* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 26, 2009

ဇဝနဟံသဇာတ်

၂၀၀၉ ခု မေလ ၂၄ ရက် တနင်္ဂနွေနေ့
ရွှေမင်းဝံဆရာတော်၏ (၅)ရက် တရားစခန်း စတုတ္ထနေ့

တရားစခန်း၏ စတုတ္ထနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတို့ကို အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဒုတိယ ဥက္ကဌ ဦးစိန်မြင့် နှင့် အသင်း အမှုဆောင် ဒေါ်လီလီဌေး မိသားစုမှ လွန်ခဲ့သော ဧပြီလ ၂၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် သားဖြစ်သူ ကိုပြည့်စုံမြင့်အား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များနှင့် ယောဂီများအား လှူဒါန်း ဆက်ကပ်ခြင်း၊ ဧည့်ပရိတ်သတ်အား မုန့်ဟင်းခါးဖြင့် ကျွေးမွေး ဧည့်ခံခြင်း ပြုလုပ်ကြပါသည်။

အနုမောဒနာတရားကို ရွှေမင်းဝံဆရာတော်မှ ချီးမြှင့်ရာ သေခြင်းတရား၏ လျင်မြန်ပုံ ဇဝနဟံသဇာတ်ကို ဥပမာ ပေး၍ အသေမဦးခင် လောကီအကျိုး လောကုတ္တရာအကျိုး ရရှိအောင် ဆောင်ရွက်ကြရန် ဟောကြားသွားပါသည်။

အာယုက္ခယ-အသက်တမ်းကုန်၍ သေခြင်း၊ ကမ္မက္ခယ-ကံကုန်၍ သေခြင်း၊ ဥဘယက္ခယ-အသက်တမ်းနှင့် ကံကုန်၍ သေခြင်း၊ ဥပစ္ဆေဒက-အသက်နှင့် ကံ ၂ ပါး ရှိသေးသော်လည်း ဥပစ္ဆေဒကကံကြောင့် သေခြင်း ဟူ၍ သေခြင်း လေးမျိုးရှိရာ အသက်ငယ်ရွယ်စဉ် သေသူမှာ ကံကုန်၍ သေခြင်း ဖြစ်ကြောင်း၊ မိသားစုတစ်ခုတွင် ရှေးဦးစွာ သေဆုံးသူမှာ ကောင်းမှုပြုလုပ်ခွင့် မရတော့သဖြင့် ကုသိုလ်ကံ အနည်းဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ဇာတိဟူ၍ ရလာလျှင် အို နာ သေ တဆက်တည်း ကပ်ပါ လိုက်ပါလာသည်ဖြစ်ရာ သံဝေဂယူ၍ လောကီကျိုး လောကုတ္တရာ ကောင်းကျိုးချမ်းသာ ရရှိရန် အချိန်မဆိုင်းဘဲ အမြန်ဆုံး ဆောင်ရွက်သွားကြရန် တိုက်တွန်း ဟောကြား၏။

+++++

ဇဝနဟံသဇာတ်

အာယုသင်္ခါရတို့၏ လျင်မြန်စွာ ဖြစ်ခြင်း ပျက်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒဠဓမ္မဓနုဂ္ဂဟသုတ္တန်ကို အကြောင်းပြု၍ ဇဝနဟံသဇာတ်ကို ဟောတော်မူ၏။

အရပ်လေးမျက်နှာနေ လေးသည်ကျော်တို့ ပစ်လွှတ်သော မြားတို့ကို မြေမကျမီ ဖမ်းယူ၍ မူလနေရာသို့ ထားနိုင်သော ပုဂ္ဂိုလ် ယောက်ျား၏ လျင်မြန်ခြင်းထက် လ,နေတို့က ပို၍ လျင်မြန်၏။

မြားလေးစင်းကို ဖမ်းနိုင်သောယောက်ျားနှင့် လ,နေတို့၏ လျင်မြန်ခြင်းထက် အချို့နတ်တို့က ပို၍ လျင်မြန်၏။

ထိုယောက်ျား၊ လ,နေ၊ နတ်တို့၏ လျင်မြန်ခြင်းထက်လည်း အာယုသင်္ခါရတို့ ကုန်ဆုံးခြင်း သေခြင်းသည် အလွန်တရာ သာ၍ လျင်မြန်သဖြင့် ဘုရားသာသနာတော်၌ မမေ့မလျော့နေ၍ ကျင့်အပ်၏ဟု ဓဠဓမ္မဓနုဂ္ဂဟသုတ်ကို ဟောတော်မူ၏။

ဟောပြီး နှစ်ရက်မြောက်သော နေ့၌ ရဟန်းတော်တို့ အာယုသင်္ခါရ၏ အားနည်းမှုကို စည်းဝေး ပြောဆိုနေကြစဉ် အတိတ်ဝတ္ထုဖြစ်သော ဇဝနဟင်္သာမင်းအကြောင်း ဟောကြားတော်မူခြင်း ဖြစ်သည်။

အတိတ်ဝတ္ထု

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း စိုးစံစဉ် ဘုရားလောင်းသည် ဇဝနဟင်္သာမျိုး၌ ဖြစ်၍ ဟင်္သာများ ခြံရံလျက် စိတ္တကုဋ်တောင်၌ နေ၏။

တခါသော် အိုင်တစ်ခုမှ အပြန်တွင် ဗြဟ္မဒတ်မင်းက မြင်တွေ့ရာမှ မိတ်ဖွဲ့သဖြင့် မိတ်ဆွေဖြစ်၏။

တနေ့သောအခါ နေနှင့် အပြေးပြိုင်သော ညီတော် ဟင်္သာနှစ်ဦးတို့၏ အသက်ကို ကယ်၍ ဗာရာဏသီမင်းထံ သွားကာ တရားစကား ဟောပြော၏။

နေနှင့် အပြေးပြိုင်ကြသည့် ညီတော် ဟင်္သာနှစ်ဦး၏ အဖြစ်အပျက်ကို ပြောပြသောအခါ ဗြဟ္မဒတ်မင်းက ဇဝနဟင်္သာမင်း၏ လျင်မြန်မှုကို မြင်တွေ့လိုသဖြင့် လျှပ်တပြက်အတွင်း အချက်များစွာ ပစ်နိုင်သော အက္ခဏဝေဓိ လေးသမား လေးဦးကို ခေါ်စေ၏။

မင်းရင်ပြင်တွင် ကျောက်တိုင်တို့ကို စိုက်စေ၍ ဇဝနဟင်္သာမင်းလည်း လည်၌ ဆည်းလည်းဆွဲစေကာ ကျောက်တိုင်ထိပ်၌ နေ၏။ လေးယောက်သော လေးသမားတို့ကို ကျောက်တိုင်ကို မှီစေ၍ အရပ်လေးမျက်နှာသို့ ရှေးရှုကာ တပြိုင်နက်တည်း မြားတစ်စင်းစီ ပစ်လွှတ်စေ၏။

မြားတို့ မြေမကျမီ ဖမ်းယူ၍ လေးသမားတို့၏ ခြေရင်း၌ ချကာ ကျောက်တိုင်ထိပ်၌ နေမြဲတိုင်း တည်နေသော ဇဝနဟင်္သာမင်း၏ လျင်မြန်မှုကို ဗြဟ္မဒတ်မင်းမှာ မျက်စိဖြင့် မြင်နိုင်ခြင်းငှာ မစွမ်းသာဘဲ ဆည်းလည်း၏ အသံဖြင့်သာ သိရှိရ၏။

ဇဝနဟင်္သာမင်း၏ လျင်မြန်ခြင်းထက် သာလွန်မှုသည် ရှိနိုင်ပါဦးမည်လော ဟု ဗြဟ္မဒတ်မင်းကြီးက ဇဝနဟင်္သာမင်းအား မေးရာ သတ္တဝါတို့၏ အာယုသင်္ခါရ ကုန်ဆုံးမှုက အဆပေါင်း ရာ ထောင် သိန်းသောင်းမက သာလွန်ကြောင်း ဟောကြားတော်မူ၏။
ရုပ်တရားတို့၏ ချုပ်ခြင်း၊ နာမ်တရားတို့၏ ချုပ်ခြင်းကိုလည်း ခဏနိရောဓ၏ အစွမ်းဖြင့် ပြတော်မူ၏။

ဗြဟ္မဒတ်မင်းလည်း သေဘေးကို ကြောက်သဖြင့် မူးမေ့၍့ မြေ၌ လဲ၏။ လူအများလည်း ထိတ်လန့် ကြောက်ရွံ့ကြကုန်၏။

မင်း၏ မျက်နှာကို ရေဖြင့် သွန်း၍ သတိရစေပြီး၊ မင်းကျင့်တရား ဆယ်ပါးကို ပြုကျင့်ရန်၊ အလှူဒါနပြုလုပ်ရန်၊ သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ခြင်း မရဏာနုဿတိကို ပွားစေရန်၊ မမေ့မလျော့သော သတိတရားဖြင့် နေရန် ဟောကြားတော်မူ၏။

ဇာတ်ပေါင်း

ဗာရာဏသီမင်း = အရှင်အာနန္ဒာ
ညီတော် ဟင်္သာငယ် = အရှင်မဟာမောဂ္ဂလာန်
ညီလတ် ဟင်္သာ = အရှင်သာရိပုတ္တရာ
ဟင်္သာအပေါင်း = ဘုရားရှင်၏ ပရိသတ်
ဇဝနဟင်္သာမင်း = မြတ်စွာဘုရားရှင်

+++++

“အာယုသင်္ခါ၊ ချုပ်မြန်စွာ၊ ပမာပြုဖို့ ကင်း။”

+++++


စာကိုး
မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်ဘုရားကြီး ပြန်ဆိုရေးသားတော်မူသော ငါးရာငါးဆယ် ဇာတ်ဝတ္ထု၊ တေရသကနိပါတ်၊ ဇဝနဟံသဇာတ်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP