*ကျွန်တော်ထံမှ ခေတ္တထွက်ပြေးသွားသော ဒေါသ*
ကျွန်တော် ကိုယ့်ဟာကိုယ် စာမရေးတာ တော်တော်လေး ကြာခဲ့ပါပြီ။ ကဗျာလေးတွေ လောက်ပဲ ရေးဖြစ်ပါတယ်။ ရေးရတာ ပျင်းတာလည်း ပါသလို နောက်တစ်ခုက “ကိုယ့်ဆီမှာ ရှိမှ သူတစ်ပါးကို ပေးလို့ ကောင်းတယ်” ဆိုတဲ့ စကားလေး ကိုလည်း နှလုံးသွင်းမိ နေလို့ပါ။ ဟုတ်ပါတယ်။ ကျွန်တော့်ဆီမှာ ဘာမှ မရှိတော့ သူတစ်ပါးကိုလည်း ပေးချင်စိတ်၊ ရေးချင်စိတ် မရှိတော့ပါဘူး။
ဒါပေမယ့်လည်း ခုတော့ ရေးစရာ အကြောင်းလေး တစ်ခုက ပေါ်လာပြန်ပါတယ်။ ဘာလဲ ဆိုတော့ ဖြစ်ပုံက ဒီလို…ကျွန်တော် ဒီနေ့ (11.06.2009-THUR) ညပိုင်း ၁၁-နာရီလောက် အိပ်ပျော်သွားတယ်။ နောက် ၂-နာရီ ကျော်လောက် ပြန်နိုးလာတယ်။ အဲတော့ အခန်း တံခါးလေးဖွင့်၊ အပေါ့အပါးလေး သွားမယ် ဆိုပြီး ခြေလှမ်းရုံ ရှိသေး မြင်ကွင်းက ဒေါသ ထွက်ချင်စရာ။ ဒေါသလည်း ထွက်သွား ခဲ့ပါတယ်။
ဘာမြင်ကွင်းလဲ ဆိုတော့… ကျွန်တော် လျှော်ပြီး ကြိုးတန်းပေါ် လှမ်းထားတဲ့ အ၀တ်တွေ… အောက်မှာ တစ်ထည်စီ၊ တစ်စစီ ပြန့်ကျဲလို့။ ပထမတော့ ကျွန်တော် ကြိုးတန်းများ ပြတ်ကျတာလား ဆိုပြီး ကြိုးတန်းကို ကြည့်မိသေးတယ်။ ကြိုးတန်းက မပြတ်ကျ။ နောက်တစ်ခုက ချိတ်နဲ့ ချိတ်လှမ်းထားတဲ့ အင်္ကျီတောင် အောက်ကျနေပြီး ချိတ်ကတော့ ကြိုးတန်း ပေါ်မှာ တန်းလန်းလေး ကျန်နေတယ် ဆိုတော့…။ကျွန်တော် သိလိုက်ပါပြီ။ တစ်ယောက်ယောက်က ဒီအ၀တ်တွေကို အောက်ကို ဆွဲချသွားတယ် ဆိုတာ။ နောက်ပြီး ကျွန်တော်တို့ သူငယ်ချင်း အချင်းချင်း ဘယ်သူနဲ့မှ ကျွန်တော်နဲ့ ရန်ငြှိုး ရန်စ မရှိသလို ဒီလို ကိစ္စကိုလည်း ဘယ်သူမှ မလုပ်ပါဘူး။ အားလုံးဟာ ချစ်ချစ် ခင်ခင်ပါပဲ။
ဒီတော့ ဒီလိုလုပ်တဲ့ လက်သည်,သည် ရုရှားတွေမှ တစ်ပါး အခြား မရှိဘူးဆိုတာ သိလိုက်ပါပြီ။ နောက်တစ်ချက်က ကျွန်တော့် အခန်းက အစွန်ဆုံး။ ကျွန်တော်တို့ နေတဲ့ အထပ်မှာက နှစ်ခြမ်းရှိတယ်။ တစ်ခြမ်းက မြန်မာ ကျောင်းသားတွေ နေတာ၊ နောက် တစ်ခြမ်းက ရုရှား ကျောင်းသားတွေ နေကြတာ။ ကျွန်တော့် အခန်းပြီးရင် ဂန်းဝေး (gangway) ကိုထွက်တဲ့ တံခါးပေါက်ပဲ ရှိတော့တယ်။ ဒီတံခါး ဖွင့်ထားတုန်း အ၀တ်အစားတွေ ဆွဲချသွားတာ။ ဒီ ရုရှား ကျောင်းသားတွေ ထဲမှာလည်း ကောင်းတဲ့သူတွေ ပါသလို၊ တော်တော် ဆိုးဆိုးရွားရွား ကျောင်းသား တွေလည်း ပါတယ်။ ထားပါ။
ဆိုးတာတွေတော့ မပြော တော့ပါဘူး။ သူများ မကောင်းကြောင်း ဖြစ်နေလို့။အဲ.. ကျွန်တော့်စကား ဆက်လိုက်ဦးမယ်။ အဲလို အ၀တ်အစားတွေ အောက်မှာ ပြန့်ကျဲ နေတာလည်း ကျွန်တော် တွေ့ရော ဒေါသ စိတ်ကလေးက ထောင်းခနဲဆို ထွက်သွားတယ်။ ဒါပေမယ့် ထူးထူး ခြားခြား ချက်ချင်း ဆိုသလို ဒီဒေါသ စိတ်ကလေး ပျောက်သွားတယ်။ ဒီတော့ ဒီဒေါသစိတ် ပျောက်သွားတဲ့ နေရာမှာ ဘာက အစားထိုး ၀င်ရောက် လာလည်း ဆိုတော့ သည်းခံချင်တဲ့ စိတ်၊ သည်းခံရမယ် ဆိုတဲ့ အသိ… ဒါတွေ အစားထိုး သွားပါတယ်။
ဘာကြောင့်ပါလဲ… ဘာ့ကြောင့်လို့ ထင်ပါသလဲ ဓမ္မ မောင်နှမတို့…ဟောဗျာ… ပြောနေတုန်း ရှိသေး။ မူးပြီး မီးဖို ခန်းထဲက မှန်ကို လာခွဲသွား ပြန်ပြီ…။ အော်… ဒုက္ခ… ဒုက္ခ… ဘာသာရေး အသိတရား ထိန်းချုပ်မှု မရှိတော့လည်း တော်တော့်ကို ထိန်းရခက် ပြောရ ခက်ပါကလား။ကျွန်တော် ပြောချင် ရေးချင်တာ လေးတောင် ပျောက်သွားပြီ။ သည်းခံချင်တဲ့ စိတ်တွေ ၀င်လာတဲ့ အကြောင်းလေး။ ဟုတ်ပါတယ်။ အဲဒီ အချိန် တကယ့်ကို ဒေါသ စိတ်ကလေး ခဏတာ ကျွန်တော့် ဆီကနေ ထွက်ပြေး သွားခဲ့ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့… ကျွန်တော် ညနေကမှ ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ဟောတဲ့ တရားလေး နာဖြစ်လိုက် တယ်လေ။ လက်စသတ်တော့ ကျွန်တော် ဒီတရားလေး နှလုံး သွင်းဖြစ် သွားတာကိုး။ဆရာတော် ဟောသွားတာက ၀ိပဿနာ တရားကို ဘာကြောင့် အားထုတ် သင့်သလဲ ဆိုတဲ့ အကြောင်းပါ။ ဒီ အကြောင်းကို အချက် သုံးချက်နဲ့ ရှင်းပြ ဟောကြား သွားခဲ့ပါတယ်။ အဲဒီ သုံးချက်ထဲ မှာမှ ကျွန်တော် နှလုံး သွင်းဖြစ် သွားတာက မြတ်စွာ ဘုရားရှင်ကို ကြည်ညိုသမှု၊ ကျေးဇူး တင်မှု အနေနဲ့လည်း ဒီ ၀ိပဿနာ တရားကို အားထုတ် သင့်ပါတယ် ဆိုတဲ့ အကြောင်းပါ။
ဒီအကြောင်းမှာ ဆရာတော်က မြတ်စွာဘုရားရှင်ကို ကြည်ညိုတတ် လာအောင်၊ ကျေးဇူး တင်တတ် လာအောင် ဘုရားရှင်ရဲ့ မေတ္တာတော်၊ ကရုဏာတော် တွေနဲ့ ဘုရားရှင် ဘ၀ အဆက်ဆက် ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော် အကြောင်းတွေ ဟောကြား သွားပါတယ်။မြတ်စွာ ဘုရားရှင်သည် သုမေဓါ ရှင်ရသေ့ဘ၀နဲ့ နိဗ္ဗာန်ကို ကူးမြောက် ချင်ရင် ကူးမြောက်လို့ ရရဲ့သားနဲ့ သတ္တ၀ါတွေ အကျိုးကို မျှော်ကိုးပြီး ဘုရားဆု ပန်ခဲ့တဲ့ အကြောင်း၊ နောက် ခန္တီပါရမီ၊ ဥပေက္ခာ ပါရမီ စသဖြင့် လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်ဆည်း ခဲ့ရကြောင်း… စတာတွေကို ဆရာတော် ဟောကြား သွားခဲ့ပါတယ်။
ဒီ ပါရမီတွေ ထဲမှာမှ ဥပေက္ခာ ပါရမီနဲ့ ခန္တီ ပါရမီကို ပူးပေါင်း ဖြည့်ဆည်းခဲ့တဲ့ ဘုရားရှင်ရဲ့ ဘ၀တစ်ခု အကြောင်းကို ကျွန်တော် ဒေါသစိတ် ကလေး ထွက်နေတုန်း သွားပြီး သတိရမိ လိုက်ပါတယ်။ ပါရမီ ဖြည့်ဆည်း ပုံက ဒီလိုပါ။ ဆရာတော် ဟောတာလေးကို ကျွန်တော် ပြောပြပါရစေ။ဘ၀တစ်ခုက… ရသေ့ဘ၀… သုဿာန် ထဲမှာပဲ နေပါတယ်။ အဲမှာ နွားကျောင်းသားတွေ တွေ့တော့… ရသေ့ဆိုတော့ ကိလေသာ အညစ် အကြေးတွေ ရှိတဲ့ အထဲမှာ ဒီ… စိတ်ရဲ့ ကိလေသာ အညစ် အကြေးကို အဓိကထား ပယ်တာ… ခန္ဓာကိုယ်ရှိတဲ့ အညစ်အကြေး အဓိက မထားဘူး။
ဒီတော့ အပေါ်ယံ ကြည့်မယ် ဆိုရင်တော့ မုတ်ဆိတ်၊ ပသိုင်းမွှေးတွေက ရှည်လို့၊ ကြေး(ဂျီး) တွေကလည်း ပေပေါ့… အဲဒါကို နွားကျောင်းသား တွေက အရူးလို့ ထင်သွားတယ်။ အရူးလို့ ထင်ပြီးတော့လေ ဘုရား အလောင်းကို ခြေထောက်တွေနဲ့ ၀ိုင်းကန် ကြတယ်။ အဲဒါ အောက် မြေကြီးပေါ် လဲပေါ့။ လဲလည်း ကန်ကြ၊ ရိုက်ကြပေါ့... အရူး ထင်ပြီးတော့… ဘာမှ မပြောဘူး၊ လုံးဝ ဒေါသ မထွက်ဘူး၊ ဘုရား အလောင်းက မလှုပ်မယှက် ခံတော့ သူတို့ ရိုက်တာ၊ ကန်တာ၊ နှက်တာကို မလုပ်တော့ ဘဲနဲ့ သူတို့ဟာ ဘုရား အလောင်းရဲ့ ပါးစပ်တွေထဲ၊ နှာခေါင်းတွေထဲ၊ နားတွေထဲကို ကျင်ငယ်ရည်တွေ ပန်းထည့်ကြတယ်။
အဲဒါလည်း ယောဂီတို့… လုံးဝ ဒေါသ မဖြစ်ပါဘူး။ လှုပ်တောင် မလှုပ်ဘူး၊ ကြိုက်သလောက် လုပ်စမ်းတဲ့…၊ ကြည့်စမ်း ဘုရား အလောင်းရဲ့ စိတ်ဓါတ်…။ကျွန်တော်လေး ဒီအကြောင်းလေး သွားသတိ ရမိလိုက်တော့ ခုန ဒေါသစိတ် ကလေးဟာ အလိုလို ပျောက်ကွယ် သွားသလို၊ ဘုရားရှင် အပေါ် ကြည်ညိုတဲ့ သဒ္ဓါတရား တွေကလည်း ပြောမပြ တတ်အောင် တိုးပွားသွား တယ်ဗျာ… တကယ်ပါ။ ဒီအကြောင်း လေးကို ပြန်ဆင်ခြင်ရင်း ဘုရားရှင်အပေါ် ကျေးဇူးတွေလည်း အထပ်ထပ် တင်မိပါရဲ့။
နောက်တစ်ချက်က ဒီလို တရားတွေကို မေတ္တာ ကရုဏာ ရှေ့ထားပြီး ဟောကြား ပေးတဲ့ ဆရာတော်တွေ ရှိလို့လည်း ကျွန်တော် ဒီလို နာကြားခွင့် ရတာပါလားလို့ အခု စာရိုက်နေရင်း တွေးမိပြန်တော့ ဆရာတော့် ကိုလည်း အကြိမ်ကြိမ် ဦးတိုက်လို့ ရှိခိုးမိပါတယ်။အင်း… ဒီလို စာရိုက်ရင်း နဲ့လည်း ဆရာတော် ပြောသွားတဲ့ စကားတစ်ခွန်းကို ထပ်ပြီး အမှတ်ရလိုက် ပြန်ပါတယ်။
ဆရာတော်က “ရဟန်း ဖြစ်ဖြစ်၊ လူဖြစ်ဖြစ် ၀ိပဿနာ တရားကို ကိုယ်တိုင် အားထုတ်မှ ရတာ၊ ရဟန်းဘ၀ ရောက်နေလည်း ၀ိပဿနာ တရားကို စာသိသာသိပြီး ကိုယ်တိုင် အားမထုတ်ရင် အမြင့်ဆုံး ကလျာဏ ပုထုဇဉ်ပါပဲ” တဲ့လေ။ ဒီစကားလေး ကြားမိပြန်တော့ ရဟန်း ၀တ်ချင်စိတ် တအား ပြင်းပြခဲ့တဲ့ ကျွန်တော့်အတွက် ထပ်ပြီး ဆင်ခြင်စရာ ရသွားခဲ့ ပါတယ်။ ရဟန်းဘ၀ မရသေးလည်း ဘုရား ရှင်ကို ကျေးဇူး ဆပ်တဲ့ အနေနဲ့ ခုလက်ရှိ လူ့ဘ၀မှာ ၀ိပဿနာ တရားကို ကြိုးစား အားထုတ်သွားရ မှာပါလား ဆိုပြီး…။
++++++++++++++++++++++++++++++++++++++
ဓမ္မမောင်နှမများ အားလုံး မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြ ပါစေ။ ၀ိပဿနာ တရားတွေကိုလည်း အချိန်ရှိခိုက် လုံ့လစိုက်လို့ ကျင့်ကြံ ကြိုးကုတ် အားထုတ် နိုင်ကြပါစေ။
လေးစားရိုသေစွာဖြင့်ဖိုးသား

0 comments:
Post a Comment