* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 22, 2009

ဆရာ ဒကာ

ရတနာသုံးပါးကို ကိုးကွယ်သော ဗုဒ္ဓဘာသာဝင်တို့သည် ရတနာတပါးဖြစ်သော သံဃာတော်တို့နှင့် အမြဲလိုလို တွေ့ဆုံဆည်းကပ်လေ့ရှိကြသည်။ သံသာရ ၀ဋ္ဋဒုက္ခတော မောစနတ္ထာယ-ဟူသော မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သာသနာ့ဘောင် ၀င်လာတော်မူကြသော အရှင်ကောင်းများ ဖြစ်ကြသည်။ မြတ်ဗုဒ္ဓ စည်းကမ်းချမှတ်ခဲ့သော ၀ိနည်းဥပဒေတော်ကြီးနှင့်အညီ ကျင့်သုံးနေထိုင်ခဲ့ကြသည်။ အကျဉ်းအားဖြင့် ၂၂၇-သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင် တရာ့ရှစ်ဆယ့်ငါးသန်း သုံးသောင်း ခြောက်ထောင်သော သိက္ခာပုဒ်တို့ကို ထိန်းသိမ်း စောင့်သိတော်မူကြသော ရဟန်းသံဃာများ ဖြစ်ကြ၏။

သို့တစေ တခါတရံ ဆည်းကပ်ကိုးကွယ်သူ ဒကာ ဒကာမများ၏ အကြည်ညိုလွန်မှု၊ မှားယွင်းစွာ ပြုမိမှု၊ မှားယွင်းစွာ ပြောဆိုမှုတို့ကြောင့် သံဃာအချို့ အပြစ်မလွတ်ဖြစ်တတ်သည်။ ၀ိနည်းစည်းကမ်းကို ရေလည်စွာ နားမလည်သော ဒကာ ဒကာမများသည် အမှတ်တမဲ့ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ စေတနာအလျောက် အဆောတလျင် ပြုလုပ်မိ၍ဖြစ်စေ၊ သံဃာတော်နှင့်မအပ်စပ်သော အပြောအဆို အပြုအမူများကို ပြုမိတတ်ကြရာ အရှင်သူမြတ်များတွင် အပြစ်ကျရောက်ပြီး သီလမစင်မကြယ်ဖြစ်တတ်သည်။ ၀ိနည်းသီလ ကျိုးပေါက် ပြောက်ကျားလျှင် မဂ်ဖိုလ်တရား၏ အဟန့်အတားဖြစ်နိုင်သည်။

ထို့ကြောင့် ဒကာ ဒကာမတို့ဘက်က မပြုသင့်သော အပြောအဆို အလုပ်များကို ကြိုးစားရှောင်ရှားပြီးလျှင် ပြုသင့်ပြောသင့်သော ကိစ္စများကို အပ်စပ်အောင် ဆောင်ရွက်တတ်ရန် လိုအပ်လှသည်။ ဤအရေးကိုသိမြင်သော သာသနာပြု ပုဂ္ဂိုလ်တဦးသည် လွန်ခဲ့သော နှစ်လေးဆယ်ခန့်က ကပ္ပိယသင်တန်း ဖွင့်လှစ်ဖူးသည်ဟု မှတ်သားမိပါသည်။

အဆိုပါသင်တန်းတွင် ပါရာဇိက၊ သံဃာဒိသေသ်၊ ထုလ္လစဉ်း၊ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုက္ကဋ်၊ ဒုဗ္ဘာသီ တည်းဟူသော အာပတ် ၇-ပုံ အကျဉ်းနှင့် အခြေခံကျသော ဆွမ်း ကွမ်း ကပ်လှူနည်း၊ အဖျော်ယမကာ ပြုပြင်နည်း၊ ဗီဇဂါမ် ငါးမျိုး၊ ကပ္ပိနည်း၊ ရွှေ ငွေ အ၀တ်အထည် အသုံးအဆောင်ပစ္စည်းများ လှူမှု၊ လက်ခံမှု၊ ရောင်းဝယ်မှု၊ လဲလှယ်မှုများ ဆောင်ရွက်နည်း၊ အနေသန၊ ကုလဒူသန၊ အနာမာသ၊ သဟသေယျ၊ စသော သိသင့်သိထိုက်သည့် အချက်အလက်များ ပါဝင်ရာ ဆရာနှင့်ဒကာ ဆက်ဆံရေးတွင် နှစ်ဦးနှစ်ဖက် အကျိုးများမည်ဖြစ်ပါသည်။ သာသနာတော်၏အသက်ဖြစ်သော ၀ိနည်းတော်ကို လေ့လာ၍ မှန်ကန်အောင် ဆောင်ရွက်နိုင်ကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP