* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 15, 2011

သရီးရိုင်ဖယ် တံဆိပ်လေးမှ ၀တ်ရုံချင်ကြပါသည်ဘုရား…

သန္တုဋ္ဌိသုတ် (ရောင့်ရဲလွယ်ခြင်း)

ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။ အဘယ် လေးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို သင်္ကန်းသည် အပြစ်လည်းမရှိ။

မြတ်စွာဘုရား ပံ့သကူသင်္ကန်း ၀တ်ရုံလိုသူ ရှားပါးနေပါပြီ… စီဝိုင်စီရယ် ဗိုလ်မရယ် သရီးရိုင်ဖယ် တံဆိပ်လေးမှ ၀တ်ရုံချင်ကြပါသည်ဘုရား… တစ်ချို့က သင်္ကန်းအသစ်ကလေးရပါလျှင် ပွတ်ကြည့်ကြသေးသည်…
ရဟန်းတို့ စားဖွယ်တို့တွင် ဆွမ်းခံလှည့်လည်၍ ရအပ်သော ဆွမ်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ဆွမ်းသည် အပြစ်လည်း မရှိ။
မြတ်စွာဘုရား ဆွမ်းခံဖို့ရာ သပိတ်ဆိုတာ သိမ်မှထွက်ပြီးနောက် ဘယ်ထားမိမှန်း မမှတ်မိကြတော့တာ များလှပါသည်ဘုရား… မအပ်စပ်သော သပိတ်အရောင်တွေတောင် မသိကြတော့ပါဘုရား… ဘုန်းတော်ကြီးတစ်ချို့ ခရီးသွားလာလျှင် အထုပ်တွေတော့ အများကြီးပါ… သပိတ်တော့ဖြင့် ပါမလာကြပါ…
ရဟန်းတို့ ကျောင်းတို့တွင် သစ်ပင်ရင်းဟူသော ကျောင်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ကျောင်းသည် အပြစ်လည်း မရှိ။
မြတ်စွာဘုရား မြန်မာပြည်မှ ဆရာတော်ကြီးများ သစ်ပင်အောက်တွင် ရုက္ခမူဓုတင် ဆောက်တည်ကာ နေကြသည်မှာ ကြည်ညိုဖွယ် ကောင်းလှပါသည်… တပည့်တော်တို့ နေရာဒေသကတော့ အလွန်ချမ်းအေးသည့်အတွက် နေထိုင်၍ မရပါဘုရား…
ရဟန်းတို့ ဆေးတို့တွင် နွားကျင်ငယ်ပုပ်တည်းဟူသော ဆေးသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထိုဆေးသည် အပြစ်လည်း မရှိ။
မြတ်စွာဘုရား၏ စကားတော်ကို ယုံကြည်ပါသည် လိုက်နာလိုပါသည်… သို့သော် တပည့်တော်ကိုယ်တိုင် ရောဂါ ဝေဒနာဆိုးကြီး ရှိပေမဲ့ မသောက်နိုင်သေးပါ… တကယ်သောက်သုံးနေသော ဆရာတော်များကို ကြည်ညိုပါသည်… ကန်တော့လိုက်ပါသည်…
ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။ ရဟန်းတို့ ရဟန်းသည် တာဝန်နည်း၍ ရလွယ်သော ပစ္စည်းဖြင့် ရောင့်ရဲ၏၊ ဤသို့ ရောင့်ရဲခြင်းကို ''ရဟန်း၏ ရဟန်းအဖြစ်'' ဟူသော အင်္ဂါ တစ်ပါးဟု ငါဆို၏ ဟု မိန့်တော်မူ၏။



တာဝန်လည်းနည်း ရလည်း ရလွယ် အပြစ်လည်း မရှိသော ပစ္စည်းဖြင့် ရောင့်ရဲသော ရဟန်းအား ကျောင်းကိုလည်းကောင်း၊ သင်္ကန်းကိုလည်းကောင်း၊ သောက်ဖွယ်စားဖွယ်ကိုလည်းကောင်း အကြောင်းပြု၍ စိတ်၏ ပင်ပန်းခြင်း ကင်း၏။ အရပ်မျက်နှာကိုလည်း မထိခိုက်။ ရဟန်းတရားအား လျော်သော အကြင် တရားတို့ကို ထို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ မမေ့မလျော့သော သတိရှိသည် ဖြစ်၍ ကျင့်သော၊ နှစ်သက်သော စိတ်ရှိသော ရဟန်းသည် ထိုတရားတို့ကို သိမ်းဆည်း၍ ယူအပ်လေ သတည်း။ 27

၇ - သန္တုဋ္ဌိသုတ်၊ ဥရုဝေလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။


သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP