မြန်မာနိုင်ငံ ရယ်ရွှင်ဖွယ် ဂိုဏ်းကွဲများ
အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ သံဃာ့ဂိုဏ်းခွဲတွေ အများကြီး ရှိပါတယ်။ ရွှေကျင်၊ သုဓမ္မာ၊ ဒွါရ၊ မူလဒွါရ၊ မဟာဒွါရ၊ အနောက်ချောင်းဒွါရ၊ စတုဘုမ္မိက၊ ဝေဠုဝန် … စသဖြင့်ပေါ့လေ။ ဂဏ၀ိမုတ် (ဂိုးဏ်းလွတ်ဂိုဏ်း)ဆိုတာက ပါသေးတယ်။ ရယ်ဖို့လည်း အတော်ကောင်းပါတယ်။ ဒွါရကလည်း ကြည့်လေ… မူလဒွါရ၊ မဟာဒွါရ၊ အနောက်ချောင်းဒွါရ ဆိုပြီး ထပ်ကွဲပြန်တယ်။ ရွှေကျင်မှာလည်း ရွှေကျင်၊ တောရရွှေကျင်ဆိုပြီး အယူစွဲသူက ရှိသေးတယ်။ နေရင်းထိုင်ရင်း ဘယ်ဂိုဏ်းမှ မပါချင်လို့ ကိုယ့်ဟာနဲ့ကိုယ် အသာနေတာတောင် သူ့အဖွဲ့ကို ဂဏ၀ိမုတ် (ဂိုဏ်းလွတ်ဂိုဏ်း)လို့ စာရင်းသွင်းလိုက်ပြန်တယ်။
ရွှေကျင်ဂိုဏ်း ကွဲတာဆိုရင် ဘာမှ ဟုတ်တဲ့ကိစ္စ မဟုတ်ဘူး။ ရှေးဆရာတော်ကြီး (အချို့)ဟာ ၀ိနည်းလေးစားတာတော့ ဟုတ်ပါတယ်။ အတ္တက အတော်ကြီးကြပါတယ်။ ရွှေကျင်ဂိုဏ်းကွဲတာဆိုရင် သဘောထားသေးသိမ်လို့ ဖြစ်ရတာပဲ။ မြတ်စွာဘုရားတောင် သံဃာညီညွတ်ရေး အားပေးသေးတာ။ အခုတော့ သံဃာချင်းတူတာကို ဟိုကျောင်းက ကိုယ်တော်ကတော့ ဘာ၊ ဒီကျောင်းက ကိုယ်တော်ကျတော့ ဘာနဲ့ သံဃာကို သံဃာလို့ မမြင်နိုင်ရှာကြပဲ ပုဂ္ဂိုလ်ကို သွားမြင်ကြတော့ ဂိုဏ်းတွေက မကွဲသင့်ဘဲ ကွဲကုန်ကြတယ်။ ဂိုဏ်းကွဲတော့ သူ့အုပ်စု၊ ကိုယ့်အုပ်စုနဲ့ ညီညွှတ်ရေး မဖြစ်တော့ဘူး။
ရွှေကျင်ဆရာတော်ဘုရားကြီးကြောင့် ရွှေကျင်ဂိုဏ်း၊ ရွှေကျင်အုပ်စု ဖြစ်သွားတာက အရေးမကြီးဘူးပဲ ထားလိုက်ပါအုံး။ နေရင်းထိုင်ရင်း သုဓမ္မာဇရပ်မှာ ညီညီညွတ်ညွတ် နေထိုင်တဲ့ သံဃာတွေက သုဓမ္မာဂိုဏ်းဖြစ်သွားရတယ်။ တကယ်တော့ သုဓမ္မာက ဂိုဏ်းမှ မဟုတ်တာ။ မြတ်စွာဘုရားရှင်ရဲ့သာသနာမှာ သံဃာအချင်းချင်း ညီညီညွတ်ညွတ်နဲ့ ဘာ(သီးသန့်) ထွင်လုံးမှ မပါဘဲ ရိုးရိုးသားသား နေထိုင်ကြတဲ့ သံဃာတွေပါ။ ရွှေကျင်ဂိုဏ်းဖြစ်တာနဲ့ ရွှေကျင်ဂိုဏ်းဝင်တွေကလွဲတဲ့ သံဃာတွေက နေရင်းထိုင်ရင်း သုဓမ္မာဂိုဏ်းဝင်တွေ ဖြစ်သွားခဲ့ရတယ်။ အမှန်က သမိုင်းကြောင်းပြန်ကြည့်ရင် သုဓမ္မာဆိုတာ ဘာဂိုဏ်းမှ မဟုတ်ပါဘူး။
နောက် ဒွါရဂိုဏ်းတဲ့။ သြကာသမှာ (ကျန်တဲ့အယူအဆ အသေးအမွှားလေးတွေလည်း ပါသေးတယ်ပေါ့လေ) ကျန်ဂိုဏ်းတွေက ကာယကံ၊ ၀စီကံ၊ မနောကံ လို့ ဆိုတာကို မသင့်လျှော်ဘူး။ ကာယဒွါရ၊ ၀စီဒွါရ၊ မနောဒွါရလို့ ဆိုမှ မှန်တယ်ဆိုတော့ ဒွါရဂိုဏ်းက တိုးလာရပြန်ရော။ အော် … ဒုက္ခ၊ ဒုက္ခ..လို့ တ..နေရပါတယ်။ ဒွါရဂိုဏ်းမှာလည်း မူလဒွါရ၊ မဟာဒွါရ၊ …. ကွဲပြန်ရော…။ အော် … ဘုရား… ဘုရား..လို့ တ..နေရပြန်ရော။ အုပ်စုတွေက ကွဲလည်း ကွဲနိုင်လွန်းတယ်။ အားမနာတမ်းဆိုရရင် ကင်းကောင်ပြောသလို “အဲဒါ မြန်မာကွ”လို့ ဆိုရမလိုပါပဲ။
အဖြစ်အပျက်လေးတစ်ခု ကြားဖူးတယ်။ အနောက်တိုင်းသား ဒကာတစ်ယောက်က မြန်မာနိုင်ငံ သာသနာအခြေအနေကို လေ့လာတယ်တဲ့။ လေ့လာတော့ ဂိုဏ်းကွဲတွေ အများကြီး ရှိနေတာကို သွားတွေ့တယ်။ ဒီဂိုဏ်းတွေအကြောင်းကို ဆရာတော်ကြီးတစ်ပါးပါးထံကို သွားမေးမှပဲဆိုပြီး စုံစမ်းတော့ ရွှေကျင်ဂိုဏ်းက ဆရာတော်ကြီးတစ်ပါးထံ ရောက်သွားတယ်တဲ့။
ဒကာ = အရှင်ဘုရား မြန်မာမှာ ဂိုဏ်းကွဲတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ အရှင်ဘုရားက ဘာဂိုဏ်းလဲ။
ဆရာတော် = ကျုပ်က ရွှေကျင်ဂိုဏ်းပါ။
ဒကာ = ရွှေကျင်ဂိုဏ်းမှာ ပိဋကတ် ဘယ်နှစ်ပုံရှိပါသလဲ။
ဆရာတော် = သုံးပုံပါ။
ဒကာ = အော် သုံးပုံပဲလား။ ဒါဆိုရင် အခြားဂိုဏ်းက ပိဋကတ်သုံးပုံနဲ့ ဘာကွာပါသလဲ။
ဆရာတော် = ဘာမှ မကွာပါဘူး။
ဒကာ = အော် … အံ့သြစရာပဲ။ ပိဋကတ်သုံးပုံဆိုတဲ့ ကျမ်းဂန်တူရဲ့သားနဲ့ ဂိုဏ်းကွဲလို့ ဆိုရသေးလား။
ဆရာတော် = အင်း … ဆိုရတာပေါ့။ ပိဋကတ်တူပေမယ့် ကျင့်တာက မတူဘူး။
ဒကာ = ထူးဆန်းလှချည်လား ဆရာတော်။ ပိဋကတ်သုံးပုံဆိုတဲ့ လမ်းညွှန်ချက် တူရဲ့သားနဲ့ ကျင့်တာက ဘယ်လိုများ ကွဲသွားရတာလဲ။
ဆရာတော် = ရွှေကျင်က စည်းကမ်းကြီးတယ်၊ မြတ်စွာဘုရား ပညတ်ခဲ့တဲ့ ၀ိနည်းတော်နဲ့အညီ နေထိုင်ကြပါတယ်။
ဒကာ = ရွှေကျင်က စည်းကမ်းကြီးတယ်ဆိုတော့ သုဓမ္မာနဲ့အခြားဂိုဏ်းတွေက အကျင့်ပျက်တယ်လို့ ဆိုချင်တာလား။ နောက်ပြီး အခြားဂိုဏ်းတွေက မြတ်စွာဘုရား ပညတ်ခဲ့တဲ့ ၀ိနည်းတွေကို ပယ်သလား။ ၀ိနည်းနဲ့အညီ မနေကြဘူးလား။
ဆရာတော် = အဲ့ဒီလိုလည်း ဟုတ်ပါဘူး။ ရွှေကျင်က အပြင်သွားရင် သင်္ကန်းရုံရတယ်။ ဆေးလိပ်မသောက်ဘူး။ ကွမ်းမစားဘူး။ …….။
ဒကာ = အော် .. ပိုထူးဆန်းသွားပြီ ဆရာတော်။ ဆရာတော် ပြောသလိုဆို သုဓမ္မာက အပြင်သွားရင် သင်္ကန်း မရုံရ၊ ဆေးလိပ်သောက်ရမယ်။ ကွမ်းစားရမယ်လို့ စည်းကမ်းပညတ်ထားလို့လား။ အဲဒီပညတ်တော် စည်းကမ်းတွေက ၀ိနယပိဋကတ်ကနေ ပယ်ထုတ်ထားလို့လား။
ဆရာတော် = စည်းကမ်းတော့ မပညတ်ထားပါဘူး။ သူတို့ ၀ိနည်းနဲ့ ကျုပ်တို့ ရွှေကျင်ဝိနည်းနဲ့လည်း အတူတူပါပဲ။
ဒကာ = အော် … ဒါဆိုရင် ရွှေကျင်နဲ့ သုဓမ္မာ အတူတူပဲပေါ့ ဆရာတော်။ လိုက်နာခြင်း၊ မလိုက်နာချင်းက ဂိုဏ်းနဲ့မှ မဆိုင်တာ။ ပုဂ္ဂလိက ကိစ္စပဲ။ ရွှေကျင်မှာ ကွမ်းစားသူမရှိဘူး၊ ဆေးလိပ်သောက်သူ မရှိဘူးလို့ ဆရာတော် အာမခံနိုင်ပါသလား။ သုဓမ္မာကိုယ်တော်တွေကရော အားလုံး ဆေးလိပ်နဲ့ကွမ်းကို စားကြပါသလား။ ဒီတော့ ရွှေကျင်နဲ့သုဓမ္မာ အတူတူပေါ့။
ဆရာတော် = တော် တော်… ဟေ့ကောင်တွေ၊ အဲဒီအဖြူကောင်ကို ဆွဲထုတ်သွားစမ်း။ ဘာတွေ လာမေးနေမှန်း မသိဘူး။ အေး ပြောလိုက်မယ်။ မတူဘူးကွ။ ဘယ်တော့မှ ရွှေကျင်နဲ့ သုဓမ္မာ ဘယ်တော့မှ မတူဘူး။ ဟင်းးးး (ဗလုံးဗထွေး ဒေါသတကြီးနဲ့ တစ်ပါးတည်း ရေရွတ်နေတော့တယ်)
ဒီအဖြစ်အပျက်လေးကို တွေ့မိတော့ အော် … မြန်မာတွေ မြန်မာတွေ ….. ကွဲရ ပြဲရတာ တော်တော် ၀ါသနာပါကြပါလားလို့။ သာသနာဘောင်က ဒီလို ကွဲနေမှတော့ အော် လူတွေ ကွဲတာ ဘာများ ဆန်းသေးလို့လည်း ….. ကွယ်။


0 comments:
Post a Comment