* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 24, 2009

*ပန်းပန်လျက်သာ ရုန်းကန်ပါ*

ကာမဘုံကို ရောက်လာတဲ့ လောကီ လူသားများ အနေနဲ့ ဘ၀တိုက်ပွဲကို ရုန်းကြ ကန်ကြရာမှာ ရှုံးတစ်ခါ နိုင်တစ်လှည့်၊ မြုပ်တစ်ခါ ပေါ်တစ်လှည့် ကြုံကြရတာပါပဲ။ လူသားပီပီ၊ ပုထုဇဉ်ပီပီ အောင်မြင်တဲ့ အခါ ပြုံးပျော်ပြီး ကျရှုံးတဲ့ အခါမှာတော့ စိတ်ဓါတ် ပျက်တဲ့ လူတွေက အများသား။

ဒီလို စိတ်ဓါတ်လေးတွေ ကျသွားတဲ့ အခါမျိုးမှာ အားဆေးတစ်လက် အနေနဲ့ ဓမ္မ မောင်နှမတို့ သောက်သုံး ဖတ်ရှုနိုင်ဖို့ ကျွန်တော် ဖတ်မိတဲ့ ကဗျာလေး တွေထဲက နှစ်သက်လှတဲ့ ကဗျာ နှစ်ပုဒ်ကို ရေးသား တင်ပြ ပေးလိုက်ပါတယ်။ လူသားတွေ စိတ်ဓါတ် ကျတဲ့ အခါမှာ အားမာန် ကြွစေတဲ့ ကဗျာလေး တွေပါ။ တရားအားထုတ် အလုပ်လုပ်နေ သူများ အတွက်လည်း ယူတတ်ရင် အကျုံးဝင် အသုံးတည့်လှ ပါတယ်။ သိပြီးသား လေးတွေ ဖြစ်ဖို့ များပါတယ်။ ဒါပေမယ့်လည်း မေ့နေသူများ၊ ပြန်လည် ဖတ်ရှုလိုသူများ အတွက် ရည်ရွယ် လိုက်ပါတယ်။

+++++++++++++++++++

*ပန်းပန်လျက်ပဲ*

ညိုပြာပြာ လတာပြင် ခြေရင်း။
လှိုင်းတက်ရ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ့ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
မဗေဒါက တစ်ပင်ထဲ(တည်း)။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။

ဇော်ဂျီ

++++++++++

*အမည်မသိ ကဗျာ*

လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများ ကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည် ကျန်မည်နည်း။

အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ ကြုံမြဲသာတည်း
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည်း။

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ပူသောအေးသော နုသောကြမ်းသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား။ ။

အေးငွေ

===========================

လေးစားစွာဖြင့်
ဖိုးသား

5/24/2009, SUN:, 6:00:53 PM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP