* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, February 9, 2012

စိတ်အားဖြည့်ဓမ္မနှင်းပွင့်(၅)

မြန်မြန်လုပ်ရင် မကြာပါဘူး

အကျိုးပေး ကြာခြင်း၊ မကြာခြင်းဟာ

အကြောင်းကံဆိုင်ရာ ပစ္စည်းဝတ္ထုတွေမှာ

ကြာတဆိုတဲ့စကားလုံးပါခြင်း ၊ မပါခြင်းနဲ့

ဘာမှမသက်ဆိုင်ပါဘူး၊ အကြောင်းကံပြုစဉ်တုန်းက

စိတ်မပါလက်မပါနဲ့ အချိန်ကြနေခြင်း၊

အချိန်ဆွဲနေခြင်းနဲ့ပဲ သက်ဆိုင်ပါတယ်။

စိတ်စေတနာအားနည်းစွာနဲ့ ကုသိုလ်ကောင်းမှုကို

မလုပ်ချင်လုပ်ချင် လေးလေးတွဲ့တွဲ့

လုပ်ခဲ့သူဟာ အကျိုးပေးကြန့်ကြာပါတယ်။

အကျိုးပေးနှေးကွေးပါတယ်။

စိတ်စေတနာ ထက်ထက်သန်သန်နဲ့

ကုသိုလ်ကောင်းမှုကို အားရပါးရ တက်တက်ကြွကြွ

လုပ်ခဲ့တဲ့သူဟာ အကျိုးပေး မကြန့်ကြာပါဘူး။

အကျိုးပေး မြန်ဆန်ပါတယ်။

ကြာလှူတိုင်း ကြာနဲ့ပတ်သက်တိုင်း

အကျိုးပေးမကြာပါဘူး။

စိတ်ကောင်းထားဖို့ကြာမှအလုပ်ကောင်းလုပ်ဖို့ကြာမှ

အကျိုးပေး ကြာတာပါ။

ပုံချတာလည်း မလုပ်ပါနဲ့ လွှဲချတာလည်း မလုပ်ပါနဲ့ဝါးချတာလည်း မလုပ်ပါနဲ့

အယူမှား ရွှံ့နွံတွေ ကင်းစင်တဲ့ အယူမှန် ကြာလိုလူ

ဖြစ်ချင်တယ်ဆိုရင် ဘာမဆို အတိတ်ကံကိုချည်း

ပုံချတာမျိုးလည်း မလုပ်ပါနဲ့၊

ဘာဖြစ်ဖြစ် ဖန်ဆင်းရှင်ကြောင့်လို့လွှဲချတာမျိုးလည်း မလုပ်ပါနဲ့၊

လောကကြီးကသူဖြစ်ချင်သလို ဖြစ်နေတာပါလို့

ဝါးချတာမျိုးလည်း မလုပ်ပါနဲ့၊

ကိုယ်ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ကံတရားတွေက

ကိုယ့်ကို အကျိုးပေးနေတာလို့ အခိုင်အမာ ယုံကြည်လိုက်ပါ။

ကိုယ့်ကံသာ ကိုယ့်ဘဝရဲ့ ဖန်တီးရှင်လို့

အသေအချာ နားလည်သဘောပေါက်လိုက်ပါ။

ခန္ဓာမရှိရင် ခံတာမရှိတော့

ဆင်းရဲဒုက္ခဆိုတာ ရုပ်နာမ်ခန္ဓာရှိလို့ ရှိနေတာပါ။

ရုပ်နာမ်ခန္ဓာမရှိရင် ဆင်းရဲဒုက္ခ လုံးဝ မရှိပါဘူး။

နိဗ္ဗာန်မှာ ရုပ်နာမ်ခန္ဓာ လုံးဝ မရှိတဲ့အတွက်

ဆင်းရဲဒုက္ခလည်း လုံးဝ မရှိပါဘူး။

ဆင်းရဲဒုက္ခ မှန်သမျှ လုံးဝ မရှိခြင်းသည်ပင်လျှင်

နိဗ္ဗာန်ရဲ့ တကယ့်အစစ်အမှန် ချမ်းသာပါပဲ။

ခန္ဓာဆိုတဲ့အတိုင်း ဆင်းရဲဒုက္ခ ခံ ရတာ ပါ ။

ခန္ဓာမရှိမှတော့ ဆင်းရဲဒုက္ခ ခံ ရ တာ လည်း

မရှိတော့ဘူးပေါ့။

မရိုးတဲ့ချမ်းသာ ဒီတစ်ခုပဲရှိတယ်

နိဗ္ဗာန်ချမ်းသာဟာ ဘယ်လောက်ပဲ ခံစားခံစား၊

ဘယ်တော့မှ ရိုးအိမသွားနိုင်တဲ့ ချမ်းသာပါ ။

တစ်နာရီဆက်တိုက် ခံစားလည်း မဝ

တစ်နေ့ဆက်တိုက် ခံစားလည်း အားမရ

တစ်ပတ်လုံး တစ်နှစ်လုံး တစ်သက်လုံး

အဆက်မပြတ် ဆက်တိုက်ခံစားလည်း

မတင်းတိမ်နိုင်လောက်အောင်ကို

ကောင်းပါတယ်။

ဘယ်အချိန် ခံစားခံစား ကောင်းလွန်းလို့

မြတ်စွာဘုရား တရားဟောတော်မူတဲ့အခါ

တရားနာပရိတ်သတ်က သူတို့အထူးကြိုက်တဲ့

နေရာရောက်လို့ သာဓုသုံးကြိမ်ခေါ်လိုက်တိုင်း

ပရိတ်သတ်သာဓုခေါ်နေစဉ် စက္ကန့်ပိုင်းအချိန်လေးမှာ

မြတ်စွာဘုရားနိဗ္ဗာန်ချမ်းသာကို အာရုံပြုခံစားတော်မူပါတယ်။

အရိုးဟာအရိုးပါပဲ

ကာမဂုဏ်အာရုံနဲ့ မိမိရဲ့စိတ်နဲ့ တွေ့လိုက်တဲ့အချိန်မှာ

တကယ်တော့ အရသာ လုံးဝ မရှိပါဘူး။

အသားလုံးဝမရှိတော့တဲ့ အရိုးလိုပါပဲ။

ဘာအရသာမှ မရှိပါဘူး။

ဒါပေမဲ့ …..

မိမိရဲ့ စိတ်တည်းဟူသော ခံတွင်းကနေ

ထွက်လာတဲ့ တဏှာတည်းဟူသော

သွားရည်လေးကြောင့် အဲဒီအာရုံလေးကို

အရသာရှိတယ်လို့ ထင်မှတ်သွားပါတယ်။

အရိုးကိုက်ရင်း ထွက်လာတဲ့သွားရည်ကြောင့်

အသားလုံးဝမရှိတဲ့အရိုးကို အရသာရှိတယ်လို့

အရိုးကိုက်တဲ့ခွေး ထင်မှတ်သွားသလိုပါပဲ။

မှတ်ချက်။ ။အရှင်ဆန္ဒာဓိက၏ စိတ်အားဖြည့် ဓမ္မနှင်းပွင့် စာအုပ်မှ ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP