အော်ရီဂန်ပြည်နယ် ပေါ့တလန်မြို့သို့ အလည်တစ်ခေါက်
![]() |
| From Portland |
နောင်ကြီး ၀ိစက္ခဏရေ ...ပေါ့တလန်ဘက် သွားလည်ပတ်ရအောင်လေဗျာ၊ အေး ငါ့ညီရေ ...သိပ်ကောင်းပေါ့ကွာ၊ ငါလည်း အဲဒီဘက်တွေကို မရောက်ဘူးသေးဖူးကွာ။ ဖော့ဝိန်းမြို့ဓမ္မရက္ခိတကျောင်းဆရာတော်နဲ့ မနက်ဖြန်တို့ ဖုန်းဆက်ပြောဖြစ်တဲ့ စကား လေးပါ။ ပြောသာပြောလိုက်ကြတယ်။ ခရီးစဉ်က မဖြစ်မြောက်ခဲ့ပါ။ ကံအကြောင်း ဖန်လာတော့လည်း ခရီးစဉ်က စိုက်စိုက်မတ်မတ်ပါပဲ။ ပေါ့တလန်မြို့ သီရိမင်္ဂလာ ကျောင်းဆရာတော်က သူ့ကျောင်းကထိန် ကြွရောက်ဖို့ ကမ်းလှမ်းလေတော့ ရေငတ်သူ ရေတွင်းထဲပြုတ်ကျသလိုပါပဲ ဟန်မလုပ် ငြင်းချက်မထုတ်ဘဲ တုဏှီဘာဝေန အဓိပါ သေသိ- ဆိတ်ဆိတ်နေခြင်းသည် လက်ခံခြင်းဖြစ်သည်ဟု ပါဠိတော်အလာရှိ မိန့်မှာ ချက်နှင့်အညီ လေယာဉ်လက်မှတ်ရဖို့ စီစဉ်စေသတည်းပေါ့။
နောင်တော်ကြီး ဦးသိရိန္ဒက သူကိုယ်တိုင်လေယာဉ်လက်မှတ်စပွန်ဆာ လုပ်ကာခေါ်ပါသည်။ သို့သော် ပေါ့တလန် ဒကာ+ဒကာမများက ဒါနသံဝိဘာရတော-ပေးကမ်းခြင်း ဝေဘန်ပိုင်းခြား ခြင်း၌ နှစ်ခြိုက်သူများ၊ ဝေါသဂ္ဂရတော- မစ္ဆရိယစိတ် ကပ်ငြိခြင်းမရှိ စွန့်လွတ်မှု၌ ပျော်မွေ့သူများ ဖြစ်သဖြင့် လေယာဉ်လက်မှတ် စပွန်ဆာကို .....တို့မှတာဝန်ယူ၍ ယာနဒါနအရ ယူကြသည်။
ရောက်ချင်လှသည့် ပေါ့တလန်သို့ ရောက်ခွင့်ကြုံသည့် အခိုက် တစ်ခါမှ မတွေ့ဘူးသည့် ဆရာတော်သံဃာတော်များနှင့် ဒကာ+ဒကာမမိတ်ဆွေများ ဖူးရမြင်ရ ကြုံရဆုံရသည်။ ကာလီဖိုးနီးယားပြည်နယ်၊ အဇူဇာကျောင်းတိုက်မှ ဆရာတော် ဒေါက်တာ ဉာဏ၀ရနှင့် ဆုံရသည်။ ဆရာတော်သည် သက်တော် အားဖြင့် ၆၀ကျော်ဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်ကမှ ကာလီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို အောင်မြင်ရရှိ ထားခြင်းဖြစ်သည်။ ပညာလို အိုသည်မရှိဆိုသည့်အတိုင်း စာကိုမှစာ အာရုံစိုက်၍ လှမ်းလာခဲ့ရာ အောက်ခြေ ဟိုက်စကူးမှသည် ကောလိပ်၊ ကောလိပ်မှသည် တက္ကသိုလ်လှမ်းကာ ပါရဂူဘွဲ့ကို ဆွတ်ခူးခဲ့သည်။ ဆရာတော်၏ ပညာသင်ယူမှုအပေါ် ပြင်းပြသော မွတ်သိပ်မှု (ဆန္ဒာဓိပတိ) ကြီးမားသောဇွဲ (၀ီရိယာဓိပတိ) အချိန်တိုတွင်း လျင်မြန်သော သင်ယူမှု (၀ီမံသာဓိပတိ) ပညာရေးမှတစ်ပါးအခြားအာရုံ မရှိတည်ကြည်လှ ခိုင်မြဲလှသည့် စိတ်ဓာတ်( စိတ္တာဓိပတိ)တို့သည် ဆရာတော်၏ ပြောဆိုမှု လှုပ်ရှားမှု၊ ဆရာတော်၏ ဥပဓိရုပ်အသွင်တို့မှ ဖေါ်ပြနေပါသည်။ မြင်နေရပါသည်။ ဆရာတော်ကြီးသည် ပညာအရာမှာသာ အရေးဂရုစိုက်သည် မဟုတ် သူ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်တော်မူသည်။ တစ်နေ့လျှင်တစ်နာရီခန့် လမ်းရှောက်တော်မူလာသည်မှာ နှစ်ပေါင်းများစွာ ပင်ဖြစ်သည်ဟု မိန့်ကြားသည်။ နေ့စဉ်လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးကို ပြုပြင်သည်ဟုလည်း အမိန့်ရှိသည်။ ဆရာတော်သည် မနက်အာရုံဆွမ်းစားပြီးသည်နှင့် ခဏတာ နားယူပြီး လမ်းလျှောက်ဖို့ ကျောင်းမှ ထွက်သွားတော့သည်။ ပြန်လာလျှင် ချွေးစို့သော သင်္ကန်းများကို လဲလှယ်ကာ ရေချိုးတော်မူသည်။ ထို့နောက် ရေနွေးခါးခါး သောက်တော်မူ လေ့ရှိသည်။ ရေနွေးကိုတော့ အလွန်ပင် နှစ်သက်တော်မူသည်။ ဆရာတော်သည် မနက်ဖြန်၏ ဖခင်နှင့် သက်တူ အရွယ်တူလောက်ပင်ဖြစ်သည်။ ဆရာတော်ကလည်း မိန့်ပါသည် မောင်ပဇင်းတို့ ကျန်းမာရေး ဂရုစိုက်ကွဲ့၊ ကွန်ပြူတာနဲ့အလုပ်များတဲ့ မောင်မင်းတို့ နာနာလမ်းလျှောက်၊ မပျင်းရဘူး ကွဲ့ဟုမိန့်သည်။ စင်္ကြံလျှောက်လို့ ရတဲ့ အကျိုး (၇)မျိုးရှိတယ်လေကွယ်။ မင်းတို့လည်း သိသားပဲ။ လက်တွေ့ အသုံးမချတော့ မရသေးဘူး မခံစားဘူးသေးဘူးမို့လား။ လက်တွေ့ ကျင့်သုံးပေါ့ဟု ထပ်တလဲလဲ ပြောပါသည်။
ခရီးတခေါက်ထွက်လာခြင်းကြောင့် ဆရာတော်ကြီးများ၏ ထူးခြားသော အလေ့အကျင့် များ၊ အတုခိုးသင်ယူစရာများ၊ ဆုံးမသြ၀ါဒများ၊ မေတ္တာစေတနာများ ခံယူရရှိသည်မှာ လည်း တန်ဖိုးကြီးလေစွ။ လူတဦး ပုဂ္ဂိုလ်တစ်ယောက်ဆီ၏ သန္တာန်ဝယ် ထူးခြားသော အလေ့အကျင့်များ ရှိသည်သာ။ ကောင်းသည် မကောင်းသည်သာ ကွာခြားလေမည်။ ပေါ့တလန်ရောက်ခိုက် ဆရာတော် ဒေါက်တာဉာဏ၀ရမှ ညစဉ်ညတိုင်း လေးရက်တိုင် တိုင် ပေါ့တလန် ဒကာ+ဒကာမများကို တရားဟော ဓမ္မအသိပညာများ ဖြန့်ဝေတော်မူ သဖြင့် ဆရာတော်နှလုံးသားအတွင်းရှိ အသိပညာများကိုလည်း နာကြားခွင့်ရခဲ့သည်။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရ၍ ကြားဖူးပြီးသော အသိပညာများ ထပ်မံ သတိရစေခဲ့သည်။ စာပေများနှင့် မွေ့လျော်သူပီပီ အသိပညာတွေက များပြားလှ ပေသည်။
စာရေးသူလည်း ဆရာတော် အရှင်သိရိန္ဒဖြစ်ချင်လှသော ဓမ္မစာစောင်ကိုဖြစ်မြောက် အောင် လုပ်ပေးခွင့် ရရှိခဲ့သည်။ ပေါ့တလန်ရောက်စဉ် အနီးအနားရှိသော ၀ါရှင်တန် ပြည်နယ်၊ စီယတ်တယ်မြို့ (Washington State, Seattle City)ရှိ တိပိဋကကျောင်းနှင့် မဟာစည်ကျောင်းကိုလည်း ရောက်ရှိခဲ့၍ ဆရာတော်များကိုလည်း ဖူးမျှော်ခွင့်ကြုံခဲ့ သည်။ တိပိဋကကျောင်းဟူသည် ဆရာတော်အရှင်ဂန္ဓမာလာလင်္ကာရ၏ ကျောင်းတော် ဖြစ်သည်။
![]() |
| From Portland |
ပေါ့တလန်မြို့သည် အမြဲတမ်း စိမ်းလန်းစိုပြေနေသော နေရာဒေသဖြစ်သည်။ လှပ သော၊ သာယာသော မြို့ဖြစ်သည်။ သိရိမင်္ဂလာကျောင်းဆရာတော်မှ လှပသော ရေတံခွန်းကို လိုက်ပို့ပေးသည်။ ရှုးခင်းများသည် ငေးမောလို့ မဆုံး သူပြိုင်ငါပြိုင်လှပနေ လေသည်။ ရာသီဥတု ဆိုးဝါးသော အခိုက်အတန့်နှင့်ကြုံရ၍ ပေါ့တလန်မြို့၏ အလှ အပကို အပြည့်အ၀ မခံစားခဲ့ရသော်လည်း ခွင့်သာသော အလှအပမျှကိုသာ မြင်လိုက်ရ သည်နှင့် မမြင်ရသေးသော အလှအပများလည်း ဘယ်သူပြိုင်လို့ လှပါတော့နိုင်ဟု ခန့်မှန်းလို့ရနိုင်ပါသည်။
![]() |
| From Portland |
ပေါ့တလန်ကျောင်းဆရာတော်နှင့် ပေါ့တလန် ဒကာ+ဒကာမများ၏ မေတ္တာ စေတနာ သည်ကား အလည်ရောက်ခိုက် ခံစားခွင့်ကြုံသော အလှအပများတွင် အနွေးထွေးဆုံး နှင့် သာယအလှအပဆုံးဖြစ်သည်ဟု မှတ်တမ်းတင်လိုက်ချင်ပါသည်။ ကံမကုန်လျှင် ပြန်ဆုံးရအုံးမည်ပေါ့ ပေါ့တလန်………
Labels: ဗဟုသုတ




0 comments:
Post a Comment