* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 13, 2009

စိတ်ဆင်းရဲပျောက်ကင်းဆေး

စိတ်အေးတဲ့နည်းလမ်းကောင်း

ကာမဂုဏ်နဲ့ စပ်ပြီး နှလုံးမသာတာ၊ ၀မ်းနည်းတာကို သာမိသ ဒုက္ခ လို့ခေါ်တယ်။ လောကရေးရာနှလုံးမသာမှု လို့လဲ ခေါ်နိုင်တယ်။ ဒီနှလုံးမသာမှုက အင်မတန် အရာကျယ်တယ်။ လူတိုင်းလူတိုင်း အနည်းနဲ့ အများ ဖြစ်ဖူးကြတာချည်းပဲ။

သားသမီး စသည် ပျက်စီးလို့ပဲ ဖြစ်ဖြစ် စီးပွားဥစ္စာ ပျက်စီးလို့ပဲဖြစ်ဖြစ် လုပ်ငန်း အကြံအစည် မအောင်မြင် လို့ပဲဖြစ်ဖြစ် ဘေးဆိုးရန်ဆိုးနဲ့ တွေ့ရလို့ပဲဖြစ်ဖြစ် ဒီလိုအဆင်မပြေတဲ့ အခါများမှာ "ငါ့နှယ် ကံဆိုးလိုက်လေနော်၊ သူများလဲ ဘာမှ နေရာမကျ ပါပဲလား" စသည်ဖြင့် ၀မ်းနည်းစရာတွေ လျှောက်တွေးပြီး နှလုံးမသာယာမှု၊ ၀မ်းနည်းမှု၊ စိုးရိမ်မှုတွေ ဖြစ်တတ်ကြတယ်။

ဒါတွေက အဆိုးဆုံးတရားတွေပဲ။ ကမ္ဘာသူ ကမ္ဘာသားတွေကို လိုက်ပြီး မွှေနေတာဟာ ဒီနှလုံးမသာမှု ၀မ်းနည်းမှု စိုးရိမ်မှုတွေပဲ။ စည်းစိမ်ချမ်းသာတွေ အခြွေအရံတွေနဲ့ ဘယ်လိုပဲ ပြည့်စုံနေပေမဲ့လို့ အကြောင်းတခုခုနဲ့ အဆင်မပြေတာ ကိုတွေ့ရရင် ဒီ နှလုံးမသာယာမှု၊ စိုးရိမ်မှုတွေက ဖြစ်လာတတ်တယ်။ သူဖြစ်လာတယ်ဆိုရင် နေလို့ ထိုင်လို့ သာသာယာယာ မရှိတော့ဘူး။ ဒါကြောင့် ဒီနှလုံးမသာယာမှု စိုးရိမ်မှုတွေကို ပယ်ပြီး စိတ်ကို အေးအေးကလေး ထားနိုင်တဲ့ နည်းလမ်းကောင်းကို လူတိုင်း အသင့်ဆောင်ထားစရာ ကောင်းတယ်။ အဲဒီ နည်းလမ်းကောင်းကလည်း တကယ်ရှာတော့ ရှားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက အဲဒီအကောင်းဆုံးနည်းလမ်းကို ပေးထားခဲ့တယ်။ ဘာလဲဆိုရင် ဟောဒီ ရှုမှတ်ရတဲ့ သတိပဋ္ဌာန် နည်းပါပဲ။
မလွဲနိုင်သောလမ်း

ဒါကြောင့် နှလုံးမသာယာမှု စိုးရိမ်မှု ၀မ်းနည်းမှုများ မတော်တဆ ဖြစ်ပေါ်လာရင် လက်ခံမထားနဲ့။ ချက်ချင်း ရှုမှတ်ပြီးတော့ ပယ်ကြရမယ်။ "နှလုံးမသာဘူး နှလုံးမသာဘူး" စသည်ဖြင့် သေသေချာချာ စူးစိုက်ပြီးတော့ မပျောက်မချင်း သူ့ကိုသာ ရှုမှတ်နေရမယ်။ ဒီလိုရှုမှတ်နေရင် ပျောက်သွားတာကို တွေ့ရလိမ့်မယ်။ ၀ိပဿနာ အခြေခံရှိနေတဲ့ သူမှာဆိုရင်တော့ လေးငါးချက်လောက် မှတ်လိုက်ရုံနဲ့တောင် နှလုံးမသာယာမှု လုံးဝပျောက်ပြီး ပကတိကြည်လင်တဲ့စိတ်မျိုး ပြန်ဖြစ်လာနိုင်ပါတယ်။

အဲဒီလိုအခါမှာ နှလုံးမသာယာစရာကို ပြန်ပြီးစဉ်းစားကြည့်တောင် ဘာမှ မဖြစ်တော့ဘဲ စိတ်ဟာ ကြည်လင်အေးချမ်းမြဲသာ ရှိပြီး နေနိုင်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားက "အယံ -အမှတ်ရမှု ဤသတိပဋ္ဌာန် လမ်းသည် ၊သောကပရိဒေ၀ါနံ သမတိက္ကမာယ- စိုးရိမ်ပူဆွေးရမှု ငိုကြွေးရမှုတို့ကို လွန်မြောက်သွားဖို့ရာ၊ ဧကာယနော မဂ္ဂေါ -တစ်ကြောင်းတည်းသောလမ်း မလွဲနိုင်သေလမ်းပေတည်း " လို့ ဟောထားခဲ့ပါတယ်။


မဟာစည်ဆရာတော်( ဝေဒနာနုပဿနာ တရားတော် ဒုတိယပိုင်း စာ၁၂)

ဆက်ရန်
ဥပေက္ခာဝေဒနာကိုရှုမှတ်ပြီးဖြစ်ပုံ(မဟာစည်-ဝေဒနာနုပဿနာ-ဒုပိုင်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP