* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 19, 2009

ပုထုဇဉ်လေးမျိုး

ပုထုဇဉ်လေးမျိုးတဲ့။ ဘုရားရှင် ဟောပြခဲ့တဲ့ ပုထုဇဉ်လေးမျိုး အကြောင်းလေး ဖော်ပြပေးပါမယ်။ (၁) အန္ဓဗာလ ပုထုဇဉ်၊ (၂) အန္ဓပုထုဇဉ် (၃) ကလျာဏ ပုထုဇဉ်၊ (၄) စူဋ္ဌသောတာပန် ပုထုဇဉ်ဆိုပြီး လေးမျိုး ရှိပါတယ်။ အန္ဓဗာလ ပုထုဇဉ် ဆိုတာကတော့ အန္ဓဆိုတာ ကန်းတာ ဗာလဆိုတာ မိုက်တာပါ။ အဓိပ္ပါယ်ပေါင်းလိုက်တော့ ကန်းသော မိုက်သော ပုထုဇဉ် ဆိုပြီးတော့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အန္ဓဗာလပုထုဇဉ် ဆိုတာကတော့ ပရမတ်တို့ ပညတ်တို့ ခန္ဓာတို့ သစ္စာတို့ကို ဘာမှ မသိမြင်တတ်ပါဘူး။ ၀ိပဿနာဆိုတာကို ကြားတောင် မကြားချင်တာပါ။ ၀ိပဿနာနဲ့ လုံးဝမထိတွေ့ဘူးတဲ့ ပုဂ္ဂိုလ်မျိုးပေါ့။ ကုသိုလ် အကုသိုလ်ဆိုတာလည်း အယုံကြည် မရှိတဲ့အတွက် ဘာတစ်ခုမှ ကောင်းတာမလုပ်ပဲ အကုသိုလ် ဖြစ်စရာတွေသာ ပြုလုပ်မိသော မိုက်မဲတဲ့ ပုဂ္ဂိုလ်မျိုးပါ။ သူ့ကတော့ မိုက်လည်းမိုက်တယ် ကန်းလည်းကန်းတဲ့တွက် အန္ဓဗာလ ပုထုဇဉ်လို့ ခေါ်တာပေါ့။

နောက်ပုထုဇဉ်တစ်မျိုးကတော့ အန္ဓပုထုဇဉ်ပါ။ ဒီပုထုဇဉ်ကတော့ အများဆုံးဖြစ်နေတဲ့ အရေအတွက်ပါ။ သူကတော့ ပရမတ်တွေ၊ ဓါတ်တွေ၊ သစ္စာတွေ မသိလို့ အန္ဓတော့ အမည်ရပါတယ်.. ဒါပေမယ့် ကုသိုလ်လုပ်ရင် ကုသိုလ်ရတယ် အကုသိုလ်လုပ်ရင် အကုသိုလ်ရတယ် ဆိုတာတော့ နားလည်ပါတယ်။ နားလည်တဲ့အတွက်လည်း တတ်စွမ်းသ၍ ကုသိုလ်လေးလုပ်လိုက် အကုသိုလ်လေးလည်း မတတ်သာရင် လုပ်မိလိုက်ပေါ့။ ဒါပေမယ့် တတ်နိုင်သ၍တော့ အကုသိုလ်ကို ရှောင်ပါတယ်.. စာလိုပြောရရင်တော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ အမြင်မှန် အနည်းငယ်ရှိတယ်လို့ ဆိုရမှာပေါ့။ မိုက်တော့ မိုက်တဲ့အထဲမပါပဲနဲ့ လုံးဝ ကန်းတဲ့အထဲ ပါတဲ့အတွက်လည်း သူ့ကို အကန်းပုထုဇဉ် (သို့) အန္ဓပုထုဇဉ်လို့ခေါ်တာပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး ၁၀၀မှာ ၉၉ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ပုထုဇဉ် နောက်တစ်မျိုးကတော့ ကလျာနပုထုဇဉ်ပါ။ အမည်ခံသူတော်ကောင်းလို့ ပြောရမှာပေါ့။ သူကတော့ သူတော်ကောင်း အထင်ခံချင်လို့ သူများထက် အမြင့်ကနေချင်လို့ ဗုဒ္ဓရဲ့ အဘိဓမ္မာစာပေတွေကို ပြောတတ်ဆိုတတ်ရုံ လေ့လာထားတယ်။ သူ့ကိုမေးလိုက်ရင် ခန္ဓာကဘာ၊ အယတနကဘာ၊ သစ္စာဆိုတာကဘာ ဆိုတာကို တန်းကနဲ့ ဖြေနိုင်တယ်၊ ပြောနိုင်ပါတယ်။ ဒါပေမယ့် မဂ်ဖိုရစေမယ့် ၀ိပဿနာ ကျင့်စဉ်ကျတော့ နည်းနည်းလေးမှ စိတ်မ၀င်စားပါဘူး။ ကျင့်လည်း မကျင့်ကြံပါဘူး။ စိတ်ကောင်းလည်း လုံးလုံးမရှိပါဘူး။ အဲ့လိုပုဂ္ဂိုလ်မျိုးကျတော့ သူတော်ကောင်းအမည်ခံ ကလျာဏပုထုဇဉ်လို့ ဆိုပါတယ်။ သူကတော့ ဘုရားတရားကို ကျင့်ကြံအားထုတ်ဖို့ မဟုတ်ပဲနဲ့ လူအထင်ကြီးအောင် လေ့လာတယ်.. နောက် သာရေး နာရေး အခမ်းအနားတွေမှာဆိုရင် ခေါင်းရင်းကထိုင်ပြီး အာဘောင်အာရင်းသံသံနဲ့ ခန္ဓာတွေ အယတနတွေ သစ္စာတွေ အကြောင်းကို တရားရတဲ့လေသံနဲ့ ပြောနေတဲ့သူမျိုးပေါ့။ သူတော်ကောင်း အမည်ခံတဲ့ ပုဂ္ဂိုလ်မျိုးကိုတော့ ကလျာနပုထုဇဉ်လို့ ခေါ်ပါတယ်။

နောက် ပုထုဇဉ်ထဲမှာ အမြင့်မြတ်ဆုံး ပုထုဇဉ်ကတော့ စူဋ္ဌသောတာပန် ပုထုဇဉ်ဆိုတာပါ။ သူကတော့ ၀ိပဿနာတရားကို စိတ်ဝင်စားပြီး တကယ်လည်း လုပ်ဆောင်ကျင့်ကြံပွားများတဲ့ ပုဂ္ဂိုလ်ပေါ့။ ပရမတ်တရား ဓါတ်တရားတွေ နာကြားအားထုတ်လိုက်တဲ့ အတွက်ကြောင့်လည်း နမ်နဲ့ ရုပ်ကို ပိုင်းခြားပြီး သေချာသိသွားတဲ့ နာမရူပပရိစ္ဆေဒဥာဏ်၊ ခန္ဓာ ငါးပါးဖြစ်ခြင်းရဲ့ အကြောင်းကို သိမ်းဆည်းပြီးသိတဲ့ ပစ္စယပရိဂ္ဂဟဥာဏ် နှစ်ပါးကို ရရှိသွားတဲ့ သူကိုတော့ စူဋ္ဌသောတာပန်ပုထုဇဉ် လို့ခေါ်ပါတယ်။ စူဋ္ဌာသောတာပန် ပုထုဇဉ်အဆင့်ကို ရောက်သွားရင် အပါယ်လေးဘုံကို လုံးဝ မကျတော့ပါဘူး။ ဒီဘ၀မှာ တစ်နေ့မဟုတ်တစ်နေ့ သောတာပတ္တိမဂ်ကို ဧကန်မုချ ရတော့မှာပါ။ မဂ်တားဖိုလ်တား အန္တရယ်ငါးပါး တစ်ပါးပါးရှိနေလို့ ဒီဘ၀ မဂ်ဖိုလ် မရနိုင်ဘူး ဆိုရင်လည်း နောက်ဘ၀မှာ ဧကန်မုချ မဂ်ဖိုလ်ကို ရတော့မှာပါ။ စူဋ္ဌသောတာပန် ပုထုဇဉ်ဘ၀ကို ရောက်မှလည်း ဥာဏ်အမြင်ကန်းတဲ့ ဘ၀က လွတ်မြောက်ပါတယ်။ အားကျဖို့ ကောင်းပါဘိ။

ဘုရားရှင်ဟောပြဆုံးမတဲ့ ပုထုဇဉ်လေးမျိုးကို ဘာလို့ ချပြရသလဲဆိုတော့ လူအများစုဟာ အန္ဓပုထုဇဉ်(အကန်းပုထုဇဉ်)တွေ များလို့ပါ။ အကန်းပုထုဇဉ် ဖြစ်နေသ၍ အပါယ်လေးပါးက မလွတ်နိုင်သေးပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်က ဘယ်လောက်ကြီးပဲ ကောင်းတာတွေ လုပ်နေနေ ဥာဏ်မျက်စိ ကန်းနေတဲ့အတွက် သေခါနီးအချိန်မှာ စိတ်မထားတတ်ရင် စွဲမိစွဲရာစွဲပြီး ရောက်ချင်တဲ့နေရာ ရောက်သွားမှာမလို့ပါ။ ဒါ့ကြောင့်လည်း ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက အသေမဦးခင် ဥာဏ်ဦးအောင် လုပ်ဆိုပြီးတော့ အမြဲမှားကြားသွားခဲ့တာပေါ့။ ကျွန်တော်တို့တွေလည်း ဒါန၊ သီလ ဆိုတဲ့ ကုသိုလ်ကောင်းမှုတွေမှာတင် ရပ်မနေပဲ ရှေ့တိုးပြီး ၀ိပဿနာ တရားကို နာကြားအားထုတ်သင့်ပါတယ်။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အလုပ်တွေကို အမြင်ဆုံး ကုသိုလ် ဖြစ်တဲ့ ၀ိပဿနာကုသိုလ်နဲ့ တွဲလုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါမှလည်း ဒါနကို သံသရာမလည်အောင် ပြုတတ်မယ်၊ သီလကို သံသရာမလည်အောင် ဆောက်တည်တတ်မှာပါ။ ဒီလိုမှ မဟုတ်ရင် ၀ိပဿနာဥာဏ်မပါတဲ့ ဒါန၊ သီလတွေဟာ သံသရာမှာ အထပ်ထပ် လည်စေနိုင်တဲ့အတွက် သံသရာမှာ အထပ်ထပ် သေချင်တဲ့ ဆုတောင်းမျိုးတွေ တောင်းမိနေတော့မှာပါ။ ဒါ့ကြောင့်လည်း ဘုရားရှင်က ၀ိပဿနာတရားကို နာကြားအားထုတ်ဖို့ အထူးမှာကြားခဲ့တာပါ။

ဘုရားစကားနားထောင်ပြီး ၀ိပဿနာတရား နာကြားအားထုတ်ကာ စုဋ္ဌသောတာပန် တည်သွားတဲ့ မထက်ထက်အောင် အကြောင်းလေးလည်း အားကျဖွယ်ရာ ထည့်သွင်း ဖော်ပြပေးလိုက်ပါတယ်။ အင်မတန် အားကျဖို့ ကောင်းပါတယ်။ လူ့ဘ၀ရဲ့ တန်ဖိုးကို အဓိပ္ပါယ်ရှိရှိ အသုံးချသွားတဲ့ လူတစ်ယောက်ပါပဲ။ ကျွန်တော်တို့တွေလည်း နိဗ္ဗာန်ရောက်ဖို့ဆိုတာကို ခဏလောက် ထားလိုက်ပါဦး… အရင်ဆုံး ၀ိပဿနာတရား နာကြားအားထုတ်ပြီး အပါယ်တံခါးပိတ်ဖို့ စူဋ္ဌသောတာပန်ဖြစ်ဖို့ ကြိုစားဖို့လိုပါတယ်။ စူဋ္ဌသောတာပန် ဖြစ်ပြီဆိုရင်ကို နိဗ္ဗာန်တံခါး အလိုလိုပွင့်သွားပါပြီ။ ဓမ္မမိတ်ဆွေအပေါင်း စူဋ္ဌသောတာပန် မထက်ထက်အောင်ကို အားကျအတုယူကာ ၀ိပဿနာတရား ကျင့်ကြံပွားများ နိုင်ကြပါစေ.. မဂ်ဖိုလ် နှိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။။

video

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP