင်ကြပေမယ့် အာဏာနဲ့  တရားစီရင်သူတွေရဲ့ အစီအရင် မခံ ရဖို့ တော့ ရှိပါတယ်။ ဒီလို မခံရဖို့  အကြောင်းကတော့ အရိယာတွေဟာ မရိုင်း စိုင်းကြတော့သူတွေ ဖြစ်လို့ ပါပဲ။သူများ မျက်စိကန်းအောင် လုပ်တာကြောင့် ကန်းအောင်လုပ်သူရဲ့ မျက်စိကို ဖေါက်ပစ်တာဟာ ကန်းအောင် အလုပ်ခံရသူက ကျေနပ်မှာ ဖြစ်ပေမယ့် လူ့  လောက ကတော့ မျက်စိ ဆုံးရှုံးသူ တစ်ယောက်တိုးပြီး ဆုံးရူံးစေတာ ပါပဲ။ တရားလို ကျေနပ်ဖို့  တရားစီရင်သူက တရားလိုကိုယ်စား တရားခံကို နစ်နာ အောင် လုပ်တာပါပဲ။
တရားလိုကိုယ်တိုင်က ပြန်လုပ်တာကို ခံရတာ မဟုတ်တဲ့ အတွက် အာဃာတ ထားတာ အဖြစ်နည်းစရာတော့ ရှိလာမှာပါပဲ။ တရားဟာ ဒီလိုကလေး ရန်ငြိမ်းရုံလောက်နဲ့ တော့ မပြီးသင့်ပါ့ဘူး။ လောက အဆုံး အရူံးတွေ ငြိမ်းသွားဖို့  ဖြစ်ရမှာပါ။ဒီလို ဖြစ်ပေမယ့် သာမန်လူတွေဟာ ရိုင်းကြသေးတာဖြစ်တော့ ဒီလို အပြစ်ပေးတဲ့ တရားစီရင်နည်းကိုပဲ ကျင့်သုံးနေကြရတာ ဖြစ်ပါတယ်။ပစ္စုပ္ပန်ကံကို သိမြင်ကြလို့  လူကို မွှေနှောက်ခြယ်လှယ်နေတဲ့ လက်သည်ဟာ လူမဟုတ်ဘဲ ဝဋ်သုံးပါး ကံတရားတွေ အဖြစ် အသိရောက်နေကြတဲ့ အရိယာ တွေဟာ ဒီလို ရိုင်းစိုင်းတဲ့ အပြစ်ပေးစနစ်နဲ့  စီရင်ဆုံးဖြတ်တဲ့ တရားရုံးကို လူ့  အမှုတွေ အတွက် အားကိုးအပ်နှံကြဖို့  မဟုတ်တော့တာပဲ။
ဒီလိုဆိုတော့ ဘာကို ဗဟို မဏ္ဍိုင်ထားပြီး စီရင်ဆုံးဖြတ်စေရမလဲလို့  ပြဿနာ ပေါ်ပါတယ်။ အရိယာဖြစ်လဲ အရိယာအချင်းချင်း အတွင်းမှာဖြစ်ဖြစ် တခြားမှာ ပဲ ဖြစ်ဖြစ် အမှုက ပေါ်နိုင်တာပါပဲ။ အဲဒါတွေကို ဘယ်သူ့ စီရင်ဆုံးဖြတ်မှုမှ မခံဘဲ ကိုယ်မှန်တယ် ထင်သလို ကိုယ်နေမယ်လို့  လုပ်မလား။ ဒီလိုနေရင် သိပ်ကျဉ်းမြောင်းသွားပြီး လူတွေရဲ့ နားအလည် မခံရစရာ ဖြစ်ပါမယ်။ အရိယာ ဖြစ်လဲ လူတွေရဲ့ နားအလည် မခံရတာဟာ မသင့်ပါဘူး။ သူ့ အနေနဲ့  အဲဒီ လူတွေကို ကူညီပြီး အဲဒီလူတွေရဲ့ အကူအညီကိုလဲ ယူရဦးမှာ ဖြစ်လို့ ပါပဲ။အရိယာဟာ တောရွာကလေး တစ်ခုက ငပြူးလို မဖြစ်ဖို့  လိုမှာပါ။ ငပြူးဟာ သူများ ခုတ်တဲ့ ခုံဖိနပ်လဲ မကြိုက်ဘူး။ ငပြူးလဲ ခုံဖိနပ် မခုတ်တတ်ဘူးဆိုပဲ။
ရိုင်းစိုင်းတဲ့ တရားစီရင် ဆုံးဖြတ်တာ မကြိုက်ရင် ဘယ်စီရင်ဆုံးဖြတ်တာမှ မခံဘဲ နေဖို့  မသင့်ပါဘူး။ ယဉ်ကျေးတဲ့ စီရင်ဆုံးဖြတ်တဲ့ အဝန်းအဝိုင်းတစ်ခု တည်ဆောက်ရမှာပါ။ အရိယာ ယဉ်ကျေးမှု ဝိနည်းအတွက် အစီအရင် အဆုံး အဖြတ်ပြုဖို့  အရိယာတွေက အရိယ ဓမ္မမဏ္ဍလ တစ်ခု တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။နာမည်ကို အဓိပ္ပါယ် ရှင်းပါဦးမယ်။ အရိယာတွေနဲ့  ဒီဓမ္မဏ္ဍလကို တည်ဆောက်မှာ ဖြစ်လို့  အရိယလို့  ခေါ်တာပါ။ လူဆောင်ရွက်ရမှာ အကြောင်း စီရင်ဆုံးဖြတ်မှာ ဖြစ်လို့  အရိယဓမ္မ ခေါ်ရတာပါ။ တစ်ဦးတည်းက ဒါကို စီရင်ဆုံးဖြတ်မှာ မဟုတ်ဘဲ အရိယာ အဝန်းအဝိုင်းနဲ့  စီရင် ဆုံးဖြတ်မှာ ဖြစ်လို့  အရိယဓမ္မမဏ္ဍလ လို့  ခေါ်တာပါပဲ။တရားဓမ္မ ဖြစ်တည်ရခြင်းအကြောင်းဒါကို နားလည်ဖို့  အထောက်အကူပြုမယ့် အသိအမြင်ပြ အကြောင်းအရာလေး ကို ဆက်ရေးလိုက်ပါတယ်။
အဲဒါက တရားဓမ္မရဲ့ အကြောင်းပါပဲ။ တရားဓမ္မရဲ့ အကြောင်းဆိုလို့ တရားဓမ္မရဲ့ အဖြစ်တွေကို လူတိုင်း ပြောနေကြတာပဲ။ ခရစ်ယာန်ကလဲ ပြောတာပဲ။ မူဆလင် ဟိန္ဒူတွေလဲ ပြောတာပဲ။ ရိုးရာ ဗုဒ္ဓ ဘာသာတွေလည်း ဒီအကြောင်းပဲ ပြောနေကြတာပဲ။ လူတစ်ယောက်က လူတစ်ယောက်အပေါ်မှာ မတော်မတဲ့တာတွေ မပြုကြဘို့ နဲ့  တတ်နိုင်ရင် လူ တစ်ယောက်အပေါ်မှာ လူတစ်ယောက်က ကူညီ စောင့်ရှောက်တာတွေ လုပ်ကြဖို့ တွေပဲ။ဒီအဆိုတွေဟာ တရားနဲ့  အတော်နီးစပ်တာ ဖြစ်လို့  ဘယ်သူကမှ ဒါတွေ တရား မဟုတ်ဘူးလို့  မပြောနိုင် ဖြစ်ကြတာပဲ။
ဒါကြောင့်လဲ ဒါတွေဟာ တရား တွေပဲလို့  တစ်ကမ္ဘာလုံးက လက်ခံကြတာပဲ။ တကယ်တော့ ဒါတွေဟာ လူတွေ လိုက်နာရမှာတွေလဲ အမှန်ဖြစ်ပါတယ်။ ဒီလို ဖြစ်ပေမယ့် ဒါတွေ လိုက်နာတာမှာ တရားနဲ့  လွဲချော်နေတယ် ဆိုရင် မအံ့သြဘဲ နေနိုင်မှာ မဟုတ်ဘူး။ဒီအံ့သြစရာလေး နဲနဲလင်းသွားအောင် ရှင်းခဲ့ရအောင်။ သားက အဖေတားတာ ကို လုပ်တော့ အဖေက နောင်မလုပ်ဝံ့အောင် အပြစ်ဒဏ်ပေးတယ်။ သားက အဖေပေးတဲ့ အပြစ်ဒဏ်ကြောက်လို့  နောင်မှာ အဖေတားတာကို မလုပ်ဘဲ ရှောင်တာပေါ့။
ဒီလို ရှောင်တဲ့သားကို လိမ္မာတယ်လို့  ချီးမွမ်းရတာပဲ။ နောက် တစ်မျိုးလဲ ရှိသေးတယ်။ အဖေတားတာကို သားကလိုက်နာတော့ သားကို အဖေက ချီးမွမ်းတယ်။ အဲဒီ ချီးမွမ်းခံရဖို့  အတွက် သားက အဖေတားတာကို လိုက်နာတာပဲ။ ဒါလဲ လိမ္မာတဲ့ သားလို့  ချီးမွမ်းရတာပဲ။ဒါတွေဟာ တကယ် လိမ္မာကြတာလား၊ အဖေ ဆိုတာကို ကျော်နိုင်ရင် အဖေ တားထားတာတွေ အတိုင်း ရှိနိုင်ပါ့မလား။ ဒါကြောင့် ဒီလိမ္မာတာတွေဟာ တကယ့် လိမ္မာစရာ တွေနဲ့  လိမ္မာနေကြတာ မဟုတ်ဘူးလို့  အံ့သြစရာ ဖြစ်ရ တာပါပဲ။
ပြောစရာတော့ ရှိပါတယ်။ အဖေ့ရဲ့ ခြိမ်းခြောက် မြှောက်ပင့်ပြီး လိမ္မာ စေတာက အပိုးကျိုးသွားပြီး သေတပန် လိမ္မာသွားသူတွေလဲ ရှိနိုင်ကြတယ် မဟုတ်ပါလား လို့ ပဲ။အဲဒီလို တွေလည်း အများကြီး ရှိတာပါပဲ။ ဒါပေမယ့် ဒီသူတွေဟာ လူ့ လောက ကို အမှောင်တွေပဲ လွှမ်းစေကြပါတယ်။ သြဇာရှိတဲ့ အဖေမျိုး ဆရာမျိုး ဘုရား သခင်မျိုး အားကိုးတဲ့ ပုဂ္ဂိုလ်ကိုးကွယ်မှုဘက်ကို ဆွဲခေါ်သွားကြလို့  ပါပဲ။ ဒါကြောင့် ဘာသာရေး ကိုးကွယ်မှုတွေမှာ ဘာသာရေး လမ်းညွှန် ပုဂ္ဂိုလ်တွေကို မြတ်ထက်မြတ် သာထက်သာ ရှာပြီး အပျပ်ဝပ်ဆုံး ညွှတ်ကျိုး ကိုးကွယ် ကြတာပါပဲ။ အဲဒီလို အကိုးကွယ်ခံနိုင်အောင်လဲ ဘာသာရေး ပုဂ္ဂိုလ် ဘုရားကျောင်းကန်တွေက ရပ်တည်ပြကြရပါတယ်။
ကိုးကွယ်တဲ့သူတွေ အကျင့် ကောင်းနိုင်ဖို့  သြဇာဓါတ်တွေ ရှိအောင် လုပ်တာပါပဲ။တကယ်တော့ ဘုရားကျောင်းကန်နဲ့  ဘာသာရေး ပုဂ္ဂိုလ်တွေဟာ လူတွေ အမှန်အကန် သိဖို့  ညွှန်ပြရာနဲ့  ညွှန်ပြသူတွေပါပဲ။ အမှန်အကန် ညွှန်ပြနိုင်တာ ကလွဲလို့  ဘာသြဇာမှ ရှိဖို့  မလိုတာပဲ။ ဒါပေမယ့် တရား တည်ဆောက်ကြသူတွေဟာ အဲဒီသြဇာတွေနဲ့  တည်ဆောက်နေကြတာပါပဲ။ဒါကြောင့် တရားဟာ မမှားပေမယ့် အဖေအပြစ်ပေးမှာ ကြောက်ပြီး တရားလိုက်နာတာလို လိုက်နာတာမျိုးဟာ တကယ်တရား လိုက်နာတာနဲ့  ပါးပါးကလေး ဖြစ်ပေမယ့် ကွဲလွဲနေတာ အမှန်ပါပဲ။အခု ပြောခဲ့တာဟာ တရားဓမ္မရဲ့ အဖြစ်တွေ ပြောနေတာထက် တရားဓမ္မ လိုက်နာရခြင်းရဲ့ အကြောင်း အရာတွေ ပြောနေတာပါပဲ။ အခုတရား ဓမ္မ ကျင့်ကြံသူတွေက တရားဓမ္မကျင့်ကြံရခြင်းရဲ့ အကြောင်းကို မကြည့်ကြဘဲ တရားဓမ္မကျင့်ကြံဖို့  ညွန်ပြသူကိုပဲ မြင်နေကြတာပါပဲ။ တစ်စုံ တစ်ခုကို ညွှန်ပြ ခံရသူဟာ ညွှန်ပြခံရတဲ့ အရာကို မကြည့်ဘဲ ညွှန်ပြသူကိုပဲ ကြည့်မယ်ဆိုရင် ညွှန်ပြခံရတာ အချည်းနှီးပဲ ဖြစ်ပါမယ်။
အခုလဲ တရားညွှန်ပြခံနေပေမယ့် တရား အသိ မဖြစ်ကြတာတွေ ဖြစ်နေကြတာပဲ။တရားရဲ့ အကြောင်းဟာ လူ့ လောကကြီး ငြိမ်းချမ်းတိုးတက်ဖို့ ပဲ ဖြစ်ပါတယ်။ လူ့ လောကက လူသားတွေနဲ့  ဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်းရဲ့ နာမည်ပါပဲ။ လူ့  အဖွဲ့ အစည်းဟာ ဘယ်သူက ဘယ်အချိန် ဘယ်နေရာမှာ ဖွဲ့ စည်းခဲ့တယ်လို့  သမိုင်းမသိရပေမယ့် အမှန်တကယ် ရှိတဲ့ အရာပါပဲ။ အမှန်တကယ် ရှိတာ လောက်မကပဲ ကိုယ်ကိုယ်တိုင်း အဲဒီ လူ့ အဖွဲ့ ထဲမှာ ပါနေတဲ့ အဖွဲ့ အစည်းလဲ ဖြစ်ပါတယ်။ဒီ လူ့ အဖွဲ့ အစည်းထဲ ဝင်တာမှာ ဘာမှ မပေးရဘဲ မိဘက ပစ်ထည့်လိုက်တာ ခံရပြီး အဖွဲ့ ဝင် ဖြစ်နေတာတောင် မဟုတ်ပါဘူး။ အဖွဲ့ အစည်းကို အလုပ် အကျွေးပြုမှု တစ်ခုခု ပြုလုပ်မှုနဲ့  အဖွဲ့ ဝင်အဖြစ် ရယူတာပဲ။ ဘာမှာ အလုပ် အကျွေး မပြုနိုင်သေးတဲ့ အရွယ်ရှိတဲ့ လူကို လူ့ အဖွဲ့ အစည်းက အဖွဲ့ ဝင်အဖြစ် မသတ်မှတ်ဘဲ လူမမယ်တို့  လူလားမမြောက်သေးဘူးတို့ နဲ့  သတ်မှတ် တာပါပဲ။ဒီလို လူ့ အဖွဲ့ သား ဖြစ်တော့လဲ အဖွဲ့ စည်းကမ်း ဘာမှ မရှိတာ မဟုတ်ဘဲ စည်းကမ်း ဖောက်ဖျက်သူကို လူပျက်လို့  မှတ်ကြတယ် မဟုတ်လား။
တကယ်တော့ လူ့ တရားဓမ္မတွေဟာ လူ့ အဖွဲ့ ရဲ့ မဖောက်ဖျက်ရမယ့် စည်းကမ်းတွေရဲ့ နာမည်တွေပါပဲ။လူ့ အဖွဲ့ သား ဖြစ်ကြတဲ့ လူသားတွေဟာ တစ်ခုမဟုတ် တစ်ခုဖြစ်တဲ့ အလုပ် တွေနဲ့  လူ့ အဖွဲ့ အစည်းကို အလုပ်အကျွေး ပြုနေကြတာပဲ။ ဒီလို အလုပ်အကျွေး ပြုနေကြတာကို မမြင်ဘဲ ကိုယ်တတ်တာနဲ့  ကိုယ်ဝမ်းကျောင်းနေကြတာလို့  ပဲ မြင်တတ်ကြပါတယ်။ တကယ်မှာ ကိုယ် ဝမ်းကျောင်းတာလဲ ဟုတ်ပေမယ့် ကိုယ် အလုပ်အကျွေး ပြုရတာက ပထမ ဖြစ်ပြီး အဲဒီကရတဲ့ အခနဲ့  ကိုယ်ဝမ်းကျောင်းတာက နောက်ကပါ။ဒါကြောင့် ဒါကို ဝမ်းကျောင်းလုပ်ငန်းလို့  မမြင်ဘဲ လူ့ လောက အလုပ်အကျွေး ပြုလုပ်ငန်းလို့  မြင်ရမှာ ဖြစ်ပါတယ်။ ဒီလို အလုပ်အကျွေးပြုနေကြတဲ့ လူသား အချင်းချင်း တိုးမိ တိုက်မိ နင်းချေမိတာတွေ မဖြစ်ဖို့  စည်းကမ်း လိုက်နာ ရတာဟာ ဒီစည်းကမ်းကို လူသားက ဆောင်စရာ အဖြစ်ဆောင်ထားရလို့  ဒါကို တရားဓမ္မလို့  ခေါ်တာပါပဲ။
ဒီဆောင်စရာ တရားဓမ္မကို မဆောင်ရင် လူ့  အဖွဲ့ အစည်း ယိမ်းယိုင်ပြိုလဲမှာပါပဲ။ဒီလို မဖြစ်အောင် တရားဓမ္မကို ကျင့်ကြံရတာ ဖြစ်ပါတယ်။ ဒါကို အောင်မြင် အောင် ကျင့်ကြံနိုင်ဖို့  ကျင့်ကြံသူဟာ ကျင့်ကြံရခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ လူ့ လောကကြီး တည်ငြိမ်အေးချမ်းဖို့  ကို သိမြင် ရှေးရှုရမှာပါပဲ။တရားဓမ္မရဲ့ အကြောင်းဟာ လူ့ လောကကြီး တည်ငြိမ်အေးချမ်းဖို့ ပဲ ဖြစ်ပြီး ငါကောင်းစားဖို့  သူကောင်းစားဖို့ လို့  အမြင်မမှားကြဖို့ ပါပဲ။ဒီမျှနဲ့  စာမျက်နှာ ကုန်ပြီဖြစ်လို့  ရပ်နားလိုက်ပါတယ်။
ဓမ္မဝိဟာရီ
Posted by yatanar at 12:42 AM

0 comments:
Post a Comment