* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 15, 2011

သိမ်ထဲမှာ ကမ္မ၀ါရွတ်ဖတ်ပြီး ဘယ်သူက ဆရာဥပဇ္ဈာယ်ပြုကာ ဘယ်သူ့ကို စတင်ရဟန်းခံပေးပါသလဲ

သိမ်ထဲမှာ ကမ္မ၀ါရွတ်ဖတ်ပြီး ဘယ်သူက ဆရာဥပဇ္ဈာယ်ပြုကာ
ဘယ်သူ့ကို စတင်ရဟန်းခံပေးပါသလဲ

ဒကာ။ ။ဆရာတော်ဘုရားရေးပြုသော သုတေသနသရုပ်ပြအဘိဓာန်ကျမ်း
စာမျက်နှာ ၄၉၇ ၌ “ရဟန်းအပြားမျိုးရှစ်ပါး” သရုပ်ကိုဖော်ထုတ်ရာဝယ် နံပါတ်ရှစ်၌ ဉတ္တိစတုတ္ထ ကမ္မူပ သမ္ပဒါ ပညတ်တော်အရ သိမ်ထဲမှာ ကမ္မ၀ါနဲ့ ရွတ်ဖတ်ပြီးဖြစ်လာတဲ့ ရဟန်းတွေထဲမှာ ရှေးဦးစွာ ဖြစ်လာတဲ့ ရဟန်းဟာ ဘယ်ပုဂ္ဂိုလ်ပါလဲ ဆရာတော်။
အဲဒီပုဂ္ဂိုလ်ကို ဘယ်ရဟန်းတွေက စတင် ရဟန်းပြုပေးပါသလဲ၊ ဘယ်ပုဂ္ဂိုလ်က ဆရာဥပဇ္ဈာယ်ပြုလုပ်ပါသလဲ၊ တပည့်တော်တို့ မှတ်သားရအောင် မိန့်ကြားပါဦး ဘုရား၊ ဒါဟာလည်း သာသနာ့ မှတ်တမ်းတချက်ပါပဲ။
ဆရာ။ ။ ဟုတ်ပါတယ်၊ သာသနာ့မှတ်တမ်းမှာတော့ မြတ်ဗုဒ္ဓဟာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်တော်မူတယ်။
အဲဒီနှစ် ၀ါတော်ကို မိဂဒါဝုန်တောမှာ ၀ါကပ်တော်မူကာ ပဉ္စ၀ဂ္ဂီငါးဦးကို စတင် ကယ်ချွတ်တော်မူလျက် ၀ါကျွတ်တော်မူသောကာလ ခြောက်ကျိပ်မျှသော ရဟန်းတို့ကို ထိုထိုမြို့ ရွာ ဒေသ တို့သို့ သာသနာပြု စေလွှတ်တော်မူတယ်၊ ထို သာသနာပြု ရဟန်းတော်များခေါ်ဆောင်လာတဲ့ ရှင်လောင်း ရဟန်းလောင်းတို့ကို မြတ်ဘုရားကိုယ်တော်တိုင် သရဏဂုံပေးပြီး ရှင်ပြုပေးတယ်၊ ရဟန်းလည်းပြုပေးတော်မူတယ်။ နောက်ပိုင်းကျတော့ ဝေးသောခရီးအရပ်မှ ခေါ်ဆောင်လာကြတာ ပင်ပန်း နွမ်းနယ်ကြသောကြောင့် သာသနာပြုရဟန်းတို့ ချမ်းသာကြစေရန် ယင်းရဟန်းတို့ ကိုယ်တိုင်ပင် ထိုထိုအရပ်ဌာနတို့၌ သရဏဂုံဖြင့် ရှင်ပြုပေးကြစေ၊ ရဟန်းပြုပေးကြစေ ဟု ခွင့်ပြုတော်မူလိုက်တယ်။
ဤနည်းဖြင့် ပေါ့ပါးလွယ်ကူစွာ သာသနာပြုလိုက်ကြတာ မြတ်ဘုရားရာဇဂြိုဟ်ပြည်သို့ရောက်တော်မူသောအခါ ရဟန္တာပေါင်း နှစ်သောင်းကျော် ရှိနေလေပြီ၊ ထိုအခါ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့လည်း ရဟန္တာသာဝကကြီးတွေ ဖြစ်နေကြလေပြီတဲ့။
အဲဒီ ၁၀၃ ခုနှစ်ထဲမှာပဲ အချိန်ကာလအားဖြင့် တပို့တွဲလပြည့်ကျော်လောက်မှာ ဆင်းရဲနွမ်းပါး အိုမင်းလှသော ရာဓပုဏ္ဏားကြီးတယောက် ဘုရားထံရောက်လာ၍ ရဟန်းပြုလိုကြောင်း မြတ်စွာဘုရားအား လျှောက်ထားတယ်တဲ့။
ထိုအခါ မြတ်ဘုရားရှင်က ရှင်သာရိပုတ္တရာအား ရာဓပုဏ္ဏားကြီးကို ရဟန်းပြုပေးလိုက်လော့ ဟုစေခိုင်းတော်မူတဲ့အခါ ရှင်သာရိပုတ္တရာ မထေရ်မြတ်က “မြတ်စွာဘုရား၊ တပည့်တော်သည် ဘယ်လိုဘယ်ပုံ ဘယ်နည်းဖြင့် ထိုရာဓပုဏ္ဏားကို ရှင်ရဟန်း ပြုရပါမည်နည်း ဘုရား” ဟု မေးလျှောက်တယ်တဲ့။
ထိုအခါ မြတ်စွာဘုရားက “ယခုအချိန်၌ ငါ၏တပည့်သား ရဟန်းတော်တွေ များလာပြီဖြစ်၍ သရဏဂုံ သုံးပါးဖြင့် ပေါ့ပါးလွယ်ကူစွာနဲ့ ရဟန်းပြုပေးခြင်းကို ယနေ့မှစ၍ ငါဘုရား ပယ်ဖျက်တော်မူလိုက်ပြီ။
ဉတ္တိ စတုတ္ထ ကမ္မ၀ါစာဖြင့် ပီပီသသ လေးလေးစားစားရွတ်ဖတ်၍ ရဟန်းပဉ္စင်းခံပေးရန် ငါဘုရားခွင့်ပြုလိုက်သည်” ဟု ရဟန်းခံယူရေးကိစ္စကို ဤသို့ခွင့်ပြုစေခိုင်းတော်မူတယ်။
ရှင်သာရိပုတ္တရာ မထေရ်မြတ်ကလည်း မြတ်စွာဘုရား၏ ပညတ်တော်အမိန့်စကားကို ဦးထိပ်မှာထားပြီးတော့ ရာဓပုဏ္ဏားကြီးကို သူကိုယ်တိုင် ဆရာဥပဇ္ဈာယ်ပြုကာ ရှင်ရဟန်း စတင်၍ ပြုပေးတော်မူလိုက်သည်တဲ့။
ကဲ….အဲဒါဟာ သိမ်ထဲမှာ ကမ္မ၀ါ ဉတ် လေးကြိမ်ဖတ်ပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်က ဥပဇ္ဈာယ်ပြုကာ ရာဓပုဏ္ဏားကြီးကို စတင်ပြီး ရဟန်းခံပေးလိုက်တဲ့ သာသနာတော်မှတ်တမ်းပါပဲဗျား၊ ကျေနပ်ရဲ့လား။
ဆရာ။ ။ ဒီလို အခြေအမြစ်နဲ့ တိုတိုကျဉ်းကျဉ်း ရှင်းလင်းပြောဟောဖြေကြားသင်ပြ ပေးသွားတဲ့ ဆရာတော်ဘုရားအား လေးစားရှိခိုးပါတယ်ဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP