* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 4, 2009

ငလက်တိုနှင့် ငညို တကျိတ်ထဲ

ရှေးအခါက အလွန်ကောက်ကျစ်စဉ်းလဲတတ်သော ပခန်းသား ငလက်တိုနှင့် ချည်ပါသား ငညို-ဟူ၍ လူလိမ်နှစ်ဦး ရှိ၏။
တနေ့သော် အ၀မြို့တော်ကြီး၌ ထင်ရှားကျော်စောသော သူဋ္ဌေး ဦးပြောင် ကွယ်လွန်၍ သားဖြစ်သူ မောင်ကောင်းဇန်မှာ အဖဦးပြောင်၏ အမွေအနှစ် အားလုံးကို လက်ခံရရှိကြောင်း သတင်းစကား ကြားသိရသဖြင့် ငလက်တိုနှင့် ငညိုသည် သူဋ္ဌေးကလေး မောင်ကောင်းဇန်အား လှည့်ဖျားလိမ်လည်၍ ပစ္စည်းများယူရန် ကျိတ်၍ ကြံစည်ကြလေသည်။

နောက်တနေ့တွင် ငလက်တိုသည် ရောင်တလုံးကို အဆုံးခံကာ သင်္ကန်းဝတ်၍ ဘုန်းကြီးအသွင်ယူပြီး ငညိုကား ကပ္ပိယ အဖြစ် စာထုပ်နှင့် သင်္ကန်းထုပ်များကို ထမ်းလျက် နောက်မှလိုက်ပါယင်း အ၀မြို့တွင်းရှိ သူဋ္ဌေးကလေး ဦးကောင်းဇန်အိမ်သို့ ရောက်ရှိလာလေသည်။

သူဋ္ဌေးကလေး ဦးကောင်းဇန်လည်း ဘုန်းကြီး ငလက်တိုအား ရိုသေစွာ နေရာထိုင်ခင်းများပေးလျက်-အရှင်ဘုရား အဘယ်အကြောင်း အဘယ်ကိစ္စဖြင့် ကြွလာတော်မူပါသနည်း-ဟု လျှောက်ထား၏။
ထိုအခါ ဘုန်းကြီး ငလက်တိုက-တကာကလေး၊ တကာကလေး၏ ဖခင် သွားလေသူ တကာကြီး သူဋ္ဌေးဦးပြောင် ထံတွင် လွန်ခဲ့သော ၃-နှစ်လောက်က ငွေတတင်းအပ်နှံ၍ ထားခဲ့ပါသည်။ ထိုငွေကို အသုံးလို၍ တောင်းခံမည် ကြံစည်နေစဉ် တကာကြီး သေဆုံးကြောင်း စိတ်မကောင်းစရာ သတင်းကို ကြားသိသဖြင့် ချက်ချင်းလာ၍ တောင်းမည်ပြုပါသည်။ သို့ပေမယ့် တကာကလေးမှာ ဖခင်ကြီးအတွက် ပရိဒေ၀မီး တောက်၍နေပေသေးမည်- ဟု ထင်စားသည်ကတကြောင်း၊ ဈာပနကိစ္စ သင်္ဂြိုဟ်ရမည့်အရေးကလည်း ရှုပ်ထွေး၍နေပေမည်ဟု တွေးမိသည်ကတကြောင်း၊ တဖန် ငါတို့ရဟန်းများသည် လှူဒါန်းကျွေးမွေးနေသည့်အခါ မပင့်ဘဲ မလာစကောင်း သိက္ခာပုဒ်ကိုငဲ့၍ တကြောင်း၊ ဆိုင်းငံ့နေခဲ့ပြီး ယခုမှသာ ငွေတောင်းရန် လာရောက်ရခြင်းဖြစ်ပါသည်။

တမလွန်ဘ၀သို့ ကူးပြောင်းသွားလေသူ ဖခင်ကြီး၏ ကောင်းမွေကို တကာကလေး ရယူခံစံရသည့်အတိုင်း သေသူထံ ဘုန်းကြီးယုံကြည်၍ အပ်နှံထားခဲ့သည့် အနည်းငယ်မျှသော ငွေကလေးတတင်းကို သေသူ တကာကြီးက မှာကြားရစ်ခဲ့ပါလျှင်လည်း ယခု ပြန်ပေးစေလိုပါသည်-ဟု ခပ်တည်တည် တောင်းဆိုလေသည်။

ထိုစကားကိုကြားလျှင် သူဋ္ဌေးကလေး ဦးကောင်းဇန်က -အရှင်ဘုရား၊ ရဟန်းပင်ဖြစ်သော်ငြားလည်း အရှင်ဘုရား ယခုမိန့်ဆိုသည့်စကားကို တပည့်တော် မယုံကြည်နိုင်ပါ။ ဤအကြောင်းနှင့်စပ်လျဉ်း၍ တပည့်တော်၏ ဖခင်ကြီးကလည်း တခါမျှ မပြောမဆို မမှာမကြားခဲ့ဘူးပါ။ အရှင်ဘုရား၏ မျက်နှာတော်ကိုလည်း တကြိမ်တခါမှ မမြင်ဘူးပါ။ တပည့်တော်၏ ဖခင် ရှိစဉ်အခါကလည်း အရှင်ဘုရား ကြွရောက်လာသည်ကို မတွေ့ဘူးပါ။ အရှင်ဘုရား၏ စကားသည် ယုတ္တိယုတ္တာမရှိ၍ တပည့်တော် မပေးနိုင်ပါဟု လျှောက်ထားလေသည်။

ထိုအခါ ဘုန်းကြီး ငလက်တိုသည် အလွန်စိတ်ဆိုးဟန်ပြုလျက် တကာကလေး တကာကလေးသည် မိဘ၏ အမွေကိုတော့ ခံစားသည်။ မိဘတွင် တာဝန်ရှိသော ပစ္စည်းကိုကား မပေးလိုသလော။ ထိုငွေတတင်းကို အိမ်သို့ ရောက်အောင် ငါထမ်းပို့သည်မဟုတ်၊ တကာကြီး ဦးပြောင် ငါ့ကျောင်းသို့ ခဏခဏလာ၍ ဆရာရင်း တကာရင်း ဖြစ်ရုံမက ငွေကိုလည်း ရဟန်းတို့လက်ဝယ် ထားကောင်းသည်မဟုတ်သောကြောင့် ဟောသည်ကပ္ပိယ ကိုယ်တိုင် ထုတ်၍ပေးအပ်လိုက်ရသည်-ဟု ယုံကြည်လောက်အောင် ပြောလေသည်။

ထိုအခါ ကပ္ပိယက ကိုယ်တော်-ဒေါသရှေ့ထားပြီး စကားမဆိုပါနဲ့၊ စဉ်းစား၍ မိန့်တော်မူပါ၊ ရဟန်းတို့မည်သည် မုသားမဆိုစကောင်းပါ၊ သူတပါးပစ္စည်းကိုလည်း ပို၍ မယူကောင်းပါ၊ သူဋ္ဌေးဦးပြောင် ကျောင်းသို့လာစဉ်က တပည့်တော်ကိုယ်တိုင် ခြင်၍ပေးလိုက်သောငွေမှာ တတင်းအပြည့်မဟုတ်၊ နခမ်းအကွပ်အောက်တွင်သာ ရှိပါသည်။ တတင်းမပြည့်ပါဘဲလျက် တတင်းပြည့်သည်ဟု ပြောလျှင် ထိုငွေကလေး မဖြစ်စလောက်ဖြင့် ကိုယ်တော်အပေါ် အပြစ်ရောက်တတ်ပါသည်ဘုရား-ဟု မမှန်သည်ကို မလုပ်၊ မဟုတ်လျှင် မခံလိုသည့်ဟန်ဖြင့် ယုတ္တိတန်တန် ပြောလေသည်။

ဤတွင် သူဋ္ဌေးကလေး ဦးကောင်းဇန်လည်း ယုံကြည်လာကာ-အရှင်ဘုရား၊ အရှင်ဘုရားက ငွေတတင်းဟူ၍ အမိန့်ရှိသည်၊ အရှင်ဘုရား၏ ကပ္ပိယကမူ တတင်းမပြည့်၊ အကွပ်အောက်မျှသာရှိသည်ဟု ဆိုပါသည်၊ သို့ဖြစ်၍ တပည့်တော်၏ဖခင် သံသရာဝဋ်ကြွေး ကင်းစေအာင် အရှင်ဘုရားငွေကို အကွပ်အောက်မျှသာ ပေးနိုင်ပါမည်။ ကျေနပ်တော်မူပါ-ဟု လျှောက်ထားပြီး တင်းတောင်း အကွပ်အောက်မျှ အရေအတွက် ပမာဏရှိသော ငွေကို ထုတ်ပေးလိုက်လေသည်။

ဘုန်းကြီး ငလက်တိုနှင့် ကပ္ပိယ ငညိုလည်း စိတ်ထဲတွင်ကျိတ်၍ ၀မ်းသာလျက် ငွေအိတ်ကိုထမ်းကာ ဆင်းလာကြလေသည်။ ဤသို့ဖြင့် ငလက်တိုနှင့် ငညို တကျိတ်ထဲ-ဟူ၍ ယခုတိုင် ဆိုစမှတ်ပြုကြလေသည်။

ငလက်တိုနှင့် ငညိုတို့သည် တနေရာတွင် ငွေကို ခွဲဝေယူကြရန် စီစဉ်ရာ၌ ငလက်တိုက-ငါသည် ရောင်တလုံး အဆုံးခံပြီး စကားများစွာ ပြောဆိုရသူဖြစ်၍ ငါက ၃-ပုံ ၂-ပုံ ရထိုက်သည်ဟု ဆို၏။
ကပ္ပိယ ငညိုကလဲ-မင်းပြောသည်ကို ယုံကြည်၍ပေးသည် မဟုတ်ပါ၊ ငါပြောသည်ကိုသာ ယုံကြည်သဖြင့် ငါပြောသည့်အတိုင်း ရခဲ့သော ငွေများဖြစ်သည်။ ငါသာလျှင် ၃-ပုံ ၂-ပုံ ရထိုက်သည်ဟု ပြော၏။

ယင်းသို့ ငြင်းခုံကြရင်း ငွေအိတ်ကို ထမ်းပိုးရသောငညိုသည် အခင်းကြီး သွားလိုဟန်ဖြင့် တောတန်းကလေးသို့ ၀င်ကာ ကောက်ရိုးပုံတပုံတွင် ပုန်းနေလေသည်။ ငလက်တိုကလည်း အချိန်တန်၍ ငညို ပြန်မလာသဖြင့် မယုံသင်္ကာဖြစ်ကာ လိုက်လံရှာဖွေသော်လည်း မတွေ့ရသည်နှင့် အခြားသို့ပြေးစရာ လမ်းလည်းမမြင်၊ အမှန်ကောက်ရိုးပုံထဲတွင် ပုန်းအောင်းနေသည်ဖြစ်မည်-ဟု ဆင်ခြင်တွေးတောမိပြီး ခပ်လှမ်းလှမ်းရှိ တဲအိမ်တခုမှ ကျွဲခလောက်တခုကို ငှါးရမ်းလာလေသည်။

ထို့နောက် ကောက်ရိုးပုံသို့ ကျွဲဝင်ရောက်စားဟန်ဖြင့် ကျွဲခလောက်ကို လှုပ်ရမ်း၍ အသံပြုလေသော် ကောက်ရိုးပုံတွင်းမှ ငညိုလည်း တကယ့်ကျွဲထင်မှတ်ကာ နင်းမိမည်စိုး၍ ဟဲ့ကျွဲ-ဟဲ့ကျွဲ-ဟု အသံပေး မောင်းနှင်လေသည်။

ဤတွင်မှ ငလက်တိုက-ဟေ့ ငညို၊ လာခဲ့၊ ထွက်ခဲ့၊ ဟုခေါ်သဖြင့် ငညိုလည်း ကောက်ရိုးပုံထဲမှ ထွက်လာခဲ့ရလေသတည်း။

( နီတိ )
ဤအဖြစ်အပျက်ကို မူတည်၍-
လောကီလူသား၊ လူအများတွင်၊ လှည့်ဖျားလိမ်လည်၊ ဉာဏ်နီဉာဏ်နက်၊ ကျင့်ပျက်သသူ၊ လွန်ပေါထူ၍၊ တွေးယူတွက်ဆ၊ ပြောသမျှကို၊ မုချအမှန်၊ ဖြစ်လေတန်ဟု၊ ဧကန်မမှတ်၊ မယုံအပ်ပေ၊ ယုံမိချေက၊ ပျက်ကြွေဥစ္စာ၊ ဒုက္ခဖြာသည်၊ မကွာသတိ ရှိစေတည်း။

( တက္ကသိုလ် တင်အေး )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP