* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 19, 2009

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၄

Published by eternal under မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့တွင် နေထိုင်သူ အောင်မြန်မာစက္ကူဆိုင်ပိုင်ရှင် ဦးကျော်သိန်းနှင့် ဇနီးဖြစ်သူ ဒေါ်တင်လှတို့သည် မိုးကုတ်ဆရာတော်ဘုရားကြီးအား လှူရန် တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မှုတွင် အာရုံနစ်နေကြရာ၊ ဆရာတော်ကြီးက ဦးကျော်သိန်းတို့အား ကျောင်းဆောင်အပေါ်တွင် ကြောင့်ကြမများဘဲ၊ ကိုယ့်တရားသာ ဖိ၍အားထုတ်ရန် ဆုံးမရလေသည်။ ထေရသနစံကျောင်းသည် တစ်နှစ်ကျော် အကြာတွင် လုံးဝပြီးစီးသွားသဖြင့်၊ ဒကာ-ဒကာမ နှစ်ဦးက ဆရာတော်ကြီးအား လက်ခံပါရန် လျှောက်ထားကြသည်။ ဆရာတော်ကြီးက လက်မခံ၊ ရေစက်ချမပေးသေးဘဲ၊ ဦးကျော်သိန်းတို့ ဇနီးမောင်နှံအား ဒုက္ခသစ္စာတရားကို ထင်ထင်ရှားရှားမြင်အောင်အထိ ဖိဖိစီးစီးတရားအားထုတ်ခိုင်းလေသည်။ ထို့ကြောင့် ဦးကျော်သိန်းနှင့် ဒေါ်တင်လှတို့မှာ ၁၃၂၀-ခု ၀ါတွင်းကာလတစ်ခုလုံး ( ၁၉၅၈-ခုနှစ်၊ ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ၊ အောက်တိုဘာ) အမရပူရရိပ်သာသို့လာ၍ သဲသဲမဲမဲ တရားအားထုတ်ကြရသည်။ ဆရာတော်ကြီးကား ကျောင်းဒကာ-ကျောင်းအမ နှစ်ဦးတို့အခြေအနေကို သုံးသပ်၍ စိတ်ချရလောက်သော အခါတွင်မှ ၀ဋ်ကို မတောင့်တဘဲ၊ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသာ တောင့်တရန် ဆုံးမတော်မူ၍ စံကျောင်းတော်အတွက် ရေစက်ချပေးလေသည်။


**************************


“မိုးကုတ်ဆရာတော် ဦးဝိမလဆိုတာ အင်မတန်နာမည်ကြီးနေတယ်၊ ကြုံတုန်းကြုံခိုက်မှာ သင်္ကန်းလှူရမယ်” ဟူ၍ စဉ်းစားမိသဖြင့် ဦးချန်ထွန်း(ရန်ကုန်၊ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှ အဖွဲ့ဝင်)သည် မန္တလေးမြို့၊ ဗန္ဓုလသင်္ကန်းတိုက်မှ သင်္ကန်းတစ်စုံဝယ်ပြီး နံနက်ပိုင်းတွင် ဆရာတော်ကြီးအထံသို့ ချဉ်းကပ်ရာ တစ်ယောက်ချင်းဖြင့် ဖူးမြင်ရလေသည်။ ရောက်ရောက်ချင်း သင်္ကန်းထုတ်ပြီးကပ်ဖို့ပြင်သောအခါ ဆရာတော်ကြီးက “မင်း…တရားထိုင်ဖူးသလား”ဟု စီး၍ မေးလေသည်။ ဦးချန်ထွန်းလည်း တရားမထိုင်ဖူးကြောင်း ပြန်လျှောက်ရာ၊ တင်ပျဉ်ခွေထိုင်….မျက်လွှာချ၊ မင့်ဥာဏ်နဲ့ မင့်ခန္ဓာထဲ ကြည့်နေအုံးဟူ၍ မိန့်ပြီး ဆွမ်းစားဆောင်ဖက် ကြွသွားတော့သည်။ နာရီဝက်ခန့်ကြာသောအခါ ပြန်ရောက်လာလေသည်- “ဘယ့်နှယ့်လဲကွ၊ ဘာတွေ့သလဲဟေ့” ၊ “ထုံတာ ကျင်တာ၊ ညောင်းတာ ကိုက်တာ ခဲတာတွေပဲ တွေ့နေတာပဲ ဘုရား”၊ “အေး..ဟုတ်ပီ၊ အဲဒါတွေက ဆင်းရဲသလား၊ ချမ်းသာသလား”“ဆင်းရဲတယ်ဘုရား”၊ “ဆင်းရဲဆိုတော့ ဒုက္ခပဲပေါ့၊ အဲဒါတွေက မတည်ငြိမ်ဘူး၊ ပြောင်းလွဲနေတယ်” “မှန်ပါဘုရား”၊ “ဒုက္ခသစ္စာဆိုတာ ဒါတွေပဲ၊ အဲ့ဒီ့ ဒုက္ခတွေ လိုချင်သလား၊ မလိုချင်ဘူးလား”“မလိုချင်ပါဘုရား”၊ “ကဲ….ဒါဆိုရင် အဲဒီလို ဒုက္ခသစ္စာမျိုးတွေကို မလိုချင် မရချင်လို့ ဒီသင်္ကန်းကို လှူပါတယ်ဘုရားလို့ မင့်စိတ်ထဲက ဆုတောင်းပြီး လှူပါ” ဤသို့ လှူပုံလှူနည်းကို သင်ပေး၍ ဤအတိုင်း လှူခဲ့ရကြောင်း ဒကာဦးချန်ထွန်းက ပြန်လည် ပြောပြလေသည်။


****************************


မိုးကုတ်ဆရာတော်ဘုရားကြီးသည် တစ်ခါတစ်ရံတွင် ခပ်ကြမ်းကြမ်း၊ ခပ်ပြင်းပြင်း မိန့်တော်မူသည်များ ရှိပါသည်။ သင့်သလောက် တင်ပြလိုပါသည်-
“ခင်များတို့က တော်တော် အတောင်းအရမ်းထူတဲ့လူတွေ၊ အတောင်းအရမ်းထူတဲ့လူတွေဆိုတာ ဘယ်အမျိုးတုံး (သူတောင်းစားမျိုးပါဘုရား)၊ အေး……အဲဒီထဲက ဖြစ်နေပြီ ခင်များတို့”
“ခင်များတို့သည်ပင် ကျုပ်ချွတ်မှ ကျွတ်ကြမှာတွေ”
“စိုးရိမ်တဲ့ပုဂ္ဂိုလ်က သေခါနီး၊ အစိုးရိမ်ခံရတဲ့ပုဂ္ဂိုလ်တွေက သေခါဝေး၊ ဒါဖြင့် သေခါနီးတွေက သေခါဝေးတွေကို စိုးရိမ်နေတာ၊ ကိုယ်ကဖြင့် ရေထဲနစ်နေတာ မတ်တပ်ရပ်နေတာတောင် ပါးစပ်ရောက်နေပြီ၊ အဲဒါ ကုန်းပေါ်က လူ လှမ်းပြီး စိုးရိမ်နေသလို… ”

“ခင်များတို့ဟာက ကံကောင်းချိန်တွေကိုတော့ ကာမဂုဏ်အာရုံတွေထဲမှာ အသုံးချခဲ့ကြပြီ၊ အခုလို အိုကြီးချက်မ ထုံထိုင်းပြီး အချိန်တွေ လွန်ခါမှ ဘုန်းကြီးဆီပြေးလာ၊ ဟောချင်စရာတောင် မရှိဘူး၊ ဒီဘုန်းကြီးမို့ ပေဟောနေတာ”

“ဒီဘုရားရှေ့ထားပြီးတော့ နောက်ဘုရားကို မျှော်တာ အားနာစရာကြီး၊ ခင်များတို့မို့ အားမနာတယ်၊ အခုဒီဘုရားက နိဗ္ဗာန်ကို ပေးနိုင်ပါလျက်နဲ့ နောက်ဘုရားကျမှ ဆိုတဲ့ ဥစ္စာဟာ သက်သက်အကြောင်တိုက်-ဗြောင်တိုက် ရွဲ့တာပဲ”


********************


မိုးကုတ်မြို့မှ ကျောင်းအစ်မကြီး ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံတို့သည် ဆရာတော်နှင့် အရင်းနှီးဆုံးဖြစ်ပါသည်။ တစ်နေ့တွင် ဒေါ်ဒေါ်အုံသည် ဆရာတော်နှင့် စပ်မိစပ်ရာ ပြောဆိုကြရင်း- ညညဆို အိပ်မပျော်ဘဲ သန်းခေါင်အထိ မျက်လုံးကြောင်နေတတ်ကြောင်း ဆရာတော့်အား လျှောက်မိသည်။ ထိုအခါဆရာတော်က

“အေး…….ခင်များတို့နော် ရိုးရိုးတစ္ဆေခြောက်တဲ့ အခါ ပရိတ်ရွတ်ရင် ပျောက်တယ်၊ သရဲခြောက်ရင်လည်း ကမ္မ၀ါဖတ်ရင် ပျောက်တာပဲ၊ ခင်များတို့ဟာက ပစ္စည်းတစ္ဆေခြောက်နေတာ၊ ပစ္စည်းတစ္ဆေခြောက်တာကျတော့ ပရိတ်ရွတ်လို့လည်းမရ၊ ကမ္မ၀ါဖတ်လို့လဲ မရ၊ ဒါ့ကြောင့် အိပ်မပျော်တာ………..၊ မဖုံလည်း………… သတိထားပါ၊ ပစ္စည်းတွေစွဲပြီး သေရင် တစ္ဆေဖြစ်မယ်၊ မကျွတ်ဘဲဖြစ်နေလို့ ခြောက်လှန့်နေရင် ခင်မျာ့သားသမီးတွေက ကျုပ်ကိုလာပင့်မှာ၊ ပရိတ်ရွတ်ပေးပါဆိုရင် ရွတ်ပေးရမှာ၊ ဟာ……..ပရိတ်က ပျော့သေးတယ်၊ ခပ်တင်းတင်း ခပ်ပြင်းပြင်းနဲ့ ကမ္မ၀ါဖတ်ပြီး နှင်ထုတ်ပေးပါ-ဆိုရင်လဲ ကျုပ်က ကမ္မ၀ါဖတ်ပေးရမှာ၊ အဲဒီလို ကမ္မ၀ါနဲ့ နှင်ထုတ်ခံရတဲ့ အထိမရောက်ပါစေနဲ့၊ တရားအားထုတ်စမ်းပါ” ဟူ၍ ပြင်းပြင်းထန်ထန် အမိန့်ရှိလေသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP