* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 18, 2009

ဤသံသရာ၏ အစကို မသိနိုင် ...

တိဏကဋ္ဌသုတ်- (မြက်, ထင်း,အစရှိသည်)


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်း သုံး နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟူ၍ ခေါ်တော်မူ၏၊ ''အသျှင်ဘုရား'' ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊

မသိမှု 'အဝိဇ္ဇာ'ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန် သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည် ကြရ ကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်။

ရဟန်းတို့ ဥပမာသော်ကား ယောက်ျားသည် ဤဇမ္ဗူဒိပ်ကျွန်း၌ ရှိသမျှ မြက်, ထင်း, သစ်ခက်, သစ်ရွက်ကို ဖြတ်၍ တပေါင်းတည်း စုရုံးပြီးလျှင် လက်လေးသစ် လက်လေးသစ် အစိတ်ကို ပြု၍ ''ဤသည်ကား ငါ၏ အမိတည်း၊ ဤသည်ကား ငါ့ အမိ၏ အမိတည်း'' စသည်ဖြင့် တစ်ခုစီ ချထားရာ၏၊ ရဟန်းတို့ ထိုယောက်ျား၏ အမိ အဆက်ဆက်တို့သည် မကုန်မဆုံးနိုင်သည်သာလျှင် ဖြစ်ကုန်ရာ၏၊ စင်စစ်သော်ကား ဤဇမ္ဗူဒိပ်ကျွန်း၌ ရှိသမျှ မြက်, ထင်း, သစ်ခက်, သစ်ရွက်သည် ကုန်ဆုံးခြင်းသို့ ရောက်ရာ၏။

ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-

ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု'အဝိဇ္ဇာ'ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်သောကြောင့်ပင်တည်း။ ရဟန်းတို့ ဤသို့ ရှည်လျားကြာမြင့်သော နေ့ညဉ့်တို့ပတ်လုံး ဆင်းရဲကို ခံစားရဖူးလှ လေပြီ၊ ပြင်းထန်သော ဆင်းရဲကို ခံစားရဖူးလှလေပြီ၊ ပျက်စီးခြင်းကို ခံစားရဖူးလှလေပြီ၊ သင်္ချိုင်းမြေပုံသည် တိုးပွားလှလေပြီ။ ရဟန်းတို့ ဤအလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်း ဟု (ဟောတော်မူ၏)။124

၁ - တိဏကဋ္ဌသုတ်၊ ပဌမ၀ဂ်၊ အနမတဂ္ဂသံယုတ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP