* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, April 14, 2009

*အပြုအမူ အတုယူသော်… (သို့) လေးစား အားကျရပါသော ညီငယ်များသို့…*

*အပြုအမူ အတုယူသော်… (သို့) လေးစား အားကျရပါသော ညီငယ်များသို့…*

အိပ်မက်ရာသီထဲမှာ ဘာတွေ ဘယ်လို မက်နေမှန်း မသိ…။ ရှုပ်ယှက် ခတ်နေတာပဲ သိ၏။ ထိုအခိုက် အာရုံတစ်ခုက ကျွန်တော့်ကို လာနှိုးဆော်သလို ခံစားမိလိုက်တယ်။ ကျွန်တော့် မျက်လုံးတွေက သူ့အလိုလိုပဲ ပွင့်သွားတာလား၊ ဒါမှမဟုတ် ထိုစေ့ဆော်တဲ့ အာရုံကြောင့်ပဲ လန့်ပြီး ပွင့်သွားတာလား သေချာမသိလိုက်။ တကယ်တန်း ကျွန်တော် သိလိုက်တာက အိပ်ရာက နိုးသွားခြင်းပင်။

“အစ်ကိုတို့.. ၁၀-နာရီလောက် ဘုရားခန်း ဆင်းခဲ့ပါဦး၊ သီလယူရအောင်လို့” တဲ့။

အော် အဲဒီတော့မှ ကျွန်တော် သိလိုက်တာက ၄၈-က ညီငယ်လေး တစ်ယောက်က လာနှိုးနေတာ ပါလား။ နာရီကြည့်လိုက်တော့ ၁၀-နာရီ ထိုးဖို့ သိပ်မလိုတော့။ ဒါနဲ့ ကျွန်တော်တို့ (ကျွန်တော့် သူငယ်ချင်း တစ်ယောက်လည်း ပါတယ်ခင်ဗျ)လည်း အိပ်ယာကထ၊ မျက်နှာလေး ဘာလေးသစ်၊ လုပ်စရာ ရှိတာလေးတွေ လုပ်ပြီး ဘုရားခန်း ဆင်းခဲ့ လိုက်တယ်…။

ဘုရားခန်း ရောက်တော့ ဒီနေ့ ဥပုသ်ယူမယ့် လူအရေ အတွက်က ကျွန်တော်တို့ပါမှ ငါးယောက်…။ ခုန လာနှိုးတဲ့ ညီငယ်လေး ကတော့ ကျွန်တော်တို့ ဥပုသ်သည် တွေကို နေ့လည်စာ ကျွေးဖို့ သွားရောက် ပြင်ဆင် နေလေရဲ့…။ (ဒီနေရာမှာ ကျွန်တော်တို့ ဥပုသ်စောင့်မယ့် သူတွေကို ဒီ ညီငယ်လေး တွေက ကြိုတင် စာရင်းကောက် ထားပြီးသား၊ ချက်ပြုတ် ကျွေးမွေး လှူဒါန်းမယ့် တာဝန်ကိုလည်း ဒီညီလေးတွေပဲ တာဝန်ယူ ထားတာ။ ပြောရရင်တော့ အဖွဲ့လိုက် ကုသိုလ် ပြုတယ်ပေါ့...)

အဲဒါနဲ့ ဘာလို့ ဘုန်းကြီးတွေ ဘာတွေ ပင့်ပြီး ဆွမ်းမကပ်လဲလို့ စာဖတ်သူတို့ ဆိုလေ မလားပဲ…။ အဲလို မဟုတ်ပါဘူး၊ ကျွန်တော်တို့ အခုရောက် နေတဲ့ ရုရှားက ဘုန်းကြီးကျောင်း မရှိတာတော့ မဟုတ်ဘူး.. ရှိတယ် ဒါပေမယ့် ကျောင်းက တစ်ကျောင်းတည်း၊ နောက် ထိုင်းဘုန်းကြီးတွေ၊ ကျွန်တော့် အထင် မဟာယာန ထင်တယ်။ အဲ ဗုဒ္ဓဘာသာ ဖြစ်နေရင်တောင် သီလပေးရင် မြန်မာလို ဘယ်ပေးတတ်မလဲ… အဲတာကြောင်လည်း မပင့်တာ ထင်တယ်…။ နောက် ဘုန်းကြီးကျောင်းက အဝေးကြီးမှာ.. သွားပင့်ဖို့ ဆိုတာက လွယ်တာ မဟုတ်ဘူးလေ။

အဲဒီတော့ သီလ ယူတော့လည်း ကွန်ပျူတာကပဲ ယူရတော့ တာပေါ့။ သီလ ယူတဲ့ အထဲမှာလည်း ၄၈-က ညီလေး တစ်ယောက် ပါသေးတယ် ခင်ဗျ…။ ညီငယ်တွေသာ ပြောပါတယ်… ကျွန်တော်တို့နဲ့ဆို အသက်က မတိမ်း မယိမ်းတွေပါ။ ဒါနဲ့ သီလ ယူပြီးတော့ ခုန ညီငယ်လေးက ထသွားတယ်… အစပိုင်းတော့ ဘာသွားလုပ် တာလည်း ဆိုတာ မသိဘူး၊ နောက်မှ ကျွန်တော်တို့ ဥပုသ်စောင့်တဲ့ သူတွေအတွက် နေ့လည်စာ ပြင်နေတာ ပြီးမပြီး သွားကြည့်တာမှန်း သိတယ်။

ခဏလောက် နေတော့ ခုန ညီလေးက ပြန်လာပြီး “အစ်ကိုတို့၊ ညီတို့ နေလည်စာ အသင့် ဖြစ်ပါပြီ ဆိုပြီး ရိုရို ကျိုးကျိုး လာပြောတယ်” ဒီနေရာမှာ ညီတို့ ဆိုတာ ၄၉-က ညီလေးတွေကို ဆိုလိုတာပါ။ ကျွန်တော်တို့ လက်ရှိ ဥပုသ် စောင့်တဲ့ သူတွေထဲမှာ (စာရင်းပေးထားတဲ့ အရေအတွက်ကို ကျွန်တော် ဆိုလိုတာပါ၊ စာရင်း မပေးဘဲ ကိုယ့်အခန်းမှာကိုယ် ဥပုသ်သီလ ယူတဲ့ သူတွေလည်း ရှိမှာပါ။) ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းရယ်၊ နောက် ခုနက ပြောတဲ့ ၄၈-က ညီလေး တစ်ယောက်ရယ်၊ ၄၉-က ညီလေး နှစ်ယောက်ရယ် စုစုပေါင်း ငါးယောက်ပါ။

အဲ.. ခုနက ထမင်းစားဖို့ ရိုရိုကျိုးကျိုး လာခေါ်တော့ ကျွန်တော်လေ တစ်မျိုးကြီးပဲ စိတ်ထဲမှာ.. လေးလေးကြီး။ ရှက်သလိုလို၊ ရွံ့သလိုလို ပြီးတော့ မလုံမလဲ ဖြစ်သလိုလို ဘယ်လို ကြီးမှန်း မသိဘူးဗျာ.. ခံစားမိတာ၊ အားလည်း အားနာမိတယ်။ ကိုယ့်ကိုယ်ကိုလည်း ဒီညီငယ်တွေရဲ့ အရိုအသေ ပေးဖို့ တန်မှ တန်ရဲ့လားလို့ တဆက်တည်း တွေးလိုက်မိတယ်။

ထမင်းစားဖို့ ထမင်းဝိုင်းနား ရောက်တော့ ပိုဆိုးတယ်၊ ဘာလို့လည်း ဆိုတော့ ထမင်းတွေ ခူးပေးတာ၊ ဟင်းတွေ ခပ်နေတာ မြင်တော့… အားနာတဲ့ စိတ်က ပိုများ လာတယ်ဗျာ.. တကယ်ပါ။ ဒါပေမယ့်လည်း ကျွန်တော့် စိတ်ထဲကသာ အဲလို ဖြစ်နေတာပါ။ ဒီညီလေးတွေ ကတော့ သူတို့ အလုပ်သူတို့ စိတ်ပါလက်ပါ တက်ညီလက်ညီ လုပ်နေကြတာ။ “အစ်ကိုထည့်၊ ညီလေး ထမင်း ထည့်ပါဦး၊ ဟင်းထည့် အစ်ကို၊ စားပါ အစ်ကိုရ..” အဲသလို တွေပြော ကြတာမြင်ရ၊ ကြားရတော့ ဘယ်လို ပြောမလဲဗျာ ဒီညီလေး တွေကို လေးလည်း လေးစားမိတယ်၊ ခုလို အလှူ ဒါနအတွက် သာဓုလည်း အကြိမ်ကြိမ် ခေါ်မိတယ်ဗျာ…။

ထမင်းစားပြီးတော့ ပြီးပြီလား ဆိုတော့ မပြီးသေးဘူး၊ ညနေ ငါးနာရီလောက် ဘုရားခန်း လာခဲ့ပါဦး အစ်ကိုတို့၊ ညီတို့တဲ့။ ဘာအတွက် လည်းဆိုတော့ အအေး လှူဖို့ပါတဲ့။ အော် အကွက်ကလည်း စေ့ပါ့ဆိုပြီး ကျွန်တော် တွေးမိသေးတယ်။

အဲဒီထက် အကွက်စေ့တာ ရှိသေးတယ် ခင်ဗျ။ ကျွန်တော်တို့ ထမင်းစားသောက်၊ ကိုယ့်အခန်း ပြန်ပြီး သိပ်မကြာဘူး၊ မနက်က လာနှိုးတဲ့ ညီငယ်လေးက ကျွန်တော်တို့ အခန်းလာပြီး၊ “အစ်ကို.. အစ်ကို့တို့ အထပ်က ဆံပင်ညှပ်ချင်တဲ့ သူများရှိရင် ၇-ထပ်ကို ဆင်းခဲ့ဖို့ တစ်ချက်လောက် ပြောပေးပါဦး”တဲ့။ (ကျွန်တော်တို့ နေတာက ၁၁-ထပ်ပါ။) ကောင်းလိုက်တဲ့ အကြံဉာဏ် လေးတွေ ပါလား။ ခေါင်းပါ လျှော်ပေးနေရင် ခက်လှချည်ရဲ့ ဆိုပြီး ကျွန်တော် တွေးမိ၊ ပြုံးမိလိုက် သေးတယ်။

ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့် အထပ်က သူငယ်ချင်းတွေကို ဆံပင် ညှပ်ချင်တဲ့ သူများ ရှိရင် ၇-ထပ်မှာ ညှပ်လို့ ရတယ် ဆိုတဲ့ အကြောင်း လိုက်နှိုးဆော် လိုက်တယ်။ နောက် ကျွန်တော် ကိုယ်တိုင်ကလည်း ဆံပင် ရှည်နေတာနဲ့၊ နောက် ဒီညီလေးတွေ ကိုလည်း ကုသိုလ်တွေ တိုးစေချင်တာနဲ့ ၇-ထပ်ဆင်းပြီး ဆံပင်ညှပ် လိုက်သေးတယ် (ခေါင်းတော့ လျှော်ပေးဘူးးဗျ.. အဟဲ.. ညီတို့ရေ တောင်းပန်တယ်နော်၊ စာရိုက်နေရင်းနဲ့ စိတ်ထဲ ပျော်လာလို့ပါ)

ဆံပင်မညှပ်ခင် ကျွန်တော် တစ်ခု စဉ်းစားမိတာ ရှိသေးတယ်၊ ဘာလဲ ဆိုတော့ “ငါဟာ အခွင့်အရေး ပေးတိုင်း ယူတဲ့သူများ ဖြစ်နေ ပြီလား” လို့။ ဒါပေမယ့် ကျွန်တော့် စိတ်ကို ကျွန်တော် သေချာ ပြန်ဆန်းစစ် ကြည့်လိုက်တော့ အခွင့် အရေး ယူချင်တာ မဟုတ်၊ ဒီညီလေးတွေကို ကုသိုလ် ရပါစေ ဆိုတဲ့ စေတနာ သက်သက်သာ ရှိကြောင်း တွေ့လိုက်တဲ့ အတွက် ဆံပင် ညှပ်မိလိုက်တာပါ။ ဆံပင် ညှပ်ပေးတဲ့ ညီလေးကလည်း တော်တော် စေတနာ ကောင်းပါတယ်၊ စိတ်ရှည် လက်ရှည်နဲ့ သေသေ ချာချာကို ညှပ်ပေးရှာတယ်။ အဲဒီ ညီလေး အတွက်လည်း သာဓု ခေါ်ပါတယ်ဗျာ…။

ဆံပင်ညှပ်ပြီးတော့ ရေမိုးချိုး၊ တရေးလောက် အိပ်ပြီး ၅-နာရီ ဘုရားခန်း ပြန်ဆင်း ဖြစ်တယ်။

အဲ… ဘုရားခန်း မဆင်းခင် ကုသိုလ်ပြုဖို့ အကြောင်း တစ်ခု ပေါ်လာသေးတယ်။ ဘာအကြောင်းလဲ ဆိုတော့ ကျွန်တော် ချစ်တဲ့ ကြောင်လေးလေ.. အစာ လာတောင်းတာ.. တညောင်ညောင်နဲ့။ အစပိုင်းတော့ ဘာကျွေးလို့ ကျွေးရမှန်း မသိဘူး၊ ချက်ပြုတ် ထားတာ ကလည်း တစ်ခုမှ မရှိ။ နောက် ရှိတဲ့ ပေါင်မုန့်တို့၊ ဘီစကွတ်တို့ ကျတော့လည်း ခုန ကြောင်လေးက မစားဘူး ခင်ဗျ…။ ဒီကြောင်လေးက အသားစိမ်းတွေပဲ စားတာ။ ကျွန်တော့် ဆီမှာ ၀ယ်ထားတဲ့ အသားစိမ်းတော့ ရှိပါတယ်၊ ဒါပေမယ့် ရေဲသေတ္တာ ထဲမှာ.. ကျွေးဖို့ဆို ရေနွေးစိမ် ရဦးမှာ…။ အဲလို ရေနွေးစိမ်ရင် အနည်းဆုံး မိနစ် ၂၀-လောက် ကြာတယ်။ ဒါနဲ့ ကျွန်တော်လည်း တော်တော်လေး စိတ်အိုက် သွားတယ်။ ဘာကျွေးရမလဲ ဆိုပြီး၊ ခုန ကြောင်လေးကလည်း တညောင်ညောင် အော်လှပြီ။

ဒါပေမယ့် အဲဒီ အချိန်မှာ ကျွန်တော် တစ်ခု သတိရလိုက် မိတာက ကျွန်တော် ဘုရားဆွမ်းတော် ကပ်ဖို့ဆိုပြီး ၀ယ်ထားတဲ့ နွားနို့ရှိတယ်။ အဲဒီ နွားနို့ပဲ ထည့်တိုက် လိုက်တော့မယ် ဆိုပြီးတော့ တွေးမိလိုက်တာ။ ဘုရား ဆွမ်းတော် အတွက် နောက်မှ ပြန်ဝယ်လို့ ရတယ်လေ…။ ပြီးတော့ ခုဟာက ညနေခင်းကြီး။ ဘုရားဆွမ်းတော် ကပ်ဖို့က မလိုသေးဘူး။ ဒါနဲ့ ကျွန်တော်လည်း အဲဒီ နွားနို့ပဲ ထည့်တိုက် လိုက်မိတယ် ဆိုပါတော့ဗျာ…။

သောက်လိုက်တာဗျာ.. ပလပ် ပလပ်.. ပလပ် ပလပ်နဲ့။ တအား ဆာနေတယ် တူပါရဲ့.. တစ်ခါနဲ့ မ၀လို့ နောက်တစ်ခါ ထပ်တိုက်လိုက် ရသေးတယ်။ ခုလို ကျွန်တော့် ကြောင်လေး သောက်နေပုံ မြင်တော့ တကယ် ကြည်နူးမိတယ်ဗျာ..။ စိတ်ထဲကလည်း “ဤကောင်းမှု၏ အဖို့ဘာဂသည် နိဗ္ဗာန် ရောက်ကြောင်း အထောက် အပံ့ ဖြစ်ပါစေ” ဆိုပြီး ဆုတောင်း လိုက်မိတယ်။ အဲဒီက ရမယ့် ကုသိုလ် ကောင်းမှုတွေကို အခု လက်ရှိ စာရှုနေသူနဲ့ ညီငယ်တွေ အပါအ၀င် ၃၁-ဘုံသား ဝေနေယျတွေကို ကျွန်တော်နဲ့ ထပ်တူ ထပ်မျှ ရစေဖို့ အမျှ ပေးလိုက်ပါတယ် ခင်ဗျာ…။ ၀မ်းမြောက် ၀မ်းသာ သာဓု ခေါ်ပေး ကြပါဦး။

ခုန ဘုရားခန်း ဆင်းတာလေး ဆက်လိုက်ဦးမယ်…။ ကျွန်တော်တို့လည်း ဘုရားခန်း ရောက်တော့ ဘုရား ကန်တော့၊ အအေးသောက်၊ နောက် တရားလေးတစ်ပုဒ် နာပေါ့…။ တရား နာအပြီး ခဏလောက် နေတော့ မနက်က ကျွန်တော်တို့ ကိုလာနှိုးတဲ့ ညီငယ်လေးက “မနက်ကျရင် ငါးခွဲလောက် ဘုရားခန်း ဆင်းပေးပါဦး၊ ဘုရား ၀တ်ပြုအပြီး ဥပုသ်ထွက် သူတွေနဲ့ နောက်နေ့ အတွက် ဥပုသ် ဆက်ယူမယ့် သူတွေကို မနက်စာ ကျွေးမွေး လှူဒါန်း ချင်လို့ပါ” တဲ့…။

ကောင်းလိုက် တာဗျာ (မနက်စာ စားရမှာ မို့လို့ ကောင်းခြင်း မဟုတ်ပါဘူး)၊ စေတနာတွေက ထက်သန်လိုက်တာ၊ လုပ်ပုံ ကိုင်ပုံလေး တွေကလည်း အကွက်ကို စေ့ပြီးရင်း စေ့နေတာပဲ။ ကျွန်တော့် စိတ်ထဲကလည်း ၀မ်းသာ မဆုံး၊ သာဓုကလည်း ခေါ်မဆုံးပေါ့…။

အဲ.. ညပိုင်းရောက်တော့ သိတဲ့ အတိုင်းပေါ့ဗျာ.. နဂိုကတည်းက အလေ့ အကျင့်ရနေတဲ့ ဗိုက်က အစာကျွေးဖို့ ဆန္ဒပြတာပေါ့.. တဂွီဂွီနဲ့..။ ပထမတော့ ငါးပါးသီလ ပြန်ယူပြီး စားဖို့ ကျွန်တော် စဉ်းစား မိသေးတယ်။ ဘာလို့လည်း ဆိုတော့ သီလကလည်း အချိန်ပိုင်း စောင့်လို့ ရတယ်ဆိုတာ ကျွန်တော် သိထားတာကိုး..။ ဒါပေမယ့်လည်း ကျွန်တော် မစားဖြစ်ခဲ့ပါဘူး။ မစားဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုရင် ပိုမှန် ပါလိမ့်မယ်။

ဘာဖြစ်လို့ မစားဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါသလဲ…? အဲဒီအချိန် ကျွန်တော့် စိတ်ထဲက တကယ်ကို စားချင် နေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့် မျက်လုံးထဲ ညီငယ်လေး တွေရဲ့ လှူဒါန်းမှုကို ပြေးမြင်မိလိုက်တယ်။ နောက် ဒီညီလေးတွေရဲ့ လှူဒါန်းမှုကို ပိုပြီး အကျိုး ရှိစေချင်တဲ့ အတွေးကလည်း ခေါင်းထဲ ၀င်လာတယ်။

အဲဒီ အချိန်မှာ ကျွန်တော် တွေးမိတာက… အော် ဒီညီလေးတွေ ငါတို့ကို ကျွေးမွေး လှူဒါန်းတာထက် သံဃာတော် အရှင် သူမြတ်တွေကို လှူဒါန်းရင် ပိုပြီး အကျိုှးရှိမှာ၊ ဒါပေမယ့်လည်း သံဃာတော်တွေ မရှိတော့ ငါတို့ကိုပဲ လှူဒါန်းရ ရှာတယ်၊ ငါအခုနေ စားလိုက်ရင် ဒီညီလေးတွေ အနေနဲ့ မသိနိုင်ပါဘူး၊ ဒါပေမယ့် ငါလုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် ဒီညီလေးတွေ ကုသိုလ် အကျိုးပေး နည်းတော့မယ်၊ ငါသည် သံဃာတော် အရှင် သူမြတ်တွေလို သီလ၊ သမာဓိ၊ ပညာ မပြည့်စုံ၊ ငါ့ကို လှူဒါန်းမှု သည်လည်း သံဃာတော် တွေကို လှူဒါန်း သလောက် အကျိုးပေး မည်လည်း မဟုတ်၊ သို့သော် ဒီ ၈-ပါး သီလကို အပြည့်အ၀ စောင့်ထိန်းခြင်းဖြင့် ညီငယ်လေး တွေရဲ့ ကုသိုလ်ကို အကျိုးများ စေရမယ်လို့ ကျွန်တော် ဆုံးဖြတ်၊ တွေးတောမိပြီး မစားဖြစ်ခဲ့ခြင်းပါ။ အဲဒီလို တွေးမိတဲ့ အချိန်မှာလည်း ကျွန်တော် ဒီသီလကို အပြည့်အ၀ ဆောက်တည်လို့ အကျိုး များမှာထက် ဒီညီငယ်လေး တွေရဲ့ အကျိုးကို ပိုလို့ လိုလား ခဲ့တာပါ။ ဤသည်မှာ ကျွန်တော့်ရဲ့ မှန်ကန်သော သစ္စာ စကားပါ။

ဒီနေရာမှာ ကျွန်တော် ကိုယ့်ဂုဏ် ကိုယ်ဖော်၍ ကြွားဝါခြင်း မဟုတ်ပါ။ ကျွန်တော် တတ်စွမ်းသမျှ ဖြည့်ဆည်းခဲ့မှုအား အများတကာ သာဓု ခေါ်နိုင်စေရန်နှင့် ညီငယ်တို့၏ ကုသိုလ် ကောင်းမှုတို့ ကိုလည်း အများ အားကျ သာဓု ခေါ်နိုင်စေရန် ရေးသား လိုက်ခြင်းသာ…။

ဤနေရာတွင် ကျွန်တော် ၀န်ခံကတိစကား တစ်ခွန်း ဆိုခဲ့ပါရစေ။ ကျွန်တော် ဥပုသ်စောင့်ဖို့ စာရင်း ပေးထားသည်မှာ နှစ်ဆန်း တစ်ရက်နေ့ အထိ ငါးရက်ပါ။ ခုမှ တစ်ရက်ပဲ ရှိပါသေးသည်။ နောက်ရက် များတွင်လည်း ညီငယ်တို့ အကျိုးအား ရည်ရွယ်လျက် ကျွန်တော်ယူသော ဥပုသ်သီလအား အတတ်နိုင်ဆုံး မကျိုး မပေါက်အောင် စောင့်ထိန်း သွားပါမည်။ ဤကား ကျွန်တော် အဓိဋ္ဌာန်သော ၀န်ခံကတိ သစ္စာ စကားတည်း။

လေးစားစွာဖြင့်
ဖိုးသား

4/14/2009, TUE:, 9:39:48 AM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP