* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 24, 2009

ညအေတြး

ဆေးလိမ်းထားသော သားရေလက်အိတ်ကို ချွတ်၍ အမှိုက်ပုံး အ၀ါလေးထဲ ထည့်လိုက်သည်။ သူလုပ်သမျှကို မျက်လုံးအပြူးသားနှင့် ကြည့်နေရှာတော်မူသော ကိုရင်ငယ်ငယ်ကလေးကို ပြန်ကြွလို့ရပါပြီဘုရားဟု ပြုံးပြီးလျှောက်သည်။ ကိုရင်ကလေးက ကျန်းမာချမ်းသာပါစေ ဒကာကြီးဟု မေတ္တာပို့ပြီး အပြေးကလေး ကြွသွားသည်။ အထူးကိုသာ ကုသင့်သော သူ့ကို လူကြီးများက ဆေးလိမ်းရသည့် မာသာထရီဇာ အလုပ်မျိုး မလုပ်စေချင်။ အအေးခံအခန်းထဲတွင် စာရေးရသော နားကြပ်ထောက် ဆရာဝန် အလုပ်သက်သက်ကိုသာ လုပ်စေလိုသည်။ အနာဆေးလိမ်း ဆေးထည့်ရသည့် အလုပ်နှင့် သူနှင့် လားလားမှ မအပ်ဟု ယူဆနေကြသည်။

သူကတော့ ဂိလာနသံဃာများကို ကိုယ်တိုင်ထိတွေ့၍ သူနာပြုရသော အရသာကို ကောင်းကောင်း နားလည်သည်။ အခန်းထဲတွင် ဘောပင်နှင့် နားကြပ်နှင့် စာအုပ်နှင့် ကုရသော ဆရာဝန်အလုပ်ကိုလည်း မဖြစ်မနေလုပ်ပါသည်။ သို့သော် လူနာရှင်းသည်နှင့် တပြိုင်နက် ဆေးလိမ်းသည့် အခန်းသို့လာကာ သူနာပြုစုရသည်ကို ပိုမိုပီတိဖြစ်သည်။

ကိုက်ခဲနေသော ခါးဆစ်နေရာကို သူ့ဘယ်လက်နှင့် နှိပ်နယ်ရင်း ခါးကို လှည့်ကာ အညောင်းဖြေရသည်။ ဦးပေါင်းကျားနှင့် မြင်းကျားရှင်ဆိုသူ ၏ "ငါမအိုသေး" ဟူသော ကြွေးကြော်သံကို တွေးပြီး ထပ်ပြုံးမိသည်။ မိမိသည်ကား အိုလို့နေပါပကော။ အိုရုံတင်မက နာလို့ပင်နေပြီ။ သြော်... လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်လောက်ကနှင့် မတူတာတော့ အမှန်။ အိုမင်းလာလျှင် မစွမ်းတော့ဟု ဆိုကြသည်။ မိမိသည်ကော စွမ်းသေးပါသလား။ သို့မဟုတ် စွမ်းခဲ့သည်ဟု ယူဆစရာကော ရှိခဲ့ပါသလား။ စွမ်းသည့်အရာများကို စွမ်းခဲ့၍ မစွမ်းသည့်အရာများကို မစွမ်းနိုင်ခဲ့။ မစွမ်းသင့်သည့်အရာများကို စွမ်းနိုင်အောင် မလုပ်ခဲ့သဖြင့် မစွမ်းခဲ့ခြင်းကတမျိုး ရှိသော်လည်း စွမ်းသည့်သင့်အရာများကို ကြိုးစားလျက် မစွမ်းခဲ့တာတွေလည်း ရှိသည်။ စွမ်းသင့်သည်၊ မစွမ်းသင့်သည် မထင်ရှားသော ကိစ္စများအတွက်ကကော။ ဤကား ပုစ္ဆာ။ သူ့အတွက်တော့ ထာဝရပုစ္ဆာ။

သူကတွေးတတ်သူပီပီ စွမ်းခဲ့ခြင်းကို ဆက်တွေးပြန်သည်။ သူ့တစ်သက်မှာ ဆေးတစ်ဖုံကိုသာ ဖော်ခဲ့ဖူးသည်ဟု အမှတ်အသားပြုထားသည်။ အရေပြားနှင့် သက်ဆိုင်သော မွှေးပျံ့ညင်သာသည့် ဆေးတစ်ဖုံ။ သူလူငယ်ဘ၀တုန်းက အရေပြားဆေးတွေက အနံ့ပြင်း ပူလောင်သည်။ သူက မွှေးပျံ့ညင်သာသည့် ဆေးတစ်ဖုံကို စပ်လိုက်နိုင်သည်။ ဒါကိုပဲ တကယ်စွမ်းခဲ့သည်ဟု သူ့ကိုယ်သူ အသိအမှတ်ပြုသည်။ ကျန်တာတွေကတော့ သမားရိုးကျသာ။ သူ့ဘ၀သည် အသိကပေးသော ဘ၀သက်သက် ဖြစ်သည်။ ဆင်ခြင်တုံတရားသက်သက်ဖြင့် တည်ဆောက်ထားသော ဘ၀ဖြစ်၏။ သို့ဖြစ်၍ သူ့ကိုယ်သူ ကံကောင်းသူဟူ၍ တစ်သက်လုံး မမှတ်ယူခဲ့သော်ငြား ချမ်းသာ၏။ လွန်စွာချမ်းသာ၏။

အပြင်မှာ မှောင်ရိပ်သန်းလာပြီ။ ညကိုးနာရီမှာ ဆေးရုံဝန်ထမ်းများ ဆရာဝန်များနှင့် ဆေးရုံတွင်း သုတေသန ကိစ္စစည်းဝေး တိုင်ပင်ရဖို့ရှိသေးသည်။ သူ့ဘ၀ ကျေးဇူးရှင် အဘအေး လက်ဆောင်ပေးထားသော ချယ်ရီသား တုတ်ကောက်ကို လှမ်းယူလိုက်သည်။ သူက အဲသည်တုတ်ကောက်ကို "အေးချယ်ရီ"ဟု ခေါ်သည်။ အဘအေးကား အသက် ကိုးဆယ်အထိ တုတ်ကောက် မလိုခဲ့။ သူကတော့ အသက်ကလေး လေးဆယ်ကျော်ရုံနှင့် တုတ်ကောက်ဆောင်နေရပြီ။ ရှည်ကိုင်းကိုင်း ကိုယ်ခန္ဓာကို အနွေးအကျီင်္ စွပ်ပေးလိုက်ပြီး ဆိတ်ငြိမ်လွန်းသော သူ့အိမ်ဆီ ခပ်အေးအေးလျှောက်လာသည်။ ခါးရိုးဆစ် ရောဂါကြောင့် ခပ်အေးအေးပဲ လျှောက်လို့ရသည် ဟု ပြောလျှင်လည်း မှန်သည်။ အေးအေးလျှောက်တာကိုပဲ သူကြိုက်ပါသည်။

လမ်းကတော့ ကောင်းကောင်း မှောင်နေပြီ။ မှောင်နေသည်ဆိုတာက အမှောင်ချခိုင်းထားလို့ ဖြစ်၏။ ဇီဝိတဆေးရုံနှင့် သူ့အိမ်ကြား ကိုက်၂၀၀ ခန့်အကွာအဝေး တစ်လျှောက်လုံးကို မီးမှိန်မှိန်သာ ထွန်းခိုင်းသည်။ သူ့အိမ်ပတ်ဝန်းကျင်မှာတော့ ည၏ သဘာဝကို အရှိအတိုင်းသာ ထားစေသည်။ လျှပ်မီး၏ အလင်းဆိုသည်က လုံခြုံမှု ၊ အလုပ်ဖြစ်မှုအတွက် သုံးတာ။ သူ့အတွက် လုံခြုံမှုသည် မလို။ သူ့ဘ၀သည် လုံခြုံပြီးသား။ အနည်းဆုံး မလုံခြုံခဲ့လျှင်တောင် သူ့မှာ ဘာမှမရှိ။ အနည်းငယ်ဖြစ်ဖြစ် ပူမည့်သူသည်ပင်လျှင် မရှိ။ မရှိကြတော့သည်မဟုတ်။ အစကတည်းကိုက မရှိခဲ့ခြင်းသာ။ ရှိခဲ့သည်ဟုဆိုရလျှင် မိခင်နှင့်တူသော တစ်ယောက်ကိုသာ ပြန်ပြောင်း လွမ်းမောဖွယ်ရှိမည်။ သို့ရာတွင် လွမ်းမောသင့်သလား မလွမ်းသင့်သလားရယ်ကို သူမသိ။ အင်းခုတော့ အဲသည်တစ်ဦး သည်လည်း မရှိ။ မရှိလေတော့။

လမ်းသည် မှောင်သည်ဆိုသော်လည်း ကြယ်ရောင် ရှိသေးသည်။ မီးမှိန်မှိန် ကြိုကြားကြိုကြား ရှိ၏။ ကြယ်ရောင်ဖြင့်ပင် စိန်ပန်းပြာတွေရှိသည့် နေရာကို မှန်းဆနိုင်သည်။ သူ့ညာဘက် တစ်လျှောက်လုံးမှ စိမ်းလဲ့ကန်သာကို လဲ့ကြည်စွာပင် မြင်သွား ခံစားသွား၍ ရသေးသည်။ ကန်ရေက ပြာပြာ။ လမ်း၏ မြေသားက နီနီ။ ညက ညိုညို။ ဤသည်ကား ရေနံ့သာစိုးလှိုင်တို့ တက္ကသိုလ်ဘုန်းနိုင်တို့ စွဲလန်းဖူးသော ည၏စိတ္တဇအလှတည်း။

လှပသောညကို အိပ်စက်ခြင်း ဖြင့် အဘယ်ကြောင့် ဖြုန်းတီးပစ်မည်နည်းဟု ဆရာကိုဘုန်းနိုင်တို့က အတွေးဝင်သည်။ ဒါဖြင့် သူ့အတွက်ကကော။ သူကတော့ ညကိုငေးသည့်အခါငေး၍ အိပ်ရမည့်အချိန်တွင်တော့ ရအောင်အိပ်ပစ်ခဲ့သည်။ သူ့အတွက် ည၏ရင်ခွင်မှာ အိပ်စက်ရတာ အဓိပ္ပါယ်ရှိလွန်းပါသည်။ သို့ရာတွင် သူကြားဖူးထားတာ ရှိသည်။ သူသည် ဗဟုသုတ စုံလင်ခဲ့ဖူးသည်။ ဥပမာအားဖြင့် ဒီလိုညမှာ အပယ်ခံရမည့် ကဗျာအပိုင်းအစ တစ်ခု ကို မမမေအတွက် ကိုလွမ်းနောင်က ရွတ်ပြခဲ့သည်ဟု ကြားဖူးသည်။ သို့မဟုတ် ကရင်မလေး "နော်" က မောင်အတွက် ရွတ်ခဲ့ဖူးသည်ဟု ကြားဖူးသည်။

"...စရိုက်တူတယ် ဟိုတုန်းမယ်တော့
မောင်ရယ်နော်ရယ်
လယ်ကွင်းရယ်နဲ့..."

စိန်ပန်းပြာ အပင်ကို လက်နဲ့တို့စမ်းမိတော့ သူသည် ပုရှကင်၏ ခေါင်းစဉ်မဲ့ကဗျာတစ်ပုဒ် ကိုဖျပ်ကနဲ သတိရသည်။

ဆူဆူညံညံလမ်းမှာလှမ်းလျှောက်ရင်းဖြစ်ဖြစ်
လူစုလူဝေးနဲ့ဘုရားကျောင်းထဲလှမ်းဝင်ရင်းပဲဖြစ်ဖြစ်
သို့တည်းမဟုတ်
်ကြမ်းရိုင်းတဲ့မျိုးဆက်သစ်တွေကြား
ကျောက်ချထိုင်နေရင်းပဲဖြစ်ဖြစ်
အတွေးတွေကို ကျွန်ုပ်ဖြန့်ချခွင့်ပြုတယ်။

ကိုယ့်ကိုယ်ကို ပြန်ပြောတယ်
အများကြီးရှိပုံပေါ်တဲ့နှစ်ကာလတွေဟာ
ကုန်ကုန်သွားတယ်နော်လို့..
အားလုံးဟာထာဝရဗိမာန်ကို သွားကြရလိမ့်မယ်
လူတစ်ဦးအတွက်တော့အဲဒီအချိန်ဟာ
လက်တကမ်းမယ်ဖြစ်တယ်။

အထီးကျန်ဝက်သစ်ချပင်ကိုကြည့်တယ်
ိပျိုးထောင်သူအကြောင်းကိုတွေးတယ်
ဝက်သစ်ချဟာ
ငါမေ့ပျောက်ခံရမဲ့ကာလအထိ
ရှင်သန်နေလိမ့်ဦးမယ်
ငါ့အဘိုးတောင်မေ့ပျောက်ခံခဲ့ရတဲ့ကာလ
သူကအဲဒီကတည်းကနေခုထိ
ဖြစ်တည်ခဲ့တာ။

ကလေးငယ်ကိုမြင်တိုင်း
ကြိုဆိုမှုအတွေးကိုငါတွေးလေ့ရှိတယ်
"ငါ့နေရာတွေမင်းကိုလွှဲအပ်မကွဲ့
မင်းဘ၀ပွင့်အာလာတာနဲ့
ငါပျောက်ကွယ်ပေးမကွဲ့။"

နေ့တိုင်းနာရီတိုင်းမှာ
အတွေးတွေနောက်ကိုပဲလိုက်နေမိတယ်
သေမင်းကိုခေါ်လာမဲ့
နာရီကာလကိုမှန်းရင်းဆရင်းပေါ့။

ကံကြမ္မာက
သေမင်းကိုဘယ်နေရာမှာလာပေးမလဲ
စစ်ပွဲဝယ်လား
ခရီးလမ်းမယ်လား
ပင်လယ်ထဲဝယ်လား
ဒါမှမဟုတ်အိမ်နားကတောင်ကြားကပဲ
ငါ့ဖျော့ဖြူအေးစက်မှုတွေကို စုပ်ယူပေးမလား။

အသိမဲ့ခန္ဓာ
ဘယ်နားချထားထားမကွဲပြားတော့မဲ့ငါ့ခန္ဓာကိုယ်ကို
ငါ့တိုင်းပြည်နဲ့နီးနီးမှာ
အနားယူစေချင်မိတယ်။

ထားပါတော့လေ
ငါ့အုတ်ဂူနံဘေးမှာ
ဘ၀ပျိုတစ်ခုသာ
ထာဝရမြူးထူးနေပါစေ..
တစ်ပိုင်းတစ်စမဟုတ်တဲ့
မခြားမနားတဲ့
သဘာဝတရားဟာ
လှခြင်းတွေနဲ့
ထာဝရတောက်ထွန်းနေတော့မှာဖြစ်တယ်။

ကြိုဆိုမှုအတွေးနဲ့ ၀က်သစ်ချပင်အတွေး။ အိမ်နားက တောင်ကြားထဲမှာပဲလား။ ဆရာပူရှကင် .. အသင် တည်ငြိမ်လွန်းသည် မှာ အတုယူအားကျဖွယ်။ အကျွန်ုပ်သည်ကကော။ မြင်နေရတဲ့ ပြာလဲ့လဲ့ကန်ပြင်ဘေးမှာ လဲလျောင်းရင်းနဲ့များလား။ မသိပါ။ ဘယ်သူကမှလည်း မပြောပြပေးနိုင်ပါ။ ဒါဖြင့် ဆန္ဒကကော။ ဆန္ဒကိုတော့ ကဗျာမဖွဲ့ချင်တော့။ ဆန္ဒဟူသည် သူ့အတွက် ကဗျာဖွဲ့အပ်သော စိတ္တဇနယ်ပယ်အထိ အရာမရောက်ခဲ့။ သူ့အတွက် ဆန္ဒဟူသည် ရင်ထဲတွင် သိမ်းထားပြီး လက်တွေ့လုပ်ဆောင်ရမည့် ကဗျာမဆန်သော လမ်းပြကြယ်သက်သက် သာလျှင် ဖြစ်ပေတော့၏။

သူ၏ ဘ၀သည် စကားတစ်ခွန်းသာ ဖြစ်သည်။ အဲသည် စကားသည် သူ့အတွက်တော့ ထာဝရ အဖော်ပြုပေးတတ်သည့် အေးချယ်ရီ တုတ်ကောက် သို့နှယ်။ သို့ရာတွင် ညကိုစွဲလန်းသည့် သူ၏ ဥပါဒါန်ကိုသာ အတည်ထားပြီးယူဆလျှင် သူထိန်းသော သစ္စာသည် ပါရမီစင်စစ် တကယ်ပင် ထိုက်မထိုက် တွေးဖွယ် ရှိတော့သည်။ ညသည် ငြိမ်သက်စွာ အနားယူ အိပ်စက်ဖို့ ဖြစ်သည်။ တဖန် ညသည် သူ့အတွက် အိပ်မက်ဖို့ ဖြစ်နေရပြန်သည်။ တဆက်တည်းတွင် ညကမက်သော အိပ်မက် သည် နေ့ခင်းဘ၀၏ မြေပုံတစ်ချပ် ဖြစ်နေခဲ့ပါသည်။ ဒီလိုပဲစခန်းသွားခဲ့သည်။

ကားမီးရောင်က သူ့နောက်ကျောကို ထိုးလာသဖြင့် နောက်လှည့်မကြည့်ဘဲ လမ်းတစ်ဖက်သို့ ကပ်ပေးလိုက်သည်။ ကားသည် သူ့ကိုကျော်တက်မသွား။ တစ်ဘီးချင်း လှိမ့်ကာ လိုက်လာနေသည်။ မေးစရာများ ရှိနေရော့သလား။ သူလမ်းလျှောက်ရာမှ ခြေစုံရပ်ကာ မျက်နှာကို မီးရောင်ဘက် လှည့်လိုက်သည်။ မီးရောင်က သူ့မျက်မှန်ကို ထိုးမိပြီး အလင်းပြန်သွားတာကို သတိထားလိုက်မိသည်။ အဲသည် အလင်းရောင်က ကန်ရေစပ်က မြက်ပင်တစ်ချို့ပေါ် ဖြတ်ပြေးသွား၏။ ကြယ်ရောင်တချို့နှင့် ကောင်းကင်ပြင်က ကန်ရေပြင်ထဲ ခုန်ဆင်းနေတာ ထပ်မံ သတိပြုမိပြန်သည်။ ကားပေါ်မှ လူတစ်ဦး ဆင်းလာပြီး ခပ်သုတ်သုတ် လှမ်းလာသည်။ အမှောင်ကြောင့် သူငယ်အိမ်ကျယ်နေရာမှ ထိန်လွန်းသော မီးရောင်ကြောင့် ကမန်းကတမ်း ကျဉ်းသွားရသဖြင့်ေ၀၀ါးနေသည်။

နွဲ့သောကိုယ်ဟန်နှင့် ရှည်သောဆံပင်ကိုတွေ့သည်။ ကြည်လဲ့သော ကရုဏာသံကို ကြားရသည်။

"ကိုလွမ်းဝေ"

တုတ်ကောက်ကို တင်းကြပ်စွာဆုပ်ကိုင်ရင်း တဒိုင်းဒိုင်းခုန်လာသော ရင်ဘတ်ကို ထောက်ထားလိုက်သည်။ ချွေးစေးတွေ ထွက်လာသောလက်နှင့် ပွသောဆံပင်ကို သူ့ဘာသာ သပ်တင်သည်။ ဆံပင်တွေပွနေသည်ဟု အပြောမခံလိုပါ။

နှစ်ဆယ့်ငါး နှစ်။ ကုန်လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်။ မဆုံဖြစ်ခဲ့သော နှစ်ဆယ့်ငါးနှစ်။ အနည်းငယ် ပြည့်ဖြိုးလာပြီဖြစ်သော မမနွယ်သည် သူ၏ ကရုဏာသံကိုမူ ပိုင်နိုင်စွာ ထိန်းကာ သူ့ဇာတ်လမ်းကို သီနိုင်ဆဲ...။

"ကျွန်တော့်အိမ်ထဲမှာလည်း ဂီတကိုဖန်တီးနိုင်တဲ့ တူရိယာတွေ ရှိပါတယ်။ ဒါပေမဲ့ ဟောဟိုက ကြယ်ရိပ်ထိုးနေတဲ့ ကန်ဘောင်မှာ ညရဲ့သဘာဝဂီတကို ခံစားတာက ပိုသင့်လျော်လိမ့်မယ်ထင်တယ် နွယ် ရယ် "



မှတ်ချက်။ ။စိတ်ကူးယဉ်စစ်စစ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP