* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, December 20, 2010

လင်္ကာမြေမှာတစ်နှစ်တာ (အပိုင်း ၂)

Sunday, 19 December 2010 19:34

မလိခအမြန်ရေယာဉ်သည် ရမ်းဗြဲဆိပ်ကမ်းမှ ဖြည်းညင်းစွာခွါ၏။ ကမ်းပေါ်မှ ဒကာ/ဒကာမများကား လက်ကလေး တပြပြဖြင့် ငေးမျှော်၍ကျန်ခဲ့ကြရှာ၏။ (ချစ်ခင်သောသူတို့နှင့်လည်းကောင်း မုန်းသူတို့နှင့်လည်းကောင်း ရှင်ကွဲ သေကွဲ ကွဲကြရသည်မှာ လောကဓမ္မတာပေတည်း။) တန်းချောင်းနံဘေးရှိ ရွှေသင်္ကန်းရောင် ပြောင်လဲ့လဲ့ဖြင့် တင့်တယ်သပ္ပါယ်လှသော ကျွန်းဦးရှင်ပင် စေတီတော်ကို ရေယာဉ်ထဲမှပင် လက်အုပ်ချီကန်တော့လိုက်၏။

တန်းချောင်းတစ်လျှောက် တံငါလှေကလေးများကို ရှောင်ကွင်းကာ ဖြေးညှင်းစွာပြေးလွှားလာခဲ့ရသောအမြန်ယာဉ် သည် မြစ်ပြင်ကိုရောက်သည်နှင့် စက်ကုန်ဖွင့်တော့၏။ နေမွန်းလွဲပြီးခါစ ဒီရေအကျနှင့် တစ်ဘက်မှတိုက်ခတ် လာသော တောင်ပြန်လေ ပြေလျလျကြောင့် မြစ်ပြင်ပြာပြာကြီးသည် ငိုက်မျဉ်းနေသည့် ကလေးငယ်ပမာ အိပက် အိပက် ရှိနေရှာလေသည်။

မြစ်ပြင်ပြာပြာ၏ ပူဗျာကင်းသောအပြုအမူသည် ရှုမြင်ရသူတို့၏စိတ်နှလုံးကို သိမ်းကျုံးဆွဲညှို့ယူနေသကဲ့သို့ရှိ၏။ ခရီးသည်အားလုံးတို့သည် မြစ်ပြင်ဆီသို့ငေးမျှော်ရင်း စိတ်စက်ကွင်းမိလေသမျှ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလ သုံးရပ်လုံးဆီသို့ ကိုယ်စီကိုယ်စီ အတွေးနယ်ချဲ့နေကြလေသည်။

စာရေးသူသည်လည်း ထိုနည်းနှင်နှင် မြစ်ပြင်ကြီးကိုငေးမောရင်း ဓမ္မာစရိယတစ်ပိုင်းတစ်စနှင့် (၆)နှစ်တိုင်တိုင် ကျောင်းထိုင်ခဲ့ရသော အဖြစ်အပျက်များကိုလည်းကောင်း၊ စင်္ကာပူနိုင်ငံ ဇယမင်္ဂလာဗုဒ္ဓဝိဟာရ၊ ကလမတီကျောင်း ဆရာတော် ဒေါက်တာအရှင်ဝိစိတ္တ၏ ကူညီထူမမှုကြောင့် သီရိလင်္ကာသို့ ပညာသင်ထွက်လာခဲ့ရသော အဖြစ်များ ကိုလည်းကောင်း၊ ရှေးရှေးက မဆုံခဲ့ကြဖူးသော်လည်း တစ်ကြိမ်တစ်ခါ ကြုံကြရရုံမျှဖြင့် မိမိ၏ပညာရေးအတွက် စိတ်မပျက်အားမငယ်စေရလောက်အောင် ထောက်ပံ့ပေးလှူခြင်းပြုကြရှာပေသော ဒကာ/ဒကာမများအကြောင်း ကိုလည်းကောင်း သောင်းပြောင်းထွေလာ စဉ်းစားကာပါလာခဲ့လေသည်။

ကလိန်တောင်မြစ်ကိုဖြတ်၍ တောင်ကုတ်ဘက်ကမ်းသို့အရောက်တွင် လည်ပြန်တစ်ချက်ငေးမိ၏။ ရမ္မာတီ- ဟူ၍လည်းကောင်း၊ ဝမ်းဘဲကျွန်း၊ ရမ်းပြည့်ကျွန်း၊ ရန်ပြေကျွန်း၊ ရမ်းဗြဲကျွန်းဟူ၍လည်းကောင်း ခေတ်အဆက်ဆက် အမည်အမျိုးမျိုးဖြင့်ထင်ရှားခဲ့သော ဇာတိဌာနေ ရမ္မာမြေသည် ဣနြေ္ဒကြီးတခွဲသားနှင့် နေရစ်သယောင်ရှိတော့၏။

တောင်ကုတ်မြို့ဆိပ်ကမ်းသို့ ညနေ(၅)နာရီခန့်တွင် ဆိုက်ရောက်၏။ အသင့်လာကြိုနှင့်သော ကိုဝင်းထွန်းသိန်းတို့ အိမ်တွင် တစ်ညတာတည်းခိုရ၏။ နောက်တစ်နေ့ညနေ (၄)နာရီခန့်တွင် "အောင်သစ္စာ" အမြန်ယာဉ်ဖြင့် တောပန်း ရနံ့၊ သင်းပျံ့မွှေးကြိုင်၊ သတင်းလှိုင်သည့် ရခိုင်ရိုးမတောင်တန်းကြီးကို ဖြတ်သန်းကာ နောက်နေ့နံနက် (၅)နာရီ ခန့်တွင် ရန်ကုန်မြို့ကိုရောက်လေသည်။ ကျောင်းမထိုင်မီ (၂)နှစ်ခန့်စာချနေခဲ့ဖူးသော တောင်ဥက္ကလာပမြို့နယ်၊ ဟင်္သာလမ်း၊ သိပ္ပါလယပရိယတ္တိ စာသင်တိုက်၏ တိုက်အုပ်ဆရာတော် ဦးဣန္ဒောဘာသကား သူငယ်ချင်းဖြစ်သူကို ထုံးစံအတိုင်း အပြုံးဗရဗွဖြင့် ဆီးကြိုလေသည်။

အရှင်ပညာဝုဓနှင့်အမှတ်တရ

ဒကာမကြီး ဒေါ်ဥမ္မာလွင်တို့မိသားစု ကောင်းမှုဖြင့် ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြှော်ခြင်း၊ ဥပဇ္ဈာယ်ဖြစ် တော်မူသော တိုးကြောင်ကလေးရွာမကျောင်း ဆရာတော်ဘုရားကြီးအား သွားရောက်ကန်တော့ခြင်း၊ မိဘနှစ်ပါး တို့နေထိုင်ရာ လှိုင်သာယာမြို့နယ်သို့ ခေါက်တုန့်ခေါက်ပြန်သွားရောက်ခြင်း၊ ရဟန်းဒကာမကြီးထံသွားရောက်ခြင်း၊ လေယာဉ်လက်မှတ်ဖြတ်ခြင်းစသော ပြုသင့်ပြုထိုက်သည်များကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ခဲ့ပါသည်။ မိတ်ဆွေကြီး ကိုတိုးကလည်း သွားလိုသမျှ မငြီးမငြူ လိုက်ပို့ရှာပါသည်။

မိဘနှစ်ပါးနှင့်အမှတ်တရ (ရန်ကုန်လေဆိပ်)

ဤသို့ဖြင့် 15-1-2010 နေ့နံနက်တွင် မိဘနှစ်ပါး၊ ဒကာမကြီးဒေါ်ဥမ္မာလွင်၊ ကိုတိုး၊ ကိုညီငယ်တို့ဇနီးမောင်နှံ၊ ညီမဝမ်းကွဲဖြစ်သူ မအေးစုခိုင်တို့ လေဆိပ်ကိုလိုက်ပို့ကြပါသည်။ ကံကောင်းပါသည်၊ မိမိတစ်ပါးတည်း ငူတူတူကြီး ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အခြားဦးဇင်းနှစ်ပါးပါ လေယာဉ်တစ်စီးတည်းဖြင့် သီရိလင်္ကာသို့ကြွမည် ဖြစ်ကြောင်းသိလိုက်ရပါသည်။ (ထို ဦးဇဝနနှင့် ဦးဝါယမတို့ကား သီရိလင်္ကာသို့မရောက်မီကပင် ခင်မင်ခွင့်ရခဲ့သော မိတ်ဆွေကြီးများဖြစ်ကြပေတော့၏။) သူတို့နှစ်ပါးနှင့် မိတ်ဆွေဖွဲ့ရင်း၊ လိုက်ပို့ကြသူ ကျေးဇူးရှင်များကိုနှုတ်ဆက် လက်ပြရင်း လေယာဉ်ခရီးစဉ် စတင်ခဲ့လေသည်။

အံ့သြစရာပြောရပါဦးမည်။ လေယာဉ်ပေါ်တွင် မိမိတို့သုံးပါးအပြင် အခြားဆရာတော်နှစ်ပါးလည်းပါလာကြသည်ကို လေယာဉ်ပေါ်ရောက်မှ သိရပါသည်။ ထိုဆရာတော်နှစ်ပါးသည် မိမိ၏ရှေ့ကပ်လျက်ခုံတွင် လိုက်ပါလာကြပါသည်။ တစ်ပါးသောဆရာတော်သည် စာရေးသူရှိရာနောက်ဘက်သို့ လှည့်ကြည့်ရင်း ပြုံးယောင်ပြု၍ နှုတ်ဆက်တော် မူပါသည်။ စာရေးသူကလည်း 'ဒီဆရာတော်ကို မြင်ဖူးပါတယ်ဟု စဉ်းစား လက်အုပ်ချီရင်း-' "ဆရာတော်-တိပိဋကဆရာတော် ထင်ပါတယ်ဘုရား"ဟု လျှောက်ထားလိုက်မိ၏။ မိမိအထင် မှန်ပါသည်။ အဋ္ဌမမြောက် တိပိဋကဓရ တိပိဋကကောဝိဓ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရဖြစ်ပါသည်။ အမေရိကသို့ ခေတ္တကြွကြောင်း သိရပါသည်။ မိမိကိုလည်း ဘယ်ကိုသွားတာလဲ စသည်ဖြင့်မေးမြန်းတော်မူသဖြင့် သီရိလင်္ကာသို့ ကျောင်းတက်ရန် သွားရောက်ပါကြောင်း လျှောက်ထားရပါသည်။

တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ (ဓာတ်ပုံကို မေတ္တာဥယျာဉ်မှ ယူပါသည်)

ဆရာတော်သည် အသာပြန်လှည့်သွားရာက နဝကမ္မ US$ 50 ချီးမြှင့်ပြီးလျှင် အားပေးစကားမိန့်ကြားတော်မူပါ၏။ တစ်ခါဖူးမျှ မသိမတွေ့ဖူးသည့် သာမန်ရဟန်းငယ်တစ်ပါးအပေါ် အမှတ်ထင်ထင်ချီးမြှင့်လိုက်သည့် ဆရာတော်၏ အပြုအမူတို့သည် မိမိအတွက် ဧရာမအားဆေးကြီးပင်ဖြစ်ပေတော့၏။ ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိ လေဆိပ်သို့ရောက် သောအခါ ဆရာတော်တို့ကိုနှုတ်ဆက်စကားဆို၍ သီရိလင်္ကာသို့လေယာဉ်ပြောင်းစီးရန် စောင့်ဆိုင်းကြရပြန်ပါ၏။

နေ့လည် (၁၁)နာရီခန့်လောက်ကပင် ရောက်နေခဲ့သော သုဝဏ္ဏဘုမ္မိလေဆိပ်ကြီးထဲတွင် ဟိုဟိုသည်သည် လျှောက်လည်ကြည့်မိ၏။ ဘယ်နှစ်ထပ်ရှိသည်ဟုသတ်သတ်မှတ်မှတ် သတိမထားမိခဲ့သော်လည်း အလွန် ကြီးကျယ်ခန်းနားသော လေဆိပ်ကြီးတစ်ခုဖြစ်မှန်းကိုတော့ သတိပြုမိခဲ့ပါ၏။ အရောင်းပြခန်းများ၊စားသောက်ဆိုင်၊ အအေးဆိုင်များဖြင့် စည်ကားလှပါ၏။ လေဆိပ်အတွင်းထုလုပ်ထားသည့် ထိုင်းတို့ရိုးရာ ပန်းချီပန်းပု ရုပ်လုံးရုပ်ကြွ အမျိုးမျိုးတို့ဖြင့် ခန့်ညားလှပါ၏။ နိုင်ငံစုံမှ လူမျိုးပေါင်းစုံတို့သည် ဆိုင်ရာဆိုင်ရာဂိတ်ပေါက်တို့ကို ရှာဖွေလျှက် ဟိုမှသည်မှ သွားလာလျှက်ရှိကြ၏။ အရောင်စုံ အသွေးစုံ၊ ပေါင်မလုံ ဒူးမလုံကလည်းမရှား၊ မည်သို့ပင်ဆိုစေ သူတို့အားလုံးကို ကြည့်ရသည်မှာ လန်းဆန်းတက်ကြွလျှက်ရှိကြသည်ကိုသာ အတွေ့ရများလေသောကြောင့် အားရမိခြင်းတစ်ရပ် ကြေနပ်မိခြင်းတစ်ဖုံ အမျိုးစုံသောရသကို ခံစားရသကဲ့သို့ရှိလေသည်။

သုဝဏ္ဏဘူမိလေဆိပ် အတွင်းပိုင်းတစ်နေရာ

ည(၉း၀၀) ကျော်လာသောအခါ လက်မှတ်ကောင်တာသို့သွား၍ ထိုင်ခုံနံပါတ်ယူကြရပါသည်။ နံရံများတွင် ကပ်ထားသည့် လမ်းညွှန်စက်များ၏ အကူအညီဖြင့် သီရိလင်္ကာသို့ထွက်ခွါမည့် လေယာဉ်ရပ်နားရာ ဂိတ်နံပါတ် (၁ရ)သို့ သွားရောက်ကြရပါသည်။ ထိုင်းစံတော်ချိန် ည(၁၀:၃၀)တွင် သုဝဏ္ဏဘုမ္မိလေဆိပ်မှသည် သီရိလင်္ကာ နိုင်ငံဆီသို့ လေယာဉ်စတင်ပျံသန်း ပါသည်။ ညဘက်ဖြစ်နေ၍ လမ်းခရီးတစ်လျှောက်မှောင်နှင့်မည်းမည်းသာ မြင်နေရသည်လည်းတစ်ကြောင်း၊ တစ်နေ့လုံးခြေတိုအောင် လှည့်လည်ကြည့်ရှုသွားလာနေခဲ့သည်လည်း တစ်ကြောင်းတို့ကြောင့် လေယာဉ်ပေါ်တွင် ငိုက်မျဉ်းလျက်သာ လိုက်ပါခဲ့ရလေသည်။ ညသန်းခေါင်ကျော်ကျော် ခန့်လောက်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုလေဆိပ်သို့ ရောက်ရှိသက်ဆင်းမိသောအခါမှ နိုးလေတော့၏။

အပိုင်း (၃)ကို ဆက်ရေးပါမည်။ အရှင်ဝိသာရဒ(ရမ္မာဝတီ)

Last Updated on Monday, 20 December 2010 13:23

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP