* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 4, 2009

*ရတနာ သုံးပါးကို ပမာတင်စားခြင်း*

ရတနာသုံးပါးကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားပါပဲလေ… သို့ပေမယ့်လည်း ခုလိုဥပမာ တင်စား ခိုင်းနှိုင်း ထပ်တူပြုလို့ အလင်္ကာမြောက်အောင် ဖွဲ့ထားတာလေးတွေကိုတော့ သိတဲ့သူ ရှားပါလိမ့်မယ်…။
(၁) ငွေလစန္ဒာ ဥပမာ
ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကို လပြည့်ဝန်းကြီးနဲ့ ပမာတင်စားလိုက်ကြပါစို့။ ဒီအခါမှာ တရားဓမ္မတွေက အဲဒီလပြည့်ဝန်းကြီးက ဖြန့်ကျက်လိုက်တဲ့ လရောင်ပါတဲ့။ အဲဒီလရောင်ကြောင့် ထွန်းလင်းခွင့် ရရှိသွားတဲ့ ဤလောက မြေကမ္ဘာကြီးကတော့ သံဃာတော် အရှင်သူမြတ်အပေါင်းတို့ ပါတဲ့ မိတ်ဆွေတို့…။

(၂) တောက်ရွှန်းထွန်းလင်း နေမင်းဥပမာ
ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားသခင် သုံးလောက အရှင်သူမြတ်ကို နေမင်းကြီးနဲ့ ပမာပြုလိုက်ကြပါစို့။ ဘုရားသခင်က နေမင်းကြီးဆိုရင် တရားတော်တွေက နေမင်းရဲ့ အလင်းရောင်ပါတဲ့။ သံဃာတော် အရှင်သူမြတ် တွေကတော့ နေမင်းရဲ့ အလင်းရောင်ကြောင့် အမှောင်ကင်းသွားတဲ့ လောကမြေကမ္ဘာပါတဲ့လေ…။

(၃) ရှုပ်ထွေးလှတဲ့ တောဥပမာ
ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်ဘုရားကို တောရှုပ်နေတာကို ရှင်းတဲ့သူနဲ့ ပမာတင်စားရင် အဲဒီတောရှုပ်ကို ရှင်းစေဖို့ ရှို့တဲ့တောမီးက တရားဓမ္မတွေနဲ့ တူပါတယ်တဲ့။ ရှို့လိုက်လို့ ပြောင်ရှင်းသွားတဲ့ လယ်မြေကောင်းတွေကတော့ သံဃာတော် အရှင်သူမြတ်တို့ပါတဲ့…။

(၄) ရွာသွန်းဖြိုးတဲ့ မိုးမင်းဥပမာ
ကျွန်တော်တို့ရဲ့ ဘုရားသခင်ကို ရွာသွန်းဖြိုးနေတဲ့ မိုးမင်းကြီးနဲ့ ပမာတင်စားရင် အဲလိုရွာသွန်းလိုက်လို့ ရှင်သန်သွားတဲ့ ကောက်စပါးသီးနှံတွေက တရားဓမ္မတွေနဲ့ တူပါတယ်တဲ့။ အဲဒီကောက်စပါးတွေ ရှင်သန်ကြီးထွားနေတဲ့ တောရွာ ရပ်ကွက်ကတော့ သံဃာတော် အရှင်သူမြတ်တွေပါတဲ့…။

(၅) မျက်စိအထူးကု ဆရာဝန်ဥပမာ
ကျွန်တော်တို့ရဲ့ သုံးလောက ထွဋ်ထားကို မျက်စိအထူးကု ဆရာဝန်ကြီးနဲ့ ပမာခိုင်းလို့ နှိုင်းလိုက်မယ်ဆိုရင် တရားဓမ္မတွေက မျက်စိကုတဲ့ နည်းနာနိဿယ တွေပါတဲ့။ ဒီနည်းနာ နိဿယတွေနဲ့ ကုစားလို့ ရောဂါပျောက်ကင်း အလင်းရသွားတဲ့ မျက်လုံးကတော့ သံဃာတော် အရှင်သူမြတ်တို့ပါတဲ့…။

(၆) ကျွမ်းကျင်တဲ့ ရထားထိန်း ဥပမာ
ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်ဘုရားကို ကျွမ်းကျင်တဲ့ ရထားထိန်း လုလင်ပျိုနဲ့ ပမာတင်စားရင် ဒီရထားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်တဲ့ နည်းပညာတွေက တရားဓမ္မနဲ့ တူပါတယ်တဲ့။ သံဃာတော် အရှင်သူမြတ်တွေကတော့ အဲဒီရထားထိန်းက ဆုံးမပြီးလို့ ယဉ်ကျေးနေတဲ့ မြင်းတွေနဲ့ ပမာတူပါတယ်တဲ့…။

(၇) ခွဲစိတ်အထူးကု ဆရာဝန် ဥပမာ
ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာကို ခွဲစိတ်အထူးကု ဆရာဝန်ကြီးနဲ့ ပမာတင်စားရရင် တရားဓမ္မတွေကတော့ ခွဲစိတ်တဲ့ နည်းပညာတွေပါတဲ့။ အဲဒီလို နည်းပညာတွေနဲ့ ခွဲစိတ်လို့ ပျောက်ကင်းသွားတဲ့ လူနာတွေကတော့ သံဃာတော် အရှင်သူမြတ်တွေပါတဲ့…။

(၈) ပွင့်လန်းနေတဲ့ ပန်းပွင့်ဥပမာ
ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်စွာကို ပွင့်လန်းနေတဲ့ ပန်းပွင့်လေးနဲ့ ပမာတင်စားလိုက်ရင် အဲဒီပန်းပွင့်မှာရှိတဲ့ ချိုမြိန်ကောင်းမွန်လှတဲ့ ၀တ်မှုန်ဝတ်ဆံတွေက တရားဓမ္မတွေနဲ့ တူပါတယ်တဲ့။ အဲဒီဝတ်မှုန် ၀တ်ဆံတွေကို လာရောက်စားသုံးတဲ့ ပျားပိတုန်း အပေါင်းကတော့ သံဃာတော် အရှင်သူမြတ်တွေနဲ့ ပမာတူပါတယ်တဲ့…။

(၉) အမွေပေးတဲ့ ဖခင်ဥပမာ
ကျွန်တော်တို့ရဲ့ မြတ်စွာဘုရား သခင်ကို အမွေတွေ ခွဲဝေပေးတဲ့ ဖခင်ကြီးနဲ့ ပမာခိုင်းနှိုင်းလိုက်ရင် ရွှေငွေ ကျောက်သံပတ္တမြား အိမ်ယာ ကျွဲနွားစတဲ့ အမွေတွေက တရားဓမ္မတွေနဲ့ ပမာတူပါတယ်တဲ့။ ဒီအမွေတွေကို ရလိုက်တဲ့ သားသမီးတွေကတော့ သံဃာတော် အရှင်သူမြတ်အပေါင်းနဲ့ အလားသဏ္ဍာန် တူပါတယ်တဲ့…။

(၁၀) ခရီးလမ်းကို ညွှန်ပြတဲ့ ယောကျာ်းဥပမာ
ကျွန်တော်တို့ရဲ့ ဆရာသခင် မြတ်စွာဘုရားရှင်ကို ခရီးလမ်းမှန် ညွှန်ပြတတ်တဲ့ ယောကျာ်းသား လုလင်ငယ်နဲ့ ပမာတင်စားလိုက်ရင် အဲဒီ ခရီးလမ်းကြောင်းကြီးက တရားဓမ္မတွေနဲ့ အသွင်တူပါတယ်တဲ့။ ဒီခရီးလမ်းမှန် လမ်းကောင်းကို လျှောက်ပြီး ဘေးကင်းတဲ့နေရာ ရောက်သွားသူတွေကတော့ သံဃာတော် အရှင်သူမြတ်တွေနဲ့ ပမာတူပါတယ်တဲ့…။

(၁၁) ဒိဋ္ဌိဆူးကို ဆွဲနှုတ်ပေးတဲ့ ဆေးဆရာ ဥပမာ
ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်စွာ ဘုရားကို ဒိဋ္ဌိဆူးကို ဆွဲနှုတ်ပေးတတ်တဲ့ ဆေးဆရာနဲ့ ပမာပြုရရင် ဒီဒိဋ္ဌိဆူးကို အဘယ်ကဲ့သို့ ဆွဲနှုတ်ရပါ့မလဲ ဆိုတဲ့ နည်းလမ်းကောင်းတွေက တရားဓမ္မတွေနဲ့ အသွင်အားဖြင့် တူပါတယ်တဲ့။ ဒီလို ဒိဋ္ဌိဆူးကို ဆွဲနှုတ်လိုက်လို့ ရောဂါပျောက်ကင်း စိတ်ထားဖြူစင် သွားတဲ့ အရိယာ သူတော်စင် အပေါင်းကတော့ သံဃာတော် အရှင်သူမြတ်တွေနဲ့ ပမာတူပါတယ်တဲ့ မိတ်ဆွေတို့…။

ကောင်းလိုက်တဲ့ ဥပမာ တင်စားချက်တွေဗျာ…။ ဒီတရား နာနေရင်းနဲ့ကို ကြည်ညိုမှုတွေက ထပ်တိုးလို့ လာရပါတယ်။ ဉာဏ်အမြော်အမြင်အရာမှာ မည်သူ တစ်ဦးတစ်ယောက်မျှ တုနှိုင်းမယှဉ်သာတဲ့ ဗုဒ္ဓ၊ ဒီဗုဒ္ဓက ချမှတ်ပေးခဲ့တဲ့ ပြည့်စုံ ကုံလုံလှတဲ့ တရားအဆုံးအမ လမ်းစဉ်တွေ၊ နောက် ဒီတရားဓမ္မတွေကို ထိန်းသိမ်းစောင့်ရှောက် ကျင့်သုံးလိုက်နာနေတဲ့ သံဃာတော် အရှင်သူမြတ်တွေ… တွေးလိုက်တိုင်း သဒ္ဓါပိုလို့ ကြည်ညိုမိတယ်ဗျာ.. တကယ်ပါ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP