* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 14, 2011

လပြည့် လကွယ် ရှစ်ရက်နေ့တို့ကို ဥပုသ်နေ့ဟု ဘုရားရှင် သတ်မှတ်ဟောကြားခဲ့သလော

လပြည့် လကွယ် ရှစ်ရက်နေ့တို့ကို ဥပုသ်နေ့ဟု ဘုရားရှင် သတ်မှတ်ဟောကြားခဲ့သလော

ဒကာ။ ။ လူများဥပုသ်စောင့်ကြတဲ့အခါ လပြည့် လကွယ် ရှစ်ရက် အဲဒီသုံးရက်ကိုသာ ဥပုသ်နေ့ဖြစ်သည် ဥပုသ်စောင့်ရမည်ဟုမှတ်ယူကာ ကျောင်းကန်ဘုရားသို့ ဥပုသ်စောင့်သွားကြတာဟာ မြတ်စွာဘုရားသခင်က ဒီသုံးရက်ကို ဥပုသ်နေ့ဖြစ်သည် ဥပုသ်စောင့်ရမည်ဟု သတ်မှတ်ဟောကြားထားခဲ့လို့လား ဆရာတော်။
ဆရာ။ ။ လူများ ဥပုသ်စောင့်သုံးရန်အတွက် ရက်ကို သတ်မှတ်ပြီး ဘယ်နေ့ဘယ်ရက်များဟာ ဥပုသ်နေ့ဖြစ်သည်၊ ထိုနေ့ ထိုရက်တို့၌ ဥပုသ်သီတင်း သီလ စောင့်သုံးကြရမည်ဟု ဟောကြားတော်မူတာ ပိဋကတ်တော်မှာ မပါ မရှိပါဘူး၊ ကိုယ်က သီတင်းသီလစောင့်သုံးချင်လို့ ဥပုသ်စောင့်တဲ့နေ့ဟာ ကိုယ့်အတွက် ဥပုသ်နေ့ ဖြစ်တာပါပဲ၊ လပြည့် လကွယ် ရှစ်ရက် သီတင်းမှသာ ဥပုသ်နေ့ဖြစ်သည် ဥပုသ်စောင့်ကောင်းသည်ဟု နေ့ရက်သတ်မှတ်ချက်နဲ့ ဘုရား မဟောကြားပါဘူး။
ဒကာ။ ။ အနို့….ဆရာတော်အချို့က လပြည့် လကွယ် ရှစ်ရက် သီတင်း ဥပုသ်နေ့၌ နတ်မင်းကြီးများက ဥပုသ်စောင့်သူစာရင်း လိုက်ယူမှတ်သားကြတယ်၊ တလမှာ အဲဒီ ဥပုသ်နေ့ လေးရက် လေးသီတင်းလောက်တော့ ဥပုသ်စောင့်ကြရမည်ဟု ဘုရားမြတ် ဟောကြားတော်မူကြောင်းနဲ့ ဟောပြောဆုံးမ ပေးနေကြတာဟာ ပိဋကတ်တော်မှာ မပါတဲ့ တရားစကားတွေလား ဆရာတော်။
ဆရာ။ ။ အင်း…မြတ်ဘုရားရှင်က လပြည့် လကွယ် ရှစ်ရက် တို့ဟာ လူများ သီတင်းသီလစောင့်သုံးရမည့် ဥပုသ်နေ့လို ဟောကြားကြောင်း ပိဋကတ်တော်မှာ မပါ လို့ မဟုတ်ပါဘူး၊ ပါ ပါတယ်၊ ဒါပေမဲ့ အဲဒီ ပါတဲ့ စကားရပ် ပေါ်ထွက်လာရင်းအကြောင်း အမှန်ကတော့….ရှေးသရောအခါက နတ်တို့၏ဘုရင်ဖြစ်သော သိကြားမင်းသည် “စတုမဟာရာဇ်နတ်မင်းကြီးများ ဖြစ်ကြကုန်သော ဓတရဋ္ဌ, ၀ိရူဠက, ၀ိရူပက္ခ, ကုဝေရ ခေါ်သော ဝေဿ၀ဏ် နတ်မင်းကြီး လေးယောက်တို့က လူ့ပြည်သို့ လှည့်လည်၍ ဥပုသ်သီတင်းစောင့်သုံးခြင်းရှိကြကုန်သော သူတော်ကောင်းတို့၏ စာရင်းကိုကောက်ယူ ရေးမှတ်ကြကာ သိကြားမင်းအား တင်ဆက်လျှောက်ထားကြတာကို ” ခံယူလျက် သိကြားမင်းက တဆင့် တာဝတိံသာ နတ်တို့အား ဟောကြားပုံက
“အို…နတ်အပေါင်းတို့ လူ့ရွာလောက၌ လူအများသည် စာတုဒ္ဒသီ-တဆယ့်လေးရက်(ရက်မစုံ) ဥပုသ်နေ့၊ ပန္နရသီ- တဆယ့်ငါးရက် လပြည့် လကွယ် အဋ္ဌမီ-ရှစ်ရက်သီတင်းနဲ့ ပါဋိဟာရိယ ခေါ်သော လူတို့စောင့်သုံးလိုသည့်နေ့တို့၌ ဥပုသ်သီတင်းစောင့်သုံးခြင်းပြုကြကုန်၏” ဟု သိကြားမင်းက နတ်တို့အား ပြောကြားတဲ့အကြောင်း စကားရပ်ကို မြတ်စွာဘုရားကတဆင့်အားဖြင့် လူတို့အား ဟောကြားထားခြင်းသာ ဖြစ်တာပါတဲ့။
ကဲ…အဲဒါတွေဟာ ပိဋကတ်တော်မှာပါတဲ့ ဘုရားဟောစကားတွေပါပဲ၊ အဲဒီစကားရပ်တွေထဲမှာ ဆန်းစစ်ကြည့်လိုက်ရင် ဥပုသ်နေ့ရက်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားသခင်က လပြည့် လကွယ် ရှစ်ရက်နေ့တို့ဟာ ဥပုသ်နေ့ဖြစ်တယ် ဥပုသ်စောင့်ကြရမယ်၊ အဲဒီနေ့ရက်များမှာ စောင့်တဲ့သူမှသာ ဥပုသ်ရမယ် ဆိုတဲ့ သတ်မှတ်ဟောကြားချက် စကားတခွန်း တပါဒမှ မပါပါဘူး၊ ကိုယ်စောင့်သုံးနိုင်သလောက် ကောင်းကျိုးချမ်းသာရမှာချည်းပဲ ဖြစ်တယ်၊ စောင့်ချင်တဲ့နေ့မှာ စောင့်နိုင်တယ်၊ ဒါပဲ။
အမှန်ကတော့ ခုဖော်ပြခဲ့တဲ့ ဥပုသ်နေ့ အမည်အမျိုးမျိုးတွေဟာ ရှေးရှေး ပေါရာဏ သူဟောင်း လူဟောင်း သူတော်ကောင်းတို့က သူတို့ စောင့်သုံးလိုတဲ့နေ့မှာ ဥပုသ်သီတင်းစောင့်သုံးကြပြီးတော့ စတုဒ္ဒသီ ဥပုသ်နေ့၊ ပန္နရသီဥပုသ်နေ့၊ အဋ္ဌမီဥပုသ်နေ့ ပါဋိဟာရိယ ဥပုသ်နေ့ စတဲ့ သူတို့သတ်မှတ် ခေါ်ဝေါ်ခဲ့ကြတဲ့ ဥပုသ်နေ့ အမည် အမျိုးမျိုးတွေကို အစွဲပြုကာ မြတ်ဘုရားကတဆင့် ဟောကြားထုတ်ဖော်ခြင်းမျှသာ ဖြစ်တယ် လို့ မှတ်ကြရမှာပါ၊ ဤနေ့ ဤရက်များမှသာ စောင့်သုံးရမည်၊ အခြားနေ့များ၌ မစောင့်ရ ဟု မြတ်ဘုရားက နေ့ရက်ကို မသတ်မှတ် မဟောကြား မဆုံးမခဲ့ဘူး ဆိုတာ မြဲစွာမှတ်ကြပေတော့။
ဒကာ။ ။ မှန်ပါ့၊ ဥပုသ်နေ့ဆိုတာ ကိုယ်သီတင်းသီလ စောင့်သုံးတဲ့နေ့ကို ခေါ်ဆိုကြောင်း လူအများအတွက် ဥပုသ်နေ့ရယ်လို့ သီးခြားသတ်မှတ်ချက်များ မရှိကြောင်း၊ မိမိအလိုရှိနေတဲ့ရက်တို့၌ အလိုရှိသလောက် စောင့်သုံးနိုင်ကြောင်းဆိုတဲ့ အထောက်အထားသာဓကများရှိရင် တပည့်တော်တို့ မှတ်သားပါရစေ ဆရာတော်၊ ကျမ်းဂန်များ ညွှန်ပြပေးပါဘုရား။
ဆရာ။ ။ အင်း…သုတ်မဟာဝါ မဟာသုဒဿနသုတ် အဖွင့်ဋီကာဆရာကြီးက
ဥပေါသထံ ၀ုစ္စတိ အဋ္ဌင်္ဂသမန္နာဂတံ
သဗ္ဗဒိဝသေသု ဂဟဋ္ဌေဟိ ရက္ခိတဗ္ဗသီလံ။
“ဥပုသ်ဆိုတာ ဘယ်နေ့မှာမဆို ကိုယ်စောင့်လိုသောနေ့တို့၌ လူတို့သည် စောင့်သုံးဆောက်တည်နိုင်သော အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံတဲ့ သီလကိုဆို၏” ဟုမိန့်ဆိုဆုံးဖြတ်တော်မူထားတယ်၊ အဲဒါဟာ ကျမ်းဂန်စကားပဲ၊ နောက် ဘာသိချင် သေးသလဲ။
ဒကာ။ ။ ကိုယ်စောင့်လိုတဲ့နေ့ဟာ ဥပုသ်နေ့ဖြစ်ကြောင်း အခိုင်အမာသိရလို့ ၀မ်းသာနေပါတယ် ဆရာတော်၊ ဖြေကြားတဲ့ ပါဠိစကားထဲမှာ အဋ္ဌင်္ဂ-ရှစ်ပါးသီလတင်ပါနေတော့ကာ၊ န၀င်္ဂ, ဒသင်္ဂ၊ ကိုးပါးသီလတို့ ဆယ်ပါးသီလတို့ကိုတော့ မစောင့်သုံးကောင်းဘူးလား ဘုရား၊ မိန့်ကြားပါဦး။
ဆရာ။ ။ ဟာ….ကုသိုလ်တရားဆိုတာများလေ ကောင်းလေပေါ့၊ ကိုးပါးသီလ, ဆယ်ပါးသီလ တင်မကပဲ ၂၂၇ ပါးသော ရဟန်းတော်များ သီလတွေကိုလည်း စောင့်ထိန်းချင်ရင် ရဟန်းပြုနိုင်တာပဲ။
ဒကာ။ ။ ဒီလိုသိရတာ ဒကာကြီးတို့အတွက် အမြတ်တွေထွက်လို့၊ ၀မ်းသာလိုက်တာဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP