* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 20, 2009

သရက်သီးနှင့်တူသော ပုဂ္ဂိုလ်လေးယောက်...

စတုက္ကပုဂ္ဂလပညတ်

ထိုမာတိကာပုဒ်၌
သရက်သီးနှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့နည်း...

စိမ်းလျက် မှည့်ရောင်ရှိသော သရက်သီး၊ မှည့်လျက် စိမ်းရောင်ရှိသော သရက်သီး၊ စိမ်းလျက် စိမ်းရောင် ရှိသော သရက်သီး၊ မှည့်လျက် မှည့်ရောင်ရှိသော သရက် သီးဟူ၍ သရက်သီးတို့သည် လေးမျိုးရှိကုန်၏၊

ဤ အတူပင်လျှင် သရက်သီးနှင့် တူသော ဤပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊

လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊

၁... စိမ်းလျက် မှည့်ရောင်ရှိသော သရက်သီးနှင့်တူသောပုဂ္ဂိုလ်၊
၂... မှည့်လျက် စိမ်းရောင်ရှိသော သရက်သီးနှင့်တူသော ပုဂ္ဂိုလ်၊
၃... စိမ်းလျက် စိမ်းရောင်ရှိသော သရက်သီးနှင့် တူသော ပုဂ္ဂိုလ်၊
၎... မှည့်လျက် မှည့်ရောင်ရှိသော သရက်သီးနှင့်တူသော ပုဂ္ဂိုလ်တို့တည်း။

၁...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် စိမ်းလျက် မှည့်ရောင်ရှိသော သရက်သီးနှင့် တူသ နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညို ဖွယ်ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သော အတိုင်း မသိ၊ ''ဤလောဘသည်ကား ဆင်းရဲ ဖြစ်ကြောင်းတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း'' ဟူ၍ ဟုတ်မှန်သော အတိုင်းမသိ၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန် သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်ရှိလျက် အမှန်တရား မသိသော ပုဂ္ဂိုလ်သည် စိမ်းလျက်မှည့် ရောင်ရှိသော သရက်သီးနှင့် တူ၏၊

ထိုသရက်သီးသည် စိမ်းလျက် မှည့်ရောင်ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်ရှိလျက်
အမှန်တရားကို မသိသော ပုဂ္ဂိုလ်ကို ထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မှည့်လျက် စိမ်းရောင်ရှိသော သရက်သီးနှင့် တူသ နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်းဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤလောဘသည်ကား ဆင်းရဲဖြစ်ကြောင်းတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်းသိ၏၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲ ချုပ်ရာတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်းသိ၏၊ ဤသို့ ကြည်ညိုဖွယ် မရှိဘဲ အမှန်တရားကို သိသော ပုဂ္ဂိုလ်သည် မှည့်လျက် စိမ်းရောင် ရှိသောသရက်သီးနှင့် တူ၏၊

ထိုသရက်သီးသည် မှည့်လျက် စိမ်းရောင် ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်မရှိဘဲ
အမှန်တရားသိသော ပုဂ္ဂိုလ်ကို ထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။

၃...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် စိမ်းလျက် စိမ်းရောင်ရှိသော သရက်သီးနှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည်လည်း ကြည်ညိုဖွယ် မရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါး သည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင် ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ၊ အမှန်တရား ကိုလည်း မသိသော ပုဂ္ဂိုလ်သည် စိမ်းလျက် စိမ်းရောင်ရှိသော သရက်သီး နှင့်တူ၏၊

ထိုသရက်သီးသည် စိမ်းလျက် စိမ်းရောင်ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ၊ အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။

၎...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မှည့်လျက် မှည့်ရောင်ရှိသော သရက်သီးနှင့် တူသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညို ဖွယ် ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲ တည်း'' ဟူ၍ ဟုတ်မှန်သော အတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ်လည်းရှိ အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်သည် မှည့်လျက် မှည့်ရောင်ရှိသော သရက်သီးနှင့် တူ၏၊

ထိုသရက်သီးသည် မှည့်လျက် မှည့်ရောင်ရှိ သကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်းရှိ အမှန်တရားကိုလည်းသိသော ပုဂ္ဂိုလ်ကို ထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။ 159

လောက၌ ထင်ရှားရှိသော သရက်သီးနှင့် တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။

၎ - စတုက္ကပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP