* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 15, 2009

*ပေးဆပ်သူတို့ နှလုံးသား*

ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အလွန်ချစ်ကြသူများ ဖြစ်သည်။ အဖေနှင့်အမေ ကွယ်လွန်သွားချိန်မှစ၍ အစ်ကိုကြီးသည် ကျွန်တော့်အပေါ်တွင် အဖေလိုတစ်မျိုး အမေလိုတစ်သွယ် ပြုစု စောင့်ရှောက်ပေးခဲ့သည်။ အဖေနှင့်အမေ ချန်ထားခဲ့သော စီးပွားရေး လုပ်ငန်းများကို ပို၍တိုးပွားအောင် အစ်ကိုကြီးက ကြိုးစား လုပ်ဆောင်နိုင်ခဲ့ပြီး ကျွန်တော့်အား လူ့လောကတွင် လိုလေးသေးမရှိ မျက်နှာ မငယ်ရအောင် ပြုစု စောင့်ရှောက်ပေးခဲ့သည်။

အစ်ကိုကြီးသည် ပတ်ဝန်းကျင်က ချီးမွမ်း အားကျ ရလောက်အောင် ကျွန်တော့်အပေါ် တာဝန်ကျေခဲ့သည်။ ကျွန်တော်နှင့် အသက် ဆယ်နှစ်ခန့်ကွာသော အစ်ကိုကြီးသည် ကျွန်တော် ကျောင်းပြီးဘွဲ့ရ၍ အိမ်ထောင်ပြုချိန်ထိ လုံးဝအိမ်ထောင်မပြုဘဲ လူပျိုကြီးဘ၀နှင့် ကျွန်တော့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ယခုကျွန်တော်၏ မင်္ဂလာပွဲတွင် လက်ဖွဲ့အနေဖြင့် အစ်ကိုကြီးသည် နောက်ဆုံးပေါ် ကားအသစ်စက်စက် တစ်စီးကို လက်ဖွဲ့၍ ဟန်းနီးမွန်းခရီး ထွက်စေခဲ့သည်။

ကျွန်တော်နှင့် ဇနီးသည်လည်း ဟန်းနီးမွန်းခရီး ထွက်လာရင်း ကားပေါ်တွင် ကျွန်တော်၏ ဇနီးသည်က ကျွန်တော့်အား`မောင်ရဲ့အစ်ကိုကြီးက မောင့်အပေါ်မှာ တကယ်ကောင်းတာပဲနော်´`အင်း ဟုတ်တယ် အမေနဲ့ အဖေမဆုံးခင်ကတည်းက ပဲခင်ရဲ့´`ခင်ဖြင့် မောင့်အစ်ကိုကြီးက ဒီလောက်ကောင်းတဲ့ ကားကြီးကို လက်ဖွဲ့လိမ့်မယ်လို့ ယုံတောင်မယုံ နိုင်ဘူး´`ခုယုံပြီမို့လား´ ဟုပြော၍ချစ်ဇနီး၏ မျက်နှာကို အစ်ကိုကြီးအတွက် ဂုဏ်ယူဝင့်ကြွားစွာ အပြုံးဖြင့် တစ်ချက် ကြည့်လိုက်ပြီး`ခင် ဗိုက်ဆာနေပြီလား ရှေ့မှာမောင်ဒီဘက်ကို ခရီးထွက်တိုင်း စားနေကျ ဆိုင်ကောင်းကောင်းလေး ရှိတယ်၊ အဲဒီမှာပဲ စားလိုက်တော့မယ်နော်´`အင်း မောင်ကောင်းသလိုစီစဉ်ပါ´ ဟုဆိုသောကြောင့် ကျွန်တော်တို့ လင်မယားလည်း ထမင်းဆိုင်လေးတွင် ကားရပ်ကာ ၀င်ရောက် စားသောက်ကြ လေသည်။

ထမင်းစားပြီး ဆယ်မိနစ်ခန့် ထမင်းလုံးစီကာ နားပြီးနောက် ဆက်လက် ခရီးထွက်ရန် ကျွန်တော်တို့လင်မယား ဆိုင်အပြင် ကားဆီသို့ လျှောက်လှမ်းလာရာ ကျွန်တော် တို့ကားအနီးတွင် ကလေးငယ် တစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုကလေးငယ်သည် အနည်းငယ် ဆင်းဆင်းရဲရဲ ပုံစံ ၀တ်ဆင်ထားပြီး ကျွန်တော်တို့ ကားလေးအား တအံတသြ အငမ်းမရ လှည့်ပတ်ငေးမော ကြည့်ရှုနေလေ သည်။ ကျွန်တော်လည်း ကလေးငယ်အား တရင်းတနှီး နှုတ်ဆက် မေးမြန်းလိုက်လေသည်။

`ဟေ့ချာတိတ် မင်းက ဒီကားကိုသဘောကျလို့လားကွ´`ဟုတ် ဒီကားက အစ်ကို့ကားလားဗျ ကျွန်တော် အရမ်းစီးကြည့်ချင်လိုက်တာဗျာ´ ဟုမျက်နှာငယ်လေးနှင့် ဆိုရှာလေသည်။`အေးကွ ဒီကားက အစ်ကို့ကို အစ်ကို့ရဲ့ အစ်ကိုကြီးက မင်္ဂလာ လက်ဖွဲ့အနေနဲ့ ၀ယ်ပေးတာကွ´ လို့ဆိုတော့ ကလေးငယ်က အံသြသော အားကျသော မျက်လုံးများနှင့် ကျွန်တော့်အား`ဒါဆို အစ်ကိုကြီးက ဒီကားကို ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ ရထားတာ ပေါ့နော်၊ အရမ်းအားကျဖို့ ကောင်းတာပဲဗျာ´`အေးပေါ့ကွ´ ဟု ကျွန်တော်က ဆိုလိုက်လေရာ ကလေးငယ်သည် `အင်း´ ဟုသက်ပြင်းရှည်ကြီးချ၍ ကျွန်တော် မထင်မှတ် ထားသော စကားအား ပြောချလိုက်လေရာ ဒီတစ်ခါ အံသြသွားရသူမှာ ကျွန်တော် ဖြစ်သွား လေသည်။

ကလေးငယ် ပြောလိုက်သောစကားမှာ`ကျွန်တော်လည်း အဲဒီလို အစ်ကိုကြီးမျိုး ဖြစ်ချင်လိုက်တာဗျာ´ တဲ့။ကျွန်တော် လည်းကလေးငယ်၏ မျက်နှာကို စေ့စေ့ကြည့်၍ သနားသွားပြီး သူ့အား`ချာတိတ် မင်းဒီကားကို မြို့တစ်ပတ်လောက်မစီးကြည့်ချင်ဘူးလား´ကလေးငယ်လည်းဝမ်းသာအား ရဖြင့်`အစ်ကို တစ်ကယ်ပြောတာလား ဒါဆို ကျွန်တော့်အိမ်ကို အရင်မောင်းပေးပါလား အိမ်ခဏ၀င်ပြီး ညီလေး ကိုလည်း ပေးစီးချင်လို့ပါ´ဟု ဆိုသောကြောင့် ကျွန်တော်လည်း ကလေးငယ်အား တင်ဆောင်၍ ထိုကလေးငယ်၏ လမ်းပြမှုဖြင့် သူ့အိမ်သို့ အရောက်တွင် ကလေးငယ်သည် ကားပေါ်မှ ဆင်းကာ ညီလေးရေ ညီလေးရေဟု တကြော်ကြော် အော်ခေါ်ကာ အိမ်ပေါ်သို့ အလျင်အမြန် ပြေးတက်သွားလေသည်။

ထို့နောက် အိမ်ပေါ်မှပြန်ဆင်း အလာတွင် သူသည် ခြေထောက် မသန်စွမ်းသော ကလေးတစ်ဦးအား ချီကာ ကျွန်တော်တို့ ကားဆီသို့လျှောက် လာပြီး သူ၏ညီငယ်အား`ညီလေးရေ ဒီကားက ဟောဒီ အစ်ကိုရဲ့အစ်ကိုကြီးက ၀ယ်ပေးတာတဲ့ ကိုကြီးလည်း တစ်နေ့ကျရင် ဒီလိုကားမျိုး ညီလေးစီးဖို့ ၀ယ်ပေးမယ်လို့ ကတိပေးတယ်နော် ကိုကြီး ကြိုးစားမယ်သိလား´ဟု စိတ်အား ထက်သန်စွာပြောဆိုပြီး ကျွန်တော်လည်း သူတို့ ညီအစ်ကိုနှစ်ယောက်နှင့် အတူ မြို့တစ်ပါတ် လျှောက်လည်အပြီး ဟန်းနီးမွန်း ခရီးတစ်လျှောက်လုံးတွင် ကျွန်တော့် အစ်ကိုကြီး၏ ကျေးဇူးမျက်နှာကို မြင်ယောင်ပြီး ရယူခြင်းမှရရှိသော ပီတိထက် ပေးဆပ်ခြင်းမှ ရရှိသော ပိတိသည် ပို၍ချိုမြိန် အရသာ ရှိကြောင်းကို နားလည်ခံစား သိရှိလိုက်ရ ပါတော့သည်။

+++++++++++++++++++++++++++++++++++++

ဒီ အကြောင်းအရာ လေးကိုတော့ ကျွန်တော် ဖတ်ဖူးခဲ့တာ ကြာပါပြီ။ ဆရာဖေမြင့်ရေးတဲ့ စာအုပ် တစ်အုပ်ကပါ။ စာအုပ်နာမည်တော့ မမှတ်မိတော့ ပါဘူး။ “နှလုံးသား အာဟာရ” ပဲထင်ပါတယ်။ နံပါတ်စဉ်လည်း မေ့သွားပါပြီ။ အခု အကြောင်း အရာလေးက ဆရာဖေမြင့်ရေးတဲ့ စာအုပ်နဲ့ အရေးအသား အနည်းငယ် ကွဲပေမယ့် သဘောတရား ကတော့ အတူတူပါပဲ။

မေးကနေ ရလာတဲ့ ဒီအကြောင်းလေးကို ပြန်ဖတ်မိတော့ အစ်ကို အရင်းနဲ့ မခြား ကျွန်တော့်အပေါ် ကောင်းခဲ့တဲ့ ကျွန်တော့်ရဲ့ ဖအေတူ မအေကွဲ အစ်ကိုရဲ့ ကျေးဇူးတွေကို ပြန်ပြောင်း သတိရမိသွားတယ်။ အကြိမ်ကြိမ်လည်း ကျေးဇူးတင်လို့ ဦးခိုက်မိပါရဲ့ဗျာ…။ဓမ္မမောင်နှမတို့ကိုလည်း ပေးဆပ်ခြင်းရဲ့ အရာသာကို ခံစားနိုင်စေခြင်းငှာ ဒီပို့စ်လေးကို မျှဝေလိုက်ပါတယ်။

ဓမ္မမောင်နှမတို့ မိမိတို့ရဲ့ ဆွေမျိုး သားချင်း အတွက်သာမက လောကကြီးအတွက်ပါ ပေးဆပ်တတ်သူများ ဖြစ်နိုင်ကြပါစေ။ ဖြစ်အောင်လည်း အားထုတ်နိုင်ပါစေ။

စာရှုသူ ဓမ္မမိတ်ဆွေတို့ အကျိုးကို အစဉ်မျှော်ကိုးလျက်
်လေးစားစွာဖြင့်ဖိုးသာ6း/15/2009, MON:, 1:00:00 AM
Posted by ဖိုးသား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP