၆။ စန္ဒကုမာရဇာတ်
ရှေးလွန်လေပြီးသောအခါ ပုပ္ပဝတီပြည်၌ ဝသဝတ္တီမင်း၏ သားတော် ဧကရာဇ် အမည်ရှိသောမင်း စိုးစံသည်။ ထိုမင်း၌ သားတော်လေးပါး ရှိသည်။ ရှေးထုံးနှင့်အညီ မင်းကြီးသည် စန္ဒကုမာရကို အိမ်ရှေ့အရာ ပေးသည်။
ထိုမင်းတွင် ခဏ္ဍဟာလ အမည်ရှိသော ပုဏ္ဏားအမတ်ကြီး တစ်ဦးလည်း ရှိသည်။ ထိုအမတ် ပုဏ္ဏားသည် ရိုးသားဖြောင့်မတ်ခြင်း မရှိ။ တရားစီရင်ရာ၌ လာဘ်ယူ၍ စီရင်လေ့ရှိ၏။
တစ်နေ့သောအခါ အမှုသည် ယောက်ျား တစ်ဦးသည် မတရားသဖြင့် အမှုစီရင်ခြင်း ခံရသဖြင့် မကျေနပ်။ စန္ဒကုမာရမင်းသားကို ငိုယိုတိုင်ကြားသည်။ ထိုအခါ မင်းသားသည် နှစ်ဖက်သော အမှုသည်တို့ကို ခေါ်ယူ၍ အမှန်အတိုင်း စီရင် ဆုံးဖြတ်ပေးလိုက်လေသည်။ ဤတွင် လူအပေါင်းသည် အိမ်ရှေ့မင်းကို ကောင်းချီးပေးကြ၏။ ထိုအကြောင်းကို မင်းကြီး ကြားသိသောအခါ ထိုနေ့မှစ၍ သားတော် အိမ်ရှေ့မင်းအား တရားဆုံးဖြတ်ရန် အမိန့်ပေးတော်မူလေသည်။
ခဏ္ဍဟာလပုဏ္ဏားသည် တရား မဆုံးဖြတ်ရသောကြောင့် လာဘ်ပိတ်သွားသည်။ အိမ်ရှေ့မင်းသားအပေါ် ရန်ငြိုးထားကာ မကောင်းကြံစည်လေတော့သည်။ တစ်နေ့သောအခါ မင်းကြီးသည် နတ်ပြည်ကို အိပ်မက်မက်သည်။ နတ်စည်းစိမ်ကို လိုချင်ဆန္ဒ ဖြစ်မိသည်။ ခဏ္ဍဟာလအား နတ်ပြည်သို့ ရောက်ရန် နည်းလမ်းကို မေးသည်။
ခဏ္ဍဟာလမှာ အိမ်ရှေ့မင်းသားကို မကောင်းပြုရန် အခွင့်ရပြီဆိုကာ ဝမ်းသာသွားသည်။
“အရှင်မင်းကြီး၊ နတ်ပြည်သို့ သွားသောသူတို့သည် သူတစ်ပါးတို့ ပြုနိုင်ခဲသော လွန်ကဲသည့် အလှူကြီးမျိုးကို ပေးလှူရပါသည်။ မသတ်ထိုက်သော သူတို့ကို သတ်၍ လှူရပါသည်။ အရှင်မင်းကြီးသည် နတ်ပြည်သို့ သွားလိုပါက သားတော်လေးပါး၊ သမီးတော်လေးပါး၊ မိဖုရားလေးပါး၊ သူဌေးကြီးလေးယောက်၊ နွားလားဥသဘ လေးကောင်၊ မြင်းလေးစီး၊ ဆင်လေးစီးတို့ကို သတ်၍ ယဇ်ပူဇော်ရပါမည်” ဟူ၍ အကောက်ဉာဏ်ဖြင့် လျှောက်ထား၏။ ပုဏ္ဏားသည် စန္ဒကုမာရ တစ်ဦးတည်းကိုသာ သတ်လိုခြင်းဖြစ်သည်။ သို့ရာတွင် သူ၏ အကောက်ဉာဏ်ကို မရိပ်မိစေရန် ကျန်သူများကိုပါ ရောနှောသတ်ရန် လျှောက်ထားခြင်း ဖြစ်သည်။
ဧကရာဇ်မင်းသည် အလွန်ပညာနည်းသောမင်း ဖြစ်သည်။ ပုဏ္ဏား၏ စကားကို ယုံကြည်သွားသည်။ သားတော်၊ သမီးတော်၊ မိဖုရား စသည်တို့ကို သတ်ရန် ဆောင်ယူစေသည်။ စန္ဒကုမာရမင်းသားသည် ခဏ္ဍဟာလ၏ အကောက်ကြံမှုကို သိသည်။ ‘မိမိ တစ်ဦးတည်းအတွက် အခြားသူတို့ပါ ဒုက္ခရောက်နေပြီ။ ထိုသူတို့ကို လွတ်အောင် ဆောင်ရွက်ရန်မှာ မိမိတာဝန်ဖြစ်သည်။ ခမည်းတော်နှင့် တွေ့သောအခါ လွတ်မြောက်အောင် ကြိုးစားလျှောက်ထားမည်’ ဟူ၍ ကြံစည်ထားသည်။ မင်းကြီးရှေ့တော်သို့ လိုက်ပါလာခဲ့သည်။
ဧကရာဇ်မင်း၏ ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ခမည်းတော် ဝသဝတ္တီမင်းနှင့် မယ်တော်တို့ သိသောအခါ တားမြစ်ကြသည်။ ထိုသို့ ယဇ်ပူဇော်ခြင်းသည် နတ်ပြည်သို့ မရောက်ဘဲ ငရဲပြည်သို့သာ ရောက်မည်ဖြစ်ကြောင်း ဖျောင်းဖျ ဆုံးမ၏။ သို့သော် ဧကရာဇ်မင်းက မနာယူပေ။ ထိုအခါ သားတော် စန္ဒကုမာရမင်းသားနှင့်တကွ သား၊ မယားများ၊ မှူးမတ်များစသူတို့က တစ်လှည့်စီ ငိုကြွေး တောင်းပန်ကြသည်။ စန္ဒကုမာရ၏ မယ်တော် ဂေါတမီ မိဖုရားကလည်း တောင်းပန်သည်။ ထိုအခါ မင်းကြီးသည် စိတ်ညွတ်နူးသဖြင့် ယဇ်ပူဇော်မည့် အစီအစဉ်ကို ဖျက်စေသည်။ သို့ရာတွင် ခဏ္ဍဟာလပုဏ္ဏားက မင်းကြီးအား လှည့်ဖြားတိုက်တွန်းပြန်သဖြင့် မင်းကြီးသည် ယဇ်ပူဇော်မည် ပြုပြန်သည်။ ဤသို့လျှင် ယဇ်ပူဇော်မည် အစီအစဉ်ကို ဖျက်ချည်၊ ပြုချည် ဖြစ်နေသည်။ အကြိမ်ကြိမ်ပင်။ ထိုစဉ် နန်းတွင်းသူ၊ နန်းတွင်းသားများနှင့် ပြည်သူတို့ကလည်း ပူပန်ငိုကြွေးကြသည်။
နောက်ဆုံးတွင် ခဏ္ဍဟာလပုဏ္ဏားသည် သားတော်တို့တောင်းပန်ပြန်လျှင် လွှတ်ပြန်ဦးမည် စိုးသဖြင့် စန္ဒကုမာရမင်းသားကို ယဇ်တွင်းသို့ လျင်မြန်စွာ ထုတ်ယူသွားသည်။ ထိုအခါ မင်းသား၏ မယ်တော် ဂေါတမီ မိဖုရားကြီးသည် ချွေးမတော် လေးယောက်နှင့်အတူ မင်းကြီးအား တောင်းပန်ပြန်သည်။ ဤအကြိမ်တွင် မရတော့ပေ။ မင်းကြီးက လက်မခံ။ ထိုအခါ သူတို့သည် ခဏ္ဍဟာလပုဏ္ဏားကို ကျိန်ဆဲကြသည်။ ပုဏ္ဏားကား မမှု။ စန္ဒကုမာရ မင်းသား၏ လည်ပင်းအောက်၌ ရွှေခွက်ကို ထားသည်။ သူကိုယ်တိုင်သန်လျက်ကို ကိုင်လျက် မင်းသား၏ လည်ကို ဖြတ်ရန် အသင့်လုပ်နေသည်။
(စန္ဒကုမာရဇာတ် နိဂုံးအား ဆက်တင်ပါမည်)


0 comments:
Post a Comment