* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, March 15, 2011

သင်္ဂါယနာသုံးတန်နှင့် မြန်မာနိုင်ငံ

အရှင်ဘုရား-
ပထမသံဂါယနာ တင်ချိန်တွင် မြန်မာနိုင်ငံက မည်သည့်မင်း စိုးစံ၍ မည်သည့်ဘာသာကို ကိုးကွယ်နေပါသနည်း။ ထို့အတူ ဒုတိယ၊ တတိယ၊ စတုတ္တသံဂါယနာ တင်ချိန်များတွင်လည်း မြန်မာနိုင်ငံက စိုးစံသောမင်းနှင့် ကိုးကွယ်သော ဘာသာများကို တစ်ခုချင်း ဖြေကြားတော်မူပါ ဘုရား။

အောင်သူဖြိုး၊ ပြည်မြို့။


ပထမသံဂါယနာကို မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူသည်မှ နောက် ၄ လမြောက်ချိန်တွင် တင်၍ သာသနာနှစ် ၁ နှစ်က စ၍ ထားတော်မူပါသည်။ ထို့နောက် အဇာတသတ်မင်းကြီးသည် သာသနာနှစ် (၂၄)နှစ်တွင် နတ်ရွာစံခဲ့လေသည်။
ထိုအဇာတသတ်မင်းကြီး နန်းစံနေစဉ်တွင် မြန်မာနိုင်ငံက သာသနာနှစ်(၂၀)တွင် တကောင်းနေပြည်ကို တည်ထောင်၍ သတိုးမင်းကြီး နန်းစံတော်မူကြောင်း မှန်နန်း ရာဇ၀င်တွင် ဆိုသည်။ ထိုသတိုးမင်းကြီးကား ကပိလ၀တ် သာကီဝင်မင်းမျိုးမှ ဆင်းသက်လာခဲ့သဖြင့် ဗုဒ္ဓကိုပင် ကိုးကွယ်မည်ဟု ခန့်မှန်းနိုင်ပါသည်။

သို့ဖြစ်၍ အဇာတသတ်မင်း ရာဇဂြိုဟ်တွင် ပထမ သံဂါယနာ တင်နေစဉ်နှင့် မရှေးမနှောင်း (တစ်ခေတ်တည်း လိုလိုပင်) တကောင်းပြည် တည်ကြောင်း မှတ်သား ထိုက်ပါသည်။
ဒုတိယသံဂါယနာကို သာသနာနှစ် ၁၀၀ နှစ်တွင် ဝေသာလီပြည်က ကာလာသောကမင်းကို အမှီပြု၍ ဒုတိယ သံဂါယနာ တင်လေသည်။ ထိုသာသနာနှစ် ၁၀၀၊ နောက်တစ်နှစ် ၁၀၁ ခုတွင် မြန်မာနိုင်ငံက သရေခေတ္တရာကိုတည်၍ ဒွတ္တပေါင်မင်းကြီး နန်းတက်တော်မူ၏။ မှန်နန်းရာဇ၀င်ကြီးတွင်- ဒွတ္တပေါင်မင်းကြီးသည် ခပ်သိမ်း သောပြည်သူတကာ အပေါင်းတို့ကို ကိုးကွယ်စိမ့်သောငှာ ဘုရားရှင်၏ သရီရဓာတ်တော်ကို စေတီပုထိုး တည်တော်မူသည် (ယင်း-ပ၊ ၁၇၃) ဆိုသဖြင့် မင်းနှင့်တကွ ပြည်သူပြည်သား အားလုံး ဗုဒ္ဓဘာသာဖြစ်ကြောင်း ထင်ရှားလေသည်။
တတိယသံဂါယနာကို သာသနာနှစ် ၂၃၅ တွင် ပါဋလိပုတ်ပြည်၌ ဓမ္မာသောကမင်းကြီးကို အမှီပြု၍ တင်ခဲ့ လေသည်။
ထို သက္ကရာဇ်တွင် မြန်မာနိုင်ငံ သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး၏ မြစ်တော် ရန်မန်မင်း ဖြစ်လေ၏။ သာသနာတော်နှစ် ၂၄၃-ခုသို့ရောက်သောအခါ ထိုမင်း (ဒွတပေါင်မင်း၏မြေးတော် ရန်ပေါင်) ၏သားတော် ရန်မန်မင်း ဖြစ်တော်မူ၏။ (မှန်နန်း ၁၊ ၁၇၈) ထိုမင်း လက်ထက်တွင်လည်း သရေခေတရောပြည်၍ ရဟန္တာ အရှင်မြတ်များပင် ရှိသဖြင့် မင်းနှင့်ပြည်သူပြည်သား အားလုံးပင် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်ဟုပင် ဆိုရပါမည်။ သာသနာနှစ် ၄၅၀တွင် သီရိလင်္ကာ (သီဟိုဠ်ကျွန်း)၌ ၀ဋဂါမဏိမင်းကို အမှီပြု၍ စတုတ္တသံဂါယနာ တင်တော် မူ၏။
ထိုအချိန် မြန်မာနိုင်ငံ သရေခေတ္တရာက ငတပါးမင်း (၄၃၃ မှ ၄၈၄) မင်းဖြစ်နေချိန်ပင် ဖြစ်၏။ မှန်နန်းရာဇ၀င်တော်ကြီးတွင်သာသနာနှစ် ၄၃၃ ခုရောက်သောအခါ ငတစ်ပါးမင်း မင်းဖြစ်တော်မူ၏။ ငတစ်ပါး အကြောင်းကား ၊သို့တည်း။
ထိုပြည် တွင် နေသောသူ တစ်ယောက်သည် မိမိသားကို ဆရာရဟန်းထံအပ်၍ ငယ်က သာမဏေပြုစေ၏။ ဆရာလည်း သနားတော်မူသည်ဖြစ်၍ ပိဋကတ်၊ ဗေဒင်တို့ကိုလည်း တတ်အောင်သင်ပေး၏။ ထိုသာမဏေသည် ဆရာအား သိမ်မွေ့စွာ လုပ်ကျွေးမွေးမြူ၏။
တစ်ရံရောအခါ ဆရာမွေးသောကြက်ဖသည် အခါခပ်သိမ်း တွန်တွန်သမျှ “ငါ့ဦးခေါင်းစား ငတပါးမင်း ဖြစ်လတံ္တ့” ဟူ၍သာ တွန်စမှတ်ပြု၏။ ဆရာလည်း သင်းတိရစ္ဆာန် ဖြစ်လျက် ဤသို့ အခြင်းအရာတို့ကို တွန်သည်ဟူ၍ နှလုံးထားပြီးသော် ရှင်သူငယ်ကို ခေါ်၍ သို့ဆို၏။
““မောင်ရှင်ငယ်၊ ၊ကြက်ဖသည် အထူးထူးအပြားပြားသော အခြင်းအရာတို့ကို တွန်သည်ဖြစ်သောကြောင့် ၊ကြက်ဖကို ချက်ပြုတ်၍ ငါ့ကို ကပ်ဘိလော”” ဟု မိန့်တော်မူ၏။ မောင်ရှင်ငယ်လည်း ဆရာဆိုတိုင်း ချက်ပြုတ်လေ၏။ ထိုသို့ ချက်ပြီးသောအခါ ကြက်ကို အိုးကအဆယ်တွင် ကြက်ဦးခေါင်းပြုတ် ပြီး စဖိုကကျလေ၏။ ရှင်သူငယ်လည်း မသန့်ပြီ ဟူ၍ ကြက်ဦးခေါင်းကို ဆေးကြော၍ စားလေသည်။

ဆရာလည်း ကြက်ဦးခေါင်း မပါ၍ မေးလတ်သော်- ““ဆယ်ရာတွင် ကျ၍ မသန့်သောကြောင့် မထည့်ဘဲ ကျွန်ုပ် စားပေသည်”” ဟု ဆိုလျှင် ဆရာသည် ယင်းတိရစ္ဆာန် တွန်သည် မှန်၊ မမှန်ကို သည်တွင် သိရတော့မည် ဟူ၍ မောင်ရှင်ငယ်ကို အထူးထူးသော ဓမ္မသတ်၊ လောက၀တ်၊ ရာဇ၀တ်တို့ကို တတ်အောင် သွန်သင်ပြီးမှ လူပြုစေ၍ အမတ်စစ်သူကြီးထံအပ်၏။
အမတ်စစ်သူကြီးလည်း ထိုသူငယ်ကို သားပြုလေ၏။ ထိုသူငယ်လည်း အရောင်အဆင်း ဘုန်းပညာ လက္ခဏာ ကြီးငယ်နှင့် ပြည့်စုံသောသူဖြစ်၍ ထိုသူနှင့်ထိုက်တန်သော တန်ဆာတို့ကို ဆင်လေ၏။ သွားလေရာရာခေါ်၍ မပြတ်သွားလေ၏။ တစ်ရံရောအခါ မင်း၏နန်းတော်သို့ ခေါ်၍ သွားလေ၏။ မင်းကြီးလည်း ထိုသူငယ်အမူအကျင့် ကျစ်လျစ်၍ မင်းခွင်စိုးရာနှင့် ပြည့်စုံသည်ကို မြင်တော်မူလေသော် အလွန်နှစ်သက်တော်မူသည်ဖြစ်၍ သားတော်မရှိသည်ဖြစ်၍ အမတ်ထံတောင်းကာ သားတော်ပြုလေ၏။ ထိုအမတ်ကြီးကိုလည်း အထိန်းအချီအဖြစ် မ,စစေ၏။
ထိုသူငယ်လည်း မင်းတကာတို့ကျင့်ရာသော တရားတို့ကို လည်းကောင်း၊ ပြည်ထဲအရေးက ကွပ်ညှပ်စီရင်သော အမှုကို လည်းကောင်း အလွန်လျှင် တတ်လိမ္မာစွာ၏။ ခမည်းတော်မင်းကြီးကို အလွန်ခယ ရိုသေစွာ လုပ်ကျွေးမွေးမြူ၏။ တရားကလည်း စိစစ် မွေးမြူခြင်းနှင့် ပြည့်စုံ၏။ မင်းစသော အမတ်ဗိုလ်ပါ ပြည်သူ လူ ရဟန်းတို့ကိုလည်း လွန်စွာ ချစ်နှစ်လို၏။
မင်းကြီးလည်း ထိုသူအား နန်းလျာထား၏။ အိမ်ရှေ့ပေး၍ အသက် တစ်ဆယ့်ငါးနှစ် ရှိသောအခါ ခမည်းတော် လွန်၍ ခမည်းတော်အရာ မင်းဖြစ်လေသည်။ ထိုမင်းကား ရတနာသုံးပါးက ရိုသေ၏။ ပညာရှိ ရဟန်း ပုဏ္ဏားတို့နှင့် ပေါင်းဖက်၍ ပဉ္စသီ၊ အဋ္ဌသီ၊ ဒသသီ သီတင်းကို လည်း မပြတ်ဆောက်တည်တော်မူ၏။ (မှန်နန်းရာဇ၀င်တော်ကြီး ပ။ ၁၇၉-၁၈၀)။
ဤသည်တို့ကိုထောက်၍ ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထသံဂါယနာတင်ချိန်တို့တွင် မြန်မာနိုင်ငံသည် အစဉ်အဆက် ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြကြောင်း ထင်ရှားလှပေသည်။ ပဉ္စမ၊ ဆဋ္ဌမသံဂါယနာတို့တွင်ကား အထူးဖော်ပြဖွယ် မလိုတော့ချေ။
မြတ်သတိဝါဒီမဂ္ဂဇင်း၊
ဇူလိုင်လ၊ ၂၀၀၂ ခုနှစ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP