* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, March 9, 2011

မြန်မာပြည်ရဲ့...လမင်းသီတဂူ...

ကမ္ဘာကျော်မေတ္တာပို့ဂါထာ
"မေတ္တာ နိသာကရောလောကေ၊ သမ္မာ ဘာတု သုခံကရော။
မေတ္တာသီသလ ရံသီဟိ သုခန္တု ဖုသိတာ ပဇာ။"

လောကေ.. သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ် ကမ္ဘာအတွင်း၌၊ မေတ္တာနိသာကရော...မေတ္တာအေးလှူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်၊ သမ္မာ...သတ္တ၀ါတစ်တွေ အေးမြစေဖို့ အသရေရွှန်းကာ ကောင်းမွန်စွာ၊ သုခံကရော...သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကိုပြုလျှက်၊ ဘာတု...ရန်လည်းကင်းဝေး၊ ဘေးလည်းမခ အအေးရပေါ်ရွှမ်းမြ အသရေ ထွန်းပပါစေသတည်း။ မေတ္တာသီတလရံသီဟိ... မေတ္တာဖွေးလျှပ် အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့်၊ မေတ္တာသီတလ ရံသီဟိ...မေတ္တာဖွေးလျှပ်၊ အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့သည်၊ ဖုသိတာ...အဖုံဖုံလွှမ်းထုံ မွှမ်းမလပ် ထိတွေ့အပ်ကုန်သော၊ ပဇာ..ကမ္ဘာ့ခေတ်ဗွေ အပြည်ပြည်၌ တည်နေများစွာ သတ္တ၀ါတို့သည်၊ သုခန္တု...ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေကုန်သတည်း...

မေတ္တာပို့ရန်...

၁။ ကိုယ်စိတ်နှစ်ဖြာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။( သုံးခေါက်စီ...ရွတ်ဆိုရန်)
၂။ မေတ္တာနှလုံး၊ ကိုယ်စီသုံး၊ ရွှင်ပြုံးကြပါစေ။
၃။ မေတ္တာရန်သူ၊ ဒေါသမူ၊ အပူကင်းပါစေ။
၎။ မေတ္တာရေစမ်း၊ ကိုယ်စီဖြန်း၊ အေးချမ်းကြပါစေ။
၅။ ခန္တီ၏ရန်၊ ဒေါသမာန်၊ တွန်းလှန်နိုင်ပါစေ။
၆။ ခန္တီနှလုံး၊ အစဉ်သုံး၊ ရွှင်ပြုံးကြပါစေ။
၇။ ဒို့မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ။ ။

‘‘မေတ္တာ မဉ္ဇူသကောလောကေ၊ သုဖုလ္လော၊ ဟောတု သဗ္ဗဒါ။
မေတ္တာ ပုပ္ဖါ သုခံတေန၊ သုခန္တု ၀ါသိတာ ပဇာ။’’
လောကေ...သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ်ကမ္ဘာအတွင်း၌၊ မေတ္တာမဉ္ဇူသကော... မေတ္တာတည်းဟူသော မဉ္ဇူသက နတ်ပန်းပင်ကြီးသည်၊ သဗ္ဗဒါ...နေ့နေ့ညညခပ်သိမ်းသော ကာလတိုင်းမှာ၊ သုဖုလ္လော... အခိုင်ခိုင်ကြိုင်လှိုင်စွာ ပွင့်သည်၊ ဟောတု... မုချမသွေ ဖြစ်ပါစေသတည်း။ မေတ္တာပုပ္ဖါသုခံတေန... မေတ္တာတည်းဟူသော မဉ္ဇူသကနတ်ပန်း၏ ရနံ့ဖြင့်၊ ၀ါသိတံ... ထုံအပ်မွှမ်းအပ်ကုန်သော၊ ပဇာ...လူရော နတ်ပါ သတ္တ၀ါတို့သည်၊ သဗ္ဗဒါ...နေ့နေ့ညည ခပ်သိမ်းသော ကာလတိုင်းမှာ၊ သုခန္တု... ကိုယ်စိတ်နှစ်ဖြာ၊ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်ဝ ချမ်းသာတော်မူ ကြပါစေကုန်သတည်း...။

အထက်ပါမေတ္တာပို့စာပိုဒ်လေးက ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီးရဲ့ တရားပွဲတိုင်းမှာ ဆရာတော်ကြီး အမြဲတမ်းရွတ်ဆိုနေကြ မေတ္တာပို့စာပိုဒ်လေးပါ... ဆရာတော်ကြီး၏ ကြည်လင်ပြတ်သားပြီး ကြည်ညိုဖွယ်ရာ ကောင်းလှတဲ့ အသံဖြင့် မေတ္တာပို့တာက ကြားရသူတိုင်းရဲ့ စိတ်မှာ အေးချမ်းသာယာ ရှိလှပါတယ်။

လေးတန်းကျောင်းသားဘ၀ အမှတ်တရ

မှတ်မှတ်ရရ စာရေးသူ ဆရာတော်ကြီးရဲ့တရားကို လေးတန်းကျောင်းသား ဘ၀လောက်မှာ စပြီးတော့ နာဖူးတာပါ။ အဲဒီတုန်းကတော့ ဒီစာပိုဒ်လေး မဟုတ်သေးပါဘူး။ အသံကလည်း ဒီအသံ မဟုတ်ပါဘူး ဆိုတာကိုတော့ ကောင်းကောင်းမှတ်မိပါတယ်။ ယခုအသံနဲ့ မေတ္တာပို့ စာပိုဒ်ကိုတော့ ကြားရပါများလို့ အလွတ်ပင်ရနေပါပြီ။ ဆရာတော်ကြီးကို အခုချိန်အထိ အပြင်မှာ အနီးကပ်ဖူးမြော်ခွင့် မကြုံခဲ့ရသေးပါဘူး။ သို့သော်လည်း ဆရာတော်ကြီးရဲ့ တရားဗွီစီဒီများမှာတော့ ဆရာတော်ကြီးကို ကောင်းစွာဖူးမြင်ရပါတယ်။

ဆရာတော်ကြီးရဲ့ အသံကိုကြားရတာ တကယ့်ကို စိတ်မှာ ငြိမ်းအေးမှုကို ခံစားရပါတယ်။ အခုနောက်ပိုင်းမှာ ဆရာတော်ကြီးရဲ့ တရားတော်များကို အမြဲနာကြားဖြစ်ပါတယ်။ ဆရာတော်ကြီး၏ ဘာသာရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှု့ရေးဆိုင်ရာ ကူညီထောက်ပံ့မှု့များ အကြောင်းကိုလည်း အမြဲတမ်း ကြားသိရပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ ဘုန်းကြီးတစ်ပါး ဖြစ်လင့်ကစား ဘာသာ သာသနာ အတွက်သာမက လူမျိုးရေး အတွက်တွေကိုပါ အားကြိုးမာန်တက် ထမ်းဆောင်နေတဲ့ ဆရာတော်ကြီးလို ရဟန်းတစ်ပါး မြန်မာပြည်မှာရှိတာ မြန်မာပြည်သူပြည်သားတွေအတွက် တကယ့်ကို အားထားရာ အရိပ်အာဝါသတစ်ခုပါပဲ။ အထူးသဖြင့် အလှူရှင် ဒါယိကာ၊ ဒါယိကာမတွေ စုပေါင်းပါဝင်တဲ့ သီတဂူ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှု့တွေကို ၀မ်းသာပိတီဖြစ်ရပါတယ်။ ဆရာတော်ဘုရားရဲ့ ဦးဆောင်မှု့အောက်မှာ အလှူရှင်များကလည်း အားတက်သရော ထည့်ဝင်လှူဒါန်းကြတာတွေကို တွေ့နေ မြင်နေ ကြားနေရတော့ မြန်မာပြည်သူ ပြည်သားတွေကိုယ်စား ပြောမပြတတ်လောက်အောင် ၀မ်းသာကြည်နူးမိပါတယ်။

ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေးဘဲ ကူညီမှု့ပေးတဲ့ ဆရာတော်နဲ့ သီတဂူအဖွဲ့သားများ အားလုံးကိုလည်း ကျေးဇူးအထူတင်ပါတယ်။

မေတ္တာ စေတနာ

ဆရာတော်ကြီး၏ နောက်ထပ်လုပ်ဆောင်ချက်တစ်ခုက ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် မြန်မာနိုင်ငံမှာ ဗုဒ္ဓတက္ကသိုလ်တွေ တည်ထောင်ပြီး သာသနာ့ အာဇာနည်တွေ မွေးထုတ်ပေးနေတာပါ။ မြန်မာပြည်မှာသာမက နိုင်ငံရပ်ခြားမှာပါ ဗုဒ္ဓစာပေတွေ ဆက်လက်သင်ယူနိုင်အောင် တပည့်တွေကို အကုန်အကျခံပြီးတော့ ကျောင်းထားပေးနေတာကလည်း ဆရာတော်ကြီးရဲ့ မွန်မြတ်လှတဲ့ မေတ္တာ စေတနာတွေပါပဲ။

သူကိုယ်တိုင် တတ်သိနားလည်သလို တပည့်ရဟန်းတွေကိုလည်း သူ့လိုသာမက သူ့ထက်သာအောင် တော်အောင်တတ်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျောင်းထားပေးတာတွေက ဆရာကောင်း တစ်ယောက်ရဲ့ ဂုဏ်ပုဒ်တွေကို ပိုပြီး ထင်ရှားစေပါတယ်။ အမျိုးသာသာ သာသနာအတွက် ကိုယ်ကျိုးမငဲ့ဘဲ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ဆရာတော်ကြီးကို အထူးပင်လေးစားမိပါတယ်။

မြန်မာပြည်ရဲ့လမင်းကြီးတစ်စင်း

လူသားတွေရဲ့ ဘ၀သံမှလွတ်ကြောင်း တရားမျက်စိ (ဓမ္မစက္ခု)ကိုသာမက ပစ္စုပ္ပန်လက်တွေ့ဘ၀မှာ ခံစားနေရတဲ့ မျက်စိ (ပကတိစက္ခု) ဝေဒနာသည်တွေအတွက် မျက်စိဆေးရုံများ ဖွင့်လှစ်ပြီး ကုသိုလ်ပြုနေတာကလည်း ဆရာတော်ဘုရားရဲ့ ကြီးမားလှတဲ့ မေတ္တာ စေတနာတွေကို ဖော်ထုတ်ပြသနေပါတယ်။

နောက်ပြီး လောကီနယ်ပယ်မှာ ကံအကျိုးပေးအမျိုးမျိုးကြောင့် ဒုက္ခရောက် အကျဉ်းကျခံနေကြရတဲ့ ထောင်သားတွေ အကျဉ်းသားတွေ သေဒဏ်ပေးခံထားသူတွေ စတဲ့လူသားများကိုလည်း ဆရာတော်ကြီး ဦးဆောင်ပြီး ကျွေးမွေးလှူဒါန်းမှု ပြုလုပ်တာလည်း သာမာန်လူတွေ လုပ်နိုင်ခဲလှတဲ့ လုပ်ရပ်တွေကို ဆရာတော်ကြီးက လုပ်ဆောင်ပြသပေးနေတာကို မြင်ရတော့ ၀မ်းသာစိတ်နဲ့အတူ မျက်ရည်ပင် ကျမိပါတယ်။

လောကမှာ ထောင်ဆိုတဲ့နေရာကို လူတိုင်းလူတိုင်း မသွားချင်ကြပါဘူး။ ထောင်ကထွက်လာတဲ့သူနဲ့ စကားတောင် မပြောချင်ကြတာလည်း ရှိကြပါတယ်။ တကယ်တော့ သူတို့တွေလည်း လောက လူသားတွေပါ။ မပစ်ပယ်သင့်ပါဘူး။ အဲ့ဒီလို လောကမှာ မှားနေတဲ့အမှားတွေကို ဆရာတော်ကြီးက ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီးတော့ မှန်ကန်လာအောင် လမ်းညွှန်ပြသနေတာတွေက ဂုဏ်ယူလေးစား ထိုက်တဲ့ မေတ္တာ စေတနာတွေပါ။ မြန်မာပြည်တ၀ှမ်းမှာ တရားဓမ္မကိုသာမက အသိဥာဏ်ပညာ ဗဟုသုတတွေကိုပါ ပေးကမ်းပြီး မြန်မာပြည်သူပြည်သားတွေအတွက် ဘယ်တော့မှ မမှေးမှိန်တဲ့ အေးမြတဲ့ အလင်းရောင်တွေကို ပေးနေသော မြန်မာပြည်ရဲ့ လမင်းကြီးတစ်စင်း ဆိုလျှင်ပိုပြီးမှန်ကန်ပါလိမ့်မည်။

ကမ္ဘာ့သာသနာပြု

တဖက်က အဲ့ဒီလို လူမှု့ရေးရာတွေကို ဆောင်ရွက်နေရင်း တဖက်ကလည်း ဗုဒ္ဓသာသနာကို ကမ္ဘာကသိအောင် အဝေးမှာ ရောက်နေတဲ့ မြန်မာပြည်သားတွေ ဘာသာတရားကို လေးစားတန်ဖိုးထားတတ်အောင် ကမ္ဘာလှည့်ပြီး သာသနာပြုတာဝန်တွေကိုလည်း မနားမနေ ထမ်းဆောင်နေပါသေးတယ်။ ဗုဒ္ဓဘာသာကို စိတ်ဝင်စားတဲ့ အနောက်နိုင်ငံသားတွေကိုလည်း ဗုဒ္ဓစာပေတွေ သင်ကြားပို့ချပေးတာကိုလည်း တွေ့ရပါတယ်။

ဒါတင်မက နိုင်ငံရပ်ခြားမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တတ်အားသရွေ့ ကူညီပေးပါတယ်။ သီရိလင်္ကာနိုင်ငံရောက် ဒုက္ခရောက်နေတဲ့ မြန်မာကိုရင်လေးများနဲ့ သီလရှင်လေးများကို ဆရာတော်ဦးဆောင်တဲ့ သီတဂူအဖွဲ့က မြန်မာပြည်ကို ပြန်ပြီးတော့ ရောက်အောင် ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။

မွေးနေ့ဆုတောင်း

ယခုလို သာသနာတော်အတွက်သာမက လူသားအားလုံး အကျိုးပြုလုပ်ငန်းတွေကို ဦးဆောင်ပြီး လုပ်ဆောင်ရင်း တရားရေအေးအမြိုက်ဆေးတွေ တိုက်ကျွေးနေတဲ့ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၃၇၂ ခုနှစ် တပေါင်းလပြည့်(၁၉.၃.၂၀၁၁)ဆိုရင် သက်တော်(၇၄)နှစ် ပြည့်ပြီဖြစ်ပါတယ်။

ထို့ကြောင့် ယခု ဆရာတော်ဘုရားကြီး၏ သက်တော်(၇၄)နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အမျိုးသာသာ သာသနာအတွက် သာသနာပြုလုပ်ငန်းများကို ကျန်းမာချမ်းသာစွာနဲ့ ဆထက်တပိုး သယ်ပိုးဆောင်ရွက်ရင်း မြန်မာပြည်သူပြည်သားတွေကို သာမက ကမ္ဘာသူကမ္ဘာသားတွေ အားလုံးအပေါ်မှာ အေးမြတဲ့ဓမ္မလရောင်တွေကို ဆက်လက်ပြီးပေးစွမ်းနိုင်ပါစေလို့ မွေးနေ့ဆုမွန်ကောင်းတောင်းရင်း ဒီစာမူလေးနဲ့ ပူဇော်ကန်တော့လိုက်ပါတယ်။

ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ဟောကြားတော်မူတဲ့ တရားတော်များကိုလည်း နားကြားမှတ်သားရင်း ဆရာတော်ကြီးကို အမြဲတမ်းဖူးတွေ့နေရတဲ့အတွက် ၀မ်းသာပီတိတွေဖြစ်ရပါတယ်။ လူကိုယ်တိုင် အနီးကပ် ဖူးမြော်ခွင့်ရဖို့လည်း မျှော်လင့်နေပါတယ်။

ကျေးဇူးရှင် သီတဂူဆရာတော်ဘုရားကြီး ကျန်းမာချမ်းသာပါစေ...။

အမေ့သားလတ်(စကားဝါမြေ)
ခေတ္တ ရုရှားနိုင်ငံ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၃-၂၀၁၁
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP