မိဘဟူသည်(လွမ်းငွေ့ဝေေ၀)-အပိုင်း(6)
ကိုလူအေးတယောက်အိမ်တွင် တစ်ရက်နှစ်ရက်နေပြီးသည်နှင် သားမယားနှင့်ခွဲခွာ၍ ရှောင်နေရပြန်သည်။ ကိုလူအေးပြန်သွားသည့် နောက်ပိုင်းတွင် ကြွေးရှင်များမှာ ကိုလူအေးပြန်ရောက်လာသည်ကို သတင်းကြား၍ အသီးသီးရောက်လာကြလေသည်။ တချို့ကြွေးရှင်များမှာလည်း ကိုလူအေးမရှိ၍ ပြန်သွားကြလေသည်။ ထိုကြွေးရှင်ထဲတွင် တရွာတည်းနေ မခင်ဆင့်ဟူသော အမျိုးသမီးမှာ “ပေးစရာ ငွေမရှိရင်တော့ ငါကတော့ရှိတာကို ယူရမှာပဲ” ဟုမစန်းတင့်အားပြောလေသည်။ “မခင်ဆင့်ရေ ရှင်မကေနပ်ရင်လည်း ကျွန်မတော့မတတ်နိုင်ဘူးရှင်… ရှင့်ကိုပေးစရာလည်း ကျွန်မတို့မှာငွေမရှိဘူး မိသားစုစားဝတ်နေရေး တောင်မှအနိုင်နိုင် ရှင်မြင်တဲ့အတိုင်းပဲလေး ရှင်မရှိရှိတာယူချင်တယ် ဆိုရင်တော့ အိမ်ရှေ့မှာအုတ်ချပ်တွေတော့ ရှိတယ်ရှင်….အဲ့ဒါကိုသာရှင်ကြိက်ုတဲ့ဈေးနဲ့ သာဖြတ်ပြီးတော့သာ လာသယ်လိုက်ပါ တယောက်ပြီးသွားတော့လည်း တပူအေးတာပေါ့…အိမ်ထဲမှာတော့ရှင်မြင်တဲ့ အတိုင်းးပဲလေး ဘာကိုဘာမှမရှိတော့ပါဘူး” ဟုပြောလေ၏။ “ငါကယူသာယူရမှာ စိတ်မကောင်းပါ ဘူးမစန်းတင့်ရယ်…တမျိုးတော့မထင်ပါနဲ့ နင့်ကိုလည်းအားနာပါတယ် ငါလည်းလုပ်စရာလေးတွေ ရှိနေသေးလို့ပါ ဒါဆိုငါမနက်ဖြန် လူငှါးတွေခေါ်လာပြီး အုတ်တွေကို လာသယ်မယ်နော်” ဟုပြောပြောဆိုဆို မစန်းတင့်တို့အိမ်မှ ထွက်သွားလေတော့သည်။
နောက်နေ့မနက်တွင် မခင်ဆင့်မှာ မစန်းတင့်၏ အိမ်ရှေ့တွင်ရှိသော လာရောက်သယ်ဆောင် လေတော့သည်။ မခင်ဆင့်၏ မောင်လေးနှင့် မြေးအဖိုးတစုတို့မှာ စိတ်မကောင်းစွာနှင့်ပင် ကြည့်နေရရှာလေတော့သည်။ မစန်းတင့်မှာ အငယ်ဆုံးသားလေးအား ဖက်ထားရင်း “ကိုလူအေးရေ ကျွန်မတို့ မျှော်မှန်းထားတဲ့ အိမ်လေးတော့ ဆောက်ဖြစ်မယ်မထင်တော့ပါဘူးရှင် ဘာတတ်နိုင်မှာလဲ ပစ္စည်းသင်္ခါရ လူသင်္ခါရပေါ့ရှင်” ဟုစိတ်မကောင်းစွာ နှင့်ပင် တီးတိုးရေရွတ်နေလေသည်။ ထိုအချိန်တွင်မိုးလည်း တဖွဲဖွဲကျလာတော့သည်။ မိုးသည်တဖွဲဖွဲ ကျရာမှ တဖြည်းဖြည်းချင်း သည်းလာလေတော့သည်။ မစန်းတင့်တို့မိသားစုခမျာ ၀မ်းနည်းချင်းကိုပင် မိုးနတ်မင်းမှ ကန့်သတ်လိုက်လေသရော့။ “ဖိုးကျော်နဲ့မင်းမင်း အိမ်နောက်ဖေးက အမွန့်ထဘီတွေ နဲ့အ၀တ်တွေ ကိုသွားရုတ်လိုက်စမ်း” ဟု အငယ်ဆုံးသားလေးအာ အဘိုးဖြစ်သူအား ချီထားစေ၍ ကိုယ်တိုင်လည်း စိုမည့်အ၀တ်များကို လိုက်လံသိမ်းဆည်း၍ မိုးလုံသည့်နေရာတွင် စုပုံထားထား လေသည်။ မိုးသည်လည်း သည်းသည်ထက်သည်းလာလေတော့သည်။ မြေးအဖိုး ၄ ယောက်မှာ မိုးလုံသည့်နေရာ၌ အ၀တ်ပုံဘေးနားတွင် နေကြလေသည်။ အဖိုးဖြစ်သူမှာထိုင်ပြီး အငယ်ဆုံးသား လေးကိုချီထားကာ ကျန်မြေး(၃) ယောက်မှာလည်း မိုးအေးအေးနှင့် အဖိုးနားတွင်ကပ်၍ ကွေးနေလေသည်။ မစန်းတင့်သည်မီးဖိုချောင်ထဲတွင် ချက်ပြုတ်လုပ်နေသည်။ မောင်ကောက်မှာ လည်းပိုက်ထုပ်ကိုထမ်းကာ မိုးအေးအေးနှင့် ငါးဆင်းရှာလေတော့သည်။ မစန်းတင့်လည်း ချက်ပြုတ်
ပြီးသည်နှင့် ကလေးများကို အဖိုးဖြစ်သူနှင့်ထားခဲ့ ပြီးကောက်စိုက်ဆင်းလေသည်။ ဖိုးကျော်၊ မင်းမင်းနှင့် မောင်စိုးတို့သည်လည်း မိခင်ချက်ထားခဲ့သော ထမင်းနှင့်ဟင်းများကို ထမင်းချိုင့် အသီးသီး သို့ထည့်ရန်ပြင်ဆင်ပြီး ကျောင်းသွားရန် ပြင်ဆင်လေသည်။ အိမ်တွင် မောင်မြတ်နှင့်အတူ မြေးအဖိုးနှစ် ယေက်တည်းကျန်ခဲ့လေသည်။ ညနေရောက်သည်နှင့် မစန်းတင့်အိမ်သို့ ကောက်စိုက်မှပြန်လာ လေသည်။ အိမ်သို့ပြန်ရောက်သည်နှင့် မစန်းတင့်တစ်ရောက် သားငယ်လေးကိုမြင်၍ အမောပြေ သော်လည်း သားလတ်မင်းမင်းမှာ စောင်ခြုံကွေးနေသည်ကို တွေ့၍ “အဖေ မင်းမင်းဘာဖြစ်လို့ ကွေးနေတာလည်း” ဟုလှမ်းမေးလိုက်လေသည်။ “အင်း ကောင်မလေးရေ…နင့်သားကဖျားမှာပေါ့ ကျောင်းကနေပြန်လာတော့ မိုးရွာထဲကနေ ဒီအတိုင်းပြန်လာတာကိုး ညီအကို(၃)ယောက်မှ မိုးကာအကျီက (၂)ထည်ပဲ ၀ယ်ပေးရသေးတာလေး အခုကိုယ်တွေပူနေလို့ ငါဆေးတော့တိုက် ထားတယ်” ဟုသမီးဖြစ်သူအားပြောပြလေသည်။ မစန်းတင့်သည်သားလေး နှဖူးအားစမ်းကြည့်ပြီး မင်းမင်းမှာကိုယ်အတော်ပူနေလေသည်ကို သိသော်အခါ ဆေးဆရာကိုသွားခေါ်လေတော့သည်။ မစန်းတင့်သည် အလုပ်မှပြန်ပြန်လာလာချင်း အိမ်တွင်နားပင်မနားရသေးပေ။ ဆေးဆရာ ရောက်လာသောအခါ မင်းမင်းအားဆေးတလုံးထိုးပေး၍ သောက်ဆေးများပေးထားခဲ့သည်။ နောက်နေ့မနက်တွင် မင်းမင်းတယောက် ပုံမှန်အတိုင်းကျောင်းပြန်တက်နိုင်လေသည်။ မစန်းတင့် မှာလည်း ဆိုင်သို့သွား၍ မင်းမင်းအတွက် မိုးကာအကျီ တထည်ဝယ်ပေးလိုက်ရလေသည်။
“နှာရည်စိုရွှဲ တပို့တွဲ ” ဟုပြောစမှတ်ဖြစ်လောက်အောင် နှင်းတွေကလည်း ထူထပ်စွာကျဆင်း နေလေသည်။ ဖိုးကျော်နှင့် မင်းမင်းတို့မှာ မထူမပါးစောင်လေးတထည့် ကိုအတူတူခြုံ၍ ပုဇွန်တုတ် ကွေးကွေး နေပေသည်။ “သား…ဖိုးကျော် …မင်းမင်း ထထ အမွန့်ထမင်း ကြော်ပြီးသွားပြီး ထပြီးမျက်နှာသစ်တော့” ဟုမိခင်နိုးသောကြောင့် ဖိုးကျော်နှင့်မင်းမင်းမှာ ဆက်ကွေးနေချင် သော်လည်း မထချင်ပဲနှင့်ထရလေတော့သည်။ “ဟဲ့ …မင်းမင်း အကြီးကောင်က မျက်နှာသစ်ပြီးပြီ နင်ကဘာငိုင်လုပ်နေတာလဲ ဒီကလေးနှယ် သွားသွား မျက်နှာသွားသစ်ချည်” ဟုငိုက်နေသော မင်းမင်းအား မိခင်မှလှမ်းပြောလိုက်လေသည်။ မနက်ဝေလီဝေလင်း ရောက်သည်နှင့် မစန်းတင့်တို့ သားအမိသုံးယောက် လယ်ထဲဆင်းတော့သည်။ မစန်းတင့်မှာ တံဇဉ်ကိုကိုင်၍ ညီအကိုနှစ်ယောက်မှာ တောင်းကိုယ်စီနှင့် ရေဗူးတယောက်တဗူးးကိုင်ကာ မိခင်နောက်သို့ လိုက်ရလေ တော့သည်။ လယ်ဆိုသည်မှာ မစန်းတင့်တို့ အပိုင်မဟုတ် မစန်းတင့်၏အဒေါ် အရီးထွေးပိုင်သောလယ်ဖြစ်ပေသည်။ မစန်းတင့်မှာကောက်ရိတ်၍ သားနှစ်ယောက်မှာ ကောက်သင်းကောက်ရရှာလေသည်။ မစန်းတင့်သည် သားတွေအားမခိုင်းရက် ရှာပေ။ သို့သောလည်း မလွဲသာ၍သာ ခိုင်းရခြင်းဖြစ်သည်။ ဖိုးကျော်နှင့် မင်းမင်းတို့ကောက်၍ ရလာသော ကောက်သင်းစပါးများကို အိမ်တွင်မွေးထားသော ကြက်နှင့်ဘဲများအတွက် အစာရလေသည်။
သားအကြီးကောင်နှင့် အလတ်ကောင်တို့မှာ မိခင်အတွက်ကူဖော်လှောင်ဘက် ရသော်လည်း မစန်းတင့်ခမျာ သားလေးများ ငယ်ငယ်ရွယ်ရွယ်နှင့် နေပူထဲတွင် ပင်ပန်းနေသည်ကို မကြည့်ရက်ရှာပေ။ ရေထဲတွင် ငါးဆင်းရှာနေသော မောင်လေးအားလည်း သနားမိလေသည်။ “သူ့ခမျာ လူပျိုပေါက်အရွယ် သွားချင်လာချင်မှာပဲဟု” စိတ်ထဲတွင်တွေးပြီး မစန်းတင့်တယောက်စိတ် မကောင်းဖြစ်မိလေသည်။ ကိုလူအေးအိမ်မှ ထွက်သွားပြီးနေိာက် တနှစ်ခန့်အကြာတွင် ကိုလူအေးအိမ်သို့ပြန်လာလေသည်။ ကိုလူအေး သည်တခေါက်ပြန်လာသည်မှာ အိမ်တွင်ခဏနေရန် အတွက်မဟုတ်ပေ။ မိသားစုနှင့်အတူ အေးအတူပူအမျှ ဘ၀ကိုအတူတကွ ဖြတ်သန်းရန်အတွက် ရောက်ရှိလာခြင်းဖြစ်ပေသည်။ ကိုလူအေးပြန်လာသည်မှာ လက်ဗလာချည်းနှင့်ပင်။
ကိုလူအေးပြန်ရောက်လာသည်ကို ကြား၍ ကြွေးများလာရောက်တောင်းကြသော်လည်း ကိုလူအေးတို့ မိသားစုအခြေအနေကို သိသည်ကတကြောင်း ပြေပြေလည်နှင့် ကြွေးရှင်များကျေနပ်အောင် ပြောသောကြောင့် ကြွေးရှင်များမှာလည်း အေးအေးချမ်းချမ်းနှင့်ပင် ကိုလူအေးအိမ်မှ ထွက်သွားလေ တော့သည်။
ကိုလူအေးတယောက် ယောက်ဖဖြစ်သူနှင့်အတူ ရေထဲတွင်တဖန်ပြန်၍ ငါးရှာရပြန်လေသည်။ ရသမျှငါးကို ငါးဒိုင်တွင်ပို့ပြီး ရသမျှပိုက်ဆံကို မိန်းမကိုအပ်လေသည်။ သည်လိုနှင့် ကိုလူအေးတို့မိသားစု ဘ၀ကိုရုန်းကန်လာရာ မစန်းတင့်တွင် နောက်ထပ်မျိုးဆက်သစ်ကို ၀မ်းထဲတွင် လွယ်ထားရလေပြီ။
“ကိုလူအေး ကျုပ်တို့မှာလည်း မိသားစုနဲ့အတူတူ အခုမှပဲအေးအေးချမ်းချမ်း နေရတော့တယ်နော် ကျုပ်ကတော့ရှင် ပင်ပန်းရင်ပင်ပန်းပါစေ ဆင်းရဲရင်လည်းဆင်းရဲပစေတော့ မိသားစုနဲ့အတူတူ နေချင်တယ် အခုဆိုရင် ကျုပ်မှာနောက်ထပ်ရင်သွေးလေးတောင် လွယ်ထားရပီ သားသမီး မယူတော့ ဘူးလို့စိတ်ကူးထားတာ ဒီတခါတော့သမီးလေးဖြစ်ပါစေရှင်…သား(၃) ယောက်မှာလည်း ကျောင်းတက်နေကြပြီလေး….ကျုပ်သားသမီးတွေ အားလုံးကို ပညာတတ်ကြီးတွေဖြစ်စေချင်တယ် ပညာကိုဆုံးခန်းတိုင် အောင်သင်စေချင်တယ် ကျွန်မတို့မှာ တခြားမိဘတွေလို ဥစ္စာပစ္စည်းပေးစရာ မရှိဘူးလေး အဲ့တော့ပညာပဲအမွေပေးရတော့မယ်” ဟုကိုလူအေးအားပြောလေသည်။ “အေးပါမိန်းမရာ ငါလည်းမင်းလိုပါပဲ ငါတို့ကြိုးစားကြရမှာပေါ့ကွာ ငါမြို့ကိုရောက်တုန်းကဆိုရင် လူတွေများပညာတတ်တော့ပြောပါတယ် အ၀တ်အစားသပ်သပ်ရပ်ရပ်နဲ့ ဘော့ပင်လေးစာအုပ်လေး ကိုင်လို့ မပင်ပန်းမနွမ်းနယ်ပဲနဲ့ လုပ်ကိုင်နေကြရတာ ငါတို့နဲ့တော့တခြားစီပေါ့မိန်းမရာ ငါတို့ကပညာ မှမတတ်ပဲကိုး ငါတို့သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တာ မင်းရင်ထဲမှာတင်မဟုတ်ပါဘူးကွာ ငါ့ရင်ထဲမှာလဲ မင်းနဲ့ထပ်တူပါပဲ ” ဟုကိုလူအေးမှာ မိန်းမအား အားပေးသည့်မျက်လုံးများနှင့်ကြည့်၍ ပြောနေလေသည်။ (ဆက်ရန်……)


0 comments:
Post a Comment