* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 5, 2011

သြကာသ နှင့် ဆုတောင်းအဖွင့်

သကာသ၊ သြကာသ၊ သြကာသ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ်၊
နှစ်ကြိမ်၊
သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ဤရတနာမြတ်သုံးပါးတို့ကို
(နှင့်ဆရာသမားတို့ကို) အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော်
ဖူးမြှော်မှန်းလျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

အောက်ပါဆုတောင်းသည်ဆုပေးမည့်
ဆရာတော် သို့မဟုတ် မိဘဆရာသမား
များကို ရှိခိုးပါက ရွတ်ဆိုရန် မလိုပေ။ မိမိဘာသာ ရှိခိုးမှသာလျှင်
ဆုတောင်းရန် ဖြစ်ပေသည်။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊
ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပ္ပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား
ဗိုလ်တရား
နိဗ္ဗာန်တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား။



ထိုဆုတောင်းများထဲမှ အပါယ်(၄)ပါး ဆိုသည်မှာ

၁။ ငရဲ

၂။ တိရစ္ဆာန်

၃။ ပြိတ္တာ

၎။ အသူရကာယ်

ထို့တွင် ပြိတ္တာဘုံနှင့်အသူရကာယ်ဘုံသည် သေချာအောင်
နားမလည်သူများ ရှိပေလိမ့်မည်။ တကယ်တော့ ပြိတ္တာဘုံသည် အစားရေစာ
ငတ်မွတ်ပြီး အိမ်ကြား၊ မြောင်းကြား၊ တော တောင်ကြားများတွင် လိုက်လံရှာဖွေ
စားသောက်ကြရသော
သတ္တ၀ါများ ဖြစ်ပေသည်။ တစ်ချို့သောလူများသည် မြို့ရွာများတွင်
လိုက်လံရှာဖွေ စားသောက်နေသော
ပြိတ္တာများကို မိမိ၏ ဘုန်းကံနည်းပါးနေချိန်တွင် တွေ့မြင်သောအခါ ထိုပြိတ္တာများ၏
ရုပ်ဆင်းသဏ္ဍာန်ကိုမြင်ရပြီး ကြောက်လန့်ကာ ပြိတ္တာဘုံသားများကို တစ္တေ၊ သရဲဟု
ခေါ်ဆိုကြပေသည်။
ပြိတ္တာဘုံသားများတွင် တစ်ချို့ဘုံကံရှိသော သတ္တ၀ါများသည် နေ့၌ နတ်တို့ကဲ့သို့
ခံစားရ၍ ည၌ ဆင်းရဲဒုက္ခများကို ခံစားရသော ပြိတ္တာများလည်း ရှိပေသည်။

အသူရကာယ်ဘုံသည် ပြိတ္တာဘုံနှင့် ခပ်ဆင်ဆင် ရှိပေသည်။
ထို့ကြောင့် အသူရကယ်များကို ပြိတ္တာအကြီးစားဟု ခေါ်ဝေါ်ကြသည်။ တကယ်တော့
အသူရကယ်သည် ပြိတ္တာများကဲ့သို့ လူတို့နဲ့ နီးစပ်ရာများ၌ မနေဘဲ
မြစ်ချောင်းကမ်းပါးတို့၌
နေတတ်ကြသည်။ သို့သော် သူတို့သည် မြစ်ကမ်းများ၌နေသော်လည်း ရေသောက်ချင်၍
ရေသောက်မည်ဆိုလျှင် သူတို့၏ အကုသိုလ်ကံကြောင့် ရေများခန်းခြောက်ကာ
သဲသောင်းများကိုသာ တွေ့ရှိရပြီး ရေကိုမသောက်ရပေ။ ဤမျှလောက် ဆင်းရဲကြပေသည်။

တစ်ချို့ ပြိတ္တာဘုံသားများနှင့် အသူရကာယ်ဘုံသားများသည်
ဘုရားတစ်ဆူနှင့် တစ်ဆူကြားထိ မကျွတ်လွတ်ဘဲ ဒုက္ခခံကြရသည်။ အဆိုးဆုံး
သက်တမ်းရှည်ပြီး ဒုက္ခအများဆုံး ခံရသည့်သတ္တ၀ါများကား ငရဲသားများပင်
ဖြစ်ပေသည်။
ငရဲသားများသည် ငရဲ(၈)ထပ်တွင် သူတို့အကုသိုလ်ကံအလျောက် သက်တမ်းနှင့်
ဆင်းရဲဒုက္ခများကို
လှလှကြီး ခံကြရပေသည်။

ကပ်(၃)ပါးဆိုသည်မှာ

၁။ သတ္ထန္တရကပ်- ဒုတ်၊ ဓါး၊ လက်နက်များဖြင့် ပျက်စီးသေကြရသောကပ်။

၂။ ရောဂန္တရကပ်- ပလိပ်ရောဂါစသော ခေတ်၌ဖြစ်လေ့ရှိသော ရောဂါများ
မြို့ရွာတိုင်းပြည် များ၌ ပျံ့နှံ့ကာ ပျက်စီးသေကြရသောကပ်။

၃။ ဒုဗ္ဘိက္ခ န္တရကပ်- မြို့ရွာတိုင်းပြည်တို့၌ အစားရေစာ ငတ်မွတ်ပြီး
သေကြရသော ကပ်တို့ ပင် ဖြစ်ပေသည်။

ရပ်ပြစ်ရှစ်ပါးဆိုသည်မှာ

၁။ ငရဲ

၂။ တိရစ္ဆာန်

၃။ ပြိတ္တာ၊ (အသူရကာယ်ဘုံကို ပြိတ္တာဘုံ၌ သွင်းယူထားခြင်း ဖြစ်ပေသည်။

၎။ သက်တမ်းရှည်သော အသညသတ်ဗြဟ္မာနှင့် အရူပဗြဟ္မာများ၊ အသညသတ်ဗြဟ္မာ သည်
ရုပ်ခန္ဓာသာရှိ၍ စိတ်မရှိသောကြောင့် တရားမရနိုင်ပေ။ အရူပဗြဟ္မာများသည်
စိတ်သာရှိ၍
ရုပ်ခန္ဓာမရှိသောကြောင့် တရားနာခွင့် မရှိပေ။ ထို့ကြောင့် သက်တမ်းရှည်ပြီး
တရားနာခွင့်မရှိသော
ဗြဟ္မာနှစ်မျိုးတွင် မဖြစ်ရအောင် ဆုတောင်းခြင်း ဖြစ်သည်။

၅။ ဘုရားရှင်နှင့်ရဟန်းတော်များ မရောက်နိုင်သော ပစ္စ န္တရာဇ်ကျသော အရပ်ဒေသ။

၆။ သာသနာရှိနေချိန်တွင် တရားနာခွင့်ရှိပါသော်လည်း မိစ္ဆာအယူမှားနေသူများ။

၇။ သာသနာရှိနေပြီး ကောင်းသောအယူရှိပါသော်လည်း ဉာဏ်ပညာနည်းသူများ။

၈။ အသိဉာဏ်ပညာလည်းရှိ၊ ကောင်းသောအယူရှိသော်လည်း သာသာနာမရှိသော အချိန်၌
လူဖြစ်ရသူများ။

အထက်ပါအပြစ်ရှိသော နေရပ်ဒေသများသို့ ရောက်ရှိနေလျှင် မဂ်ဗိုလ်
ကုသိုလ်ကံတရားများ အားမထုတ်နိုင်၍ မဂ်ဗိုလ်တရားများ မရရှိနိုင်သောကြောင့်
ထိုအရပ်များသို့မရောက်အောင် ဆုတောင်းရခြင်း ဖြစ်ပေသည်။

ရန်သူမျိုးငါးပါးဆိုသည်မှာ

၁။ ရေဘေး

၂။ မီးဘေး

၃။ ခိုးသူဓါးမြဘေး

၎။ အမွေးခံ သားဆိုးသမီးဆိုး

၅။ မင်းဆိုး

တစ်ချို့က မိမိမုန်းသောသူကို ရန်သူဟု ထင်မှတ်ကာ
ရန်သူမျိုးငါးပါး၌ ထည့်သွင်းတက်ကြပေသည်။ မိမိကမုန်းရုံဖြင့်
ရန်သူမဖြစ်နိုင်ပါ။ မိဘကို မကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်းထားသော
ပစ္စည်းများကို
အလကားဖြုန်းတက်သော သားသမီး များသည်သာ မိမိ၏ ပစ္စည်းများကို အလဟဿပြုန်းတီးအောင်
ပြုလုပ်သောကြောင့် ရန်သူမျိုးငါးပါး၌ ထည့်သွင်းရခြင်း ဖြစ်ပေသည်။

ဝိပ္ပတ္တိတရားလေးပါးဆိုသည်မှာ

၁။ မင်းဆိုးများ အုပ်စိုးနေခြင်း

၂။ အပါယ်လေးဘုံ၌ ဖြစ်နေရခြင်း

၃။ ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း

၎။ ကိုယ်နှုတ်စိတ်သုံးပါးလုံး၌ ပြုသင့်သည်ကို မပြုဘဲ မပြုသင့်သည်ကို
ပြုမှုပြောဆို ကြံစည်တတ်ခြင်း။

ဗျသနတရားငါးပါးဆိုသည်မှာ

၁။ ဆွေမျိုးများ ပျက်စီးခြင်း။

၂။ စည်းစိမ်ဥစ္စာပျက်စီးခြင်း။

၃။ အနာရောဂါများ နှိပ်စက်၍ပျက်စီးခြင်း။

၎။ မိစ္ဆာအယူရှိခြင်း။

၅။ သီလပျက်စီးခြင်း။

အထက်ဖော်ပြပါ အချက်များသည် ထေရ၀ါဒဗုဒ္ဓဘာသာ လူမျိုးများ
တကယ်သိထားသင့်သည် အချက်များဖြစ်ပေသည်။ တစ်ချို့သောသူများသည်
နေ့စဉ်ဘုရားရှိခိုးခြင်း ဆုတောင်းခြင်းများ
ပြုလုပ်နေသော်လည်း အထက်ပါအချက်များကို တိတိကျကျ သိမထားကြသည်က များပေသည်။

ထို့ကြောင့် စာရေးသူသည် သိသင့်သိထိုက်သည်ဟု ယူဆရသည့် အထက်ပါ
အချက်များကို တင်ပြလိုက်ရခြင်း ဖြစ်ပေသည်။
Prev: တကယ့်အစစ်အမှန်ချမ်းသာသည် (၄)မျို

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP