ဘာသာရေးဆိုင်ရာ မှတ်ဖွယ်မှတ်ရာ အဖြာဖြာ-(၁)
သမ္မာအာဇီဝ။
သင်္ဂြိုဟ်စေတသိတ်ပိုင်း စေတသိတ် ၅၂ ပါးထဲတွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဟူ၍ စေတသိတ်သုံးမျိုး ခွဲခြားဖော်ပြထားရာ၌ သမ္မာအာဇီဝဟူသည် အသက်မွေးမှုကို ငဲ့၍ ဝစီကံလေးပါးကို လွန်ကြူးမှုမှရှောင်ကြဉ်ခြင်း၊ ကာယကံသုံးပါးကို လွန်ကျူးမှုမှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ထင်ရှားအောင် ဖော်ပြရသော် ပါဏာတိပါတဆိုင်ရာ၌ ရိုးရိုးတောပစ်ဝါဿနာပါ၍ တောလည်လျက် သားကောင်များကို အပျော်သဘော ပစ်သတ်ခြင်းသည် ရိုးရိုးပါဏာတိပါတပင်ဖြစ်သည်။
မုဆိုးအဖြစ်ဖြင့် သားကောင်များကို ရှာဖွေပစ်သတ်၍ အသားကိုရောင်း၍ အသက်မွေးခြင်းသည် မိစ္ဆာဇီဝ ဖြစ်သည်။ ဤကဲ့သို့ သားသတ်မုဆိုးအဖြစ် စွန့်ပစ်၍ အခြားအသက်မွေးမှုကိုပြုလျှင် သမ္မာအာဇီဝ ဖြစ်ပါသည်။ ဤဥပမာအတိုင်း ခိုးဝှက်၍ အသက်မွေးမှု၊ လိမ်လည်လှည့်ဖြား၍ အသက်မွေးမှုတို့၌ သိနိုင်ပါသည်။ ထိုကဲ့သို့ ဒုစရိုက်မှုတို့မှ ကင်းရှင်းသော လုပ်ကိုင်ရှာဖွေ အသက်မွေးမှုတို့ကို သမ္မာအာဇီဝဟုခေါ်သဖြင့် ဗုဒ္ဓဘာသာသမ္မာနွယ်ဝင် သူတော်စင်တိုင်း ဤကဲ့သို့ ရာသက်ပန် သမ္မာအာဇီဝဖြင့် အသက်မွေးနေထိုင်နိုင်ရန် ကြိုးစားသင့်ပေသည်။
မြေခိုးခြင်းအပြစ်။
အဒိန္နဒါနာ= ခိုးယူခြင်းအမှုကို ဗုဒ္ဓဘာသာဝင်တို့သိပြီးဖြစ်ပါသည်။ အဒိန္နဒါနအပြစ် မြောက်ဘို့ အချက် (၅)ချက် နဲ့ ပြည့်စုံဖို့လိုတယ်လို့ သိထားကြပါသည်။
၁။ ပရပရိဂ္ဂဟိတံ = သိမ်းဆည်းထားတဲ့(သူတပါးရဲ့) ဥစ္စာလည်း ဖြစ်။
၂။ ပရပရိဂ္ဂဟိတသညိနာ = သိမ်းဆည်းထားတဲ့(သူတပါးရဲ့) ဥစ္စာလို့လည်း သိရှိမှတ်ယူ
၃။ ထေယျစိတ္တံ = ခိုးယူလိုစိတ်လည်း ရှိ
၎။ ဥပက္ကမော = လုံ့လ အားထုတ်မှုလည်းပြု
၅။ ဟရဏံ = ဆောင်ယူခြင်းလည်းမြောက်
ဒါပေမဲ့ ဒီ ၅-ချက် နဲ့ ပြည့်စုံမှ ကံမြောက်တယ် ဆိုပေမယ့် သူတပါးပစ္စည်းခိုးယူပြီ ဆိုတာနဲ့ ဒီကံ ၅ ချက် လုံး ကျူးလွန်မိမှာ အသေအချာပင်ဖြစ်သည်။
အခုတင်ပြမှာကတော့ မြေခိုးယူခြင်းအပြစ် ဖြစ်ပါသည်။ ခိုးယူအပ်သော ဥစ္စာသည် ဇင်္ဂမဥစ္စာ၊ ထာဝရဥစ္စာဟူ၍ ၂-မျိုးရှိသည်။ ရွှေ၊ ငွေ၊ ကျွဲ၊ နွား စသောဥစ္စာသည် ဇင်္ဂမ= ရွှေ့ပြောင်း၍ရသော ဥစ္စာဖြစ်၍ လယ်၊ ယာမြေ၊ တိုက်တာ၊ အိုးအိမ်စသော ဥစ္စာသည် ထာဝရရွှေ့ပြောင်း၍ မရသောဥစ္စာဖြစ်သည်။ ဇင်္ဂမ၊ ထာဝရ မည်သည့်ဥစ္စာမဆို ခိုးယူစဉ်အခိုက်အတန့် (မူလနေရာမှ ရွှေ့စဉ်)၌သာ အဒိန္နဒါနာ ဖြစ်သည်။ တစ်ဖက်မြေမှယူ၍ ခြံကာသူအဖို့ ခြံကာစဉ် အဒိန္နဒါနာ ဖြစ်သည်။ သို့သော် ထာဝရဥစ္စာဖြစ်၍ မည်သည့်အခါမှ ပျောက်ပျက်မသွား။
အစဉ်တွေ့မြင်နေရ၍ အခြားသူမသိသော်လည်း မိမိသိ၍မြင်တိုင်း၊ သိတိုင်း ငါခိုးမိသည်၊ ယူမိသည်ဟု စိတ်နှလုံးမချမ်းမသာ ဖြစ်နေမည်။ တစ်သက်လုံး ဝိပ္ပဋိသာရ= စိတ်နှလုံးမရွှင်သာမှု၊ ပူပန်မှုဖြစ်နေမည်။ ဇင်္ဂမဥစ္စာကို ခိုးမှု၌ ကုသိုလ်ကောင်းမှု အထပ်ထပ်ပြုနေ၍ သီလ၊ဘာဝနာပွားများ၍ အကုသိုလ်မပျောက်သည့်တိုင် အားသေးသွား၍လည်းကောင်း၊ ကုသိုလ်ကအားကောင်း၍လည်းကောင်း အပါယ်ပဋိသန္ဓေ မပေးနိုင်ဖြစ်သွားသော်လည်း၊ ထာဝရဥစ္စာခိုးယူမှုမှာ ပစ္စည်းကမပျောက်မပျက်၊ တစ်သက်လုံးတွေ့မြင်နေရပြီး တွေ့မြင်တိုင်းလည်း ဝိပ္ပဋိသာရ ဖြစ်ရတော့သည်။
ကုသိုလ်ပြုတိုင်းလည်း ဝိပ္ပဋိသာရဖြစ်နေ၍ ရွှင်ပြကြည်လင် သာရွှင်ခြင်းမဖြစ်၍ အဒိန္နဒါနာ အကုသိုလ်က အပါယ်အကျိုးမပေးသည့်တိုင်အောင် ယင်းဝိပ္ပဋိသာရက အပါယ်သို့ပို့ဆောင်တက်လေသည်။ ထို့ကြောင့် ထာဝရဥစ္စာ လယ်ယာခြံမြေတို့ကို မခိုးယူမိအောင် အထူးရှောင်ကြဉ်သင့်ပါသည်။ နေ့စဉ်ထင်ရှားဖြစ်နေတဲ့ လောဘမူလ စိတ်တွေ ကို သတိကလေးအမြဲထားပြီး ထိန်းသိမ်းစောင့်ရှောက် နိုင်ဘို့ အတွက် အဒိန္နဒါနာ ဝေရာမဏိ သူတပါးဥစ္စာခိုးယူခြင်း မှ ရှောင်ကြဉ်ပါ၏ ဆိုတဲ့ သီလ သိက္ခာပုဒ် ကို လုံခြုံအောင် စောင့်ထိန်း ကြပါစို့။
သေသူအားအမျှဝေခြင်း။
သေသူကို ရည်ညွှန်း၍ ကုသိုလ်အမျှဝေရာ၌ သေသူသည်ပြိတ္တာ (ပရဒတ္တူပဇီဝိကပေတ) ဘဝသို့ရောက်၍ သာဓုခေါ်နိုင်မှ ကုသိုလ်အကျိုးကို ရရှိခံစားနိုင်ပါသည်မှာ မှန်ပါသည်။ သေသူသည် နတ်စသည်ဖြစ်၍ သာဓုမခေါ်နိုင်သော်လည်း ကုသိုလ်ရှင်တို့က ကုသိုလ်အဖို့ကို အမျှဝေရာ၌ ကြားသိ တွေ့မြင်၍ ရွှင်လန်းဝမ်းမြောက်စွာ သာဓုခေါ်ကြသော ပုဂ္ဂိုလ်များ၊ မိမိရည်ညွှန်းရာ သေသူမှတပါး အခြားသောပရလောကမှ ဘိုးဘွား၊ မိဘ၊ မိတ္တဆွေညာများ၊ ဘဝများစွာက ကွယ်လွန်၍ မကျွတ်မလွတ်သေးသူများတို့ သာဓုခေါ်၍ ကျွတ်လွတ်ချမ်းသာ သွားနိုင်ကြသည်။
သိကြားမင်း၊ ပြည့်ရှင်မင်း၊ ကိုယ်စောင့်နတ် စသည်တို့မှာ မိမိတို့အား ကူညီစောင့်ရှောက် နိုင်သောကြောင့်လည်းကောင်း၊ ယမမင်းမှာ အကယ်၍ မိမိကွယ်လွန်ခါနီး နှလုံးသွင်း ချွတ်ချော်၍ ငရဲသို့ရောက်သွားရသည့်တိုင်အောင် အသင်သည် မည်သည့်ကုသိုလ်ပြုစဉ်က ငါ့အား အမျှဝေဖူးသည် မဟုတ်လော စသည်ဖြင့် သတိပေး၍ ငရဲမှ လွတ်စေနိုင်သောကြောင့် လည်းကောင်း ယင်းတို့အား အထူးပြု၍ အမျှဝေခြင်း ဖြစ်ပါသည်။
မရဏနုဿတိ။
မရဏနုဿတိ ကမ္မဋ္ဌာန်းကို စည်းဖြန်းလိုသူသည် (၁) ချစ်ခင်သူ၏ သေခြင်း၊ (၂) မုန်းသောသူ၏ သေခြင်းတို့ကို အောက်မေ့လျှင် သောကဟူသော စိုးရိမ်ပူဆွေးခြင်း၊ ပါမောဇ္ဇဟူသော ဝမ်းမြောက်ခြင်းတို့ ဖြစ်တက်သဖြင့် မချစ်မမုန်း လျစ်လျူရှုရှိသောသူ၏ သေခြင်းကို အောက်မေ့၍ ဤသူကဲ့သို့ " ငါလည်းသေရအံ့၊ မရဏံ မေ ဘဝိဿတိ၊ ဇီဝိတိန္ဒြိ ယံ နိရုဇ္ဈိဿတိ ငါ့အားသေခြင်းသည် ဖြစ်လတ္တံ၊ အသက် ဇီဝိတိန္ဒြိ သည် ပြတ်လတ္တံ " ဟု အကြိမ်ကြိမ် နှလုံးသွင်း၍ မရဏနုဿတိ ထင်သည့်တိုင်အောင် ပွားများရပါသည်။
"သေခြင်းတရား၊ ဤတပါးကား၊ များပြားလူ့ဘောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောက်မေ့၊ စီးဖြန်းကြ" ဟူသော စကားအတိုင်း ဤသေခြင်း မရဏနုဿတိကို အောက်မေ့စီးဖြန်းနေသူသည် မကောင်းမှုတို့ကို ပြုလုပ်ရန် ကြောက်လန့်လာသဖြင့် အစဉ်ကုသိုလ်ဖြစ်နေသောကြောင့် သေခြင်းတရားသည် လူတို့၏အကျိုးဆောင်တရားဟု အဆိုရှိပါသည်။ ထို့ကြောင့် အမြဲပွားများ အားထုတ်သင့်ကြပေသည်။
(ဘာသာရေးပြဿနာများ) ဘဒ္ဒန္တတိလောကသာရ

0 comments:
Post a Comment