* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 9, 2010

ကင်ပွန်းတပ်မင်္ဂလာမပြုရသေးသူများ

U Zargara-R-2“ဟေ့ .. ကျောက်ကျင့်ပါ”    “ဟေ့ .. ရှာဂျန်ကျောက်”

       ဤအမည်နာမကို ကြားလိုက်ရ၍ စိနတိုင်းဘွား မျိုးနွယ်များထင်လျှင် ပါစင်အောင် လွဲပါလိမ့်မည်၊ ကျွန်တော်တို့ အချင်းချင်း နှုတ်ဆက် ပဋိသန္ထာရ ပြုမှုများသာ ဖြစ်ပါသည်။ ဘာကြောင့် ဤအမည်များဖြင့် ပြက်ရယ်ပြု ခေါ်ဝေါ်ကြသနည်းဟု မေးလာခဲ့လျှင် ရွံ့ရှားလွယ်သော ကိုယ်နှုတ်နှလုံး သုံးပါး လုံး အမူအရာတို့ကိုကြည့်ကာ တင်စားခေါ်ဝေါ်ကြခြင်းဖြစ်ပါသည်။
    တဖန် အမှန်တကယ် ထိတ်လန့်ကြောက်ရွံ့မှုကို သိ၍ခေါ်ဝေါ်သည်ဆိုလျှင် တင်စားသည့် “ရုဠီသညာ”မဟုတ်၊ တကယ် အနက်မည် “အနွတ္ထသညာ” သာဖြစ်ရပေမည်။ ထိုအမည်ရလွယ်မှုကို သူတစ်ပါးကိုထား မိမိကိုယ်တိုင် ကောက်ကြောင်း ရှာဖွေ မိရာ၊ လူမှန်းသိစ စကားပီ နားကြားတွင် ရင်းနှီး ရသော အကြောင်းအရာများသည် ထိတ်လန့်ဘွယ် သရဲ တစ္ဆေ စုန်း ဒဏ္ဍာရီများ၊ မှောင်မည်းမည်းညဉ်းရိပ်များ၊ ချောက်ခြားဖွယ် ဆိုးခိုး တိုက်ခိုက် မှုများသည် တဖြတ်ဖြတ် ရုပ်ရှင်အမြန် ပြကွက်များလို ပေါ်လာကြသည်။

     “ငါက ပဲပုံတွေအပြည့်နဲ့ လှည်းမောင်းလာတာ၊ စစ်တွင်းက လေယာဉ်ပျက် ကုန်းလည်းရောက်ရော ဆူးလုံးကြီးလိမ့်လာလိုက်တာ နွားတွေလဲထိမ်းမရ၊ လှည်းလည်း မောက်တော့တာဘဲ ကံကောင်းလိုမသေ” ။
      ညဉ်းဦးယမ် စကားဝိုင်းတွင် အဖေတို့ ဖလယ်နေကြသော အတွေ့အကြုံများ သည် ကြက်သီးတဖျန်းဖျန်းနှင့် နားထဲသို့ တိုးဝင်ကုန်ကြသည်၊ ထိုညမျိုးတွင် ဘယ်လောက်ပင် ချွေးတွေ ပျံနေပါစေ၊ ခေါင်းမြီးခြုံမပွင့်ရဲတော့၊
     ခုခေတ်လို တီဗွီ၊ ဗွီဒီယိုတွေကလည်း မပေါ်သေးတော့ ကြောက်ရွံ့မှုကို ဖျောက်စရာ အာရုံမရှိ။ နေ့ခင်းကျတော့ရော၊ “အောင်ရွှေကြီး ပိုးထိလို့တဲ့ ဟေ့ ... အပမှီလာတာ အိမ်လဲရောက်ကရော ဆုံးတာပဲတဲ့”ဆိုသည့်သတင်းတို့ ကလည်း တမျိုးပြီးတမျိုးမရိုးရလေ။ ထိုသို့အကြောက်တရားနှင့် ဖွားမြောက်ခဲ့ရာ ကျောင်းနေသော  အခါမှာကော ဆရာတော်ကို ကြောက်လိုက်ရတာ မလှုပ်ပင် မလှုပ်ရဲ၊ ဆရာတော်က ဘုန်းတန်ခိုးကြီးပြန် စာကလည်းတတ်၊ ဆွေကြီးမျိုးကြီးမှ ရဟန်းပြုခဲ့လို့ထင့် ဒေါသလွယ်သည်မှာ လူသူကြီးမှအစ ကိုရင်ကျောင်းသား အဆုံး အားလုံး ဖိန့်ဖိန့်တုန် ပင်။
       စာမရလျှင် နကန်စာကျွေးသည်၊ ရန်ဖြစ်လျှင် နကန်စာကျွေးသည်၊ ဆော့လျှင် ကဲလျှင် နကန်စာကျွေးသည်၊ဝါးအဖျားကို သပ်ထားသော ထိုနကန်သည် အရှိုးရာတို့ကို ပြိုင်ပြိုင်ထစေသကဲ့သို့ တစ်လုံးကွဲလျှင်လည်း ကျောင်းတောင်ဘက် ဝါးရုံကြီးက အစားရလွယ်သည့် အရာလေ။
     နကန်က အများဆိုင်ဖြစ်သော်ငြား တရံတခါ ဆရာတော်လက်နားရှိသော အရာဝတ္ထုများသည်လည်း အထူးပြုနကန်ဖြစ်သွား ရသည်။ မှတ်မိသေးတော့၊ ယောင်၍ပင် ကိုယ့်ခေါင်းကို စမ်းမိခဲ့၊ ဆရာတော်အား ဆွမ်းကပ်စဉ် နှစ်တောင်ထွာ အတွင်းဝင်၍ ကပ်မှ အကပ်မြောက်ကြောင်း သင်ကြားဖူးဖို့ဝေး၊ ကြားပင်မကြားဖူးတဲ့ အရွယ်၊ ထို့ကြောင့်ဘောဇဉ်စားဖွယ်တစ်ခုကို နှစ်တောင်ထွာအပြင်မှ ကပ်မိရာ “ခွမ်” ခနဲ နှီးဒေါင်းလှန်နှင့် ခေါင်းကို ကပ်ပိခံလိုက်ရတော့သည်။ ဒေါင်းလှန်လည်း တစ်စစီ၊ ခေါင်းလည်းမူးဝေလျက်၊ ထိုအချိန်မှစ၍ ဆရာတော် ခေါ်လျှင်ပင် ကြောက်တထိတ် ထိတ် စိုးတလန့် လန့်ရှိတော့သည်၊ ရိုက်သောကြောင့်ကြောက်၊ ကြောက်သောကြောင့် ယောင်မှား၊ ယောင်မှားသောကြောင့် ရိုက်၊ ဤသို့ဖြစ် အကြောက်သံသရာ လည်တော့သည်၊ သည်အထဲ မြို့မှာနေသော ခန်းနေဦးပဉ္စင်း နွေရာသီပြန်လာပြီး ဆိုလျှင် ကြောက်အားပိုရပြန်သည်၊ ဆွမ်းခံရာလည်း ခေါက်၊ ရေဆွဲရာလည်း ရိုက်၊ ဝေယျာဝစ္စ တိုင်းသည် အငေါက် အခေါက်တို့ဖြင့် မကင်း၊ ဘာကြောင့် ရိုက်မှန်းမသိ၊ ကြောက်ပြီးရင်း ကြောက်ရတာကိုသာသိသည်၊ ထို့ကြောင့်ဖြင့် ထိုဦးပဉ္စင်း ဦးစန္ဒောဘာသ လူထွက်သွားသည်ကြားသောအခါ ပျော်လိုက်ရသည်ဖြစ်ခြင်း။
        နောင်လောကနီတိတွေ ဘာတွေသင်ရတော့ ဆရာသမားဆိုတာ အိုးထိန်း သည်နှင့် တူသည်၊ အိုးကို ကောင်းစေလိုလို့ ရိုက်ခတ် သကဲ့သို့ တော်စေ တတ်စေလို၍ ရိုက်ခြင်းဟု သင်ယူခဲ့ရသည်၊ စဉ်းစားကြည့်တော့ ပညာနှင့် အကြောက်တရား ဆတူများ ရခဲ့လေသလား။ သည်လိုနှင့် ဘဝထဲရောက်သည့် အခါမှာတော့ ပညာတွေက ကျောင်းမှာသာ ကျန်ခဲ့ပြီး အကြောက် တရားတွေကသာ တိုးပွား ပါလာခဲ့လေရာ အရာရာကို တွန့်ဆုတ်နေမိတော့သည်၊ ဟိုဟာလုပ်ရင် အပြစ်ရှိမလား၊ သည်ဟာပြောရင် အပြစ်ရမလားစသည့် အလေ့တို့သည် မကျင့်ဘဲ ပွားလာတော့သည်၊ အယုတ်ဆုံး ရည်းစားစကား ပြောရာမှာပင် ရဲဆေးမတင်ဘဲ မပြောဝံ့၊ သည်အထဲ ဝါသနာပါလို့ စာလေး ပေလေးဖတ်ပြန်တော့လည်း လက်လှမ်းမှီတာက စုန်း တစ္ဆေ ကဝေ၀တ္ထုများ ကဝေသင်္ချိုင်းဆိုသည့် စာအုပ်ထဲမှ ဇာတ်ဝင်ခန်းများဆိုလျှင် အခုထိပင်ကြောက်လို့ကောင်းတုန်း၊ အကြောက်တရားကို နည်းနိုင် လျော့နိုင် ပယ်နိုင် ရှားနိုင်မလားအောင်းမေ့ ပါတယ်၊
     အကြောက်ဆင့်လောင်းသည့် အရာတွေကသာ ဝန်းကျင်မှာ ပြည့်နှက်လို့၊ မကြောက်မရွံ့လွတ်လပ်စွာ ကိုယ်စိတ် ကိုယ့်ကိုယ် လုပ်ကိုင်ဖို့ မဆိုထားနှင့် လွတ်လပ်စွာ ပြောဆိုရမည်ကိုပင် “ထရံကြား နားရှိသည်”ဆိုသည့် စကားဟောင်းများကြောင့် နှုတ်ဆွန့်ခဲ့သည်၊ တွေးမည် ခေါ်မည်ကြံစည်တော့လည်း ငါ့အကြံကို တစ်စုံတစ်ဦးများ သိသွားလေမလားဆိုပြီး ရဲရဲမတွေးတတ်၊ ကြုံသမျှအရေးတို့ကို အပ်သလား ရာသလားမစဉ်းစား ကြောက်ဖို့သာ အသင့်ပြင်နေတော့သည်၊ ကြာတော့ ကြောက်ရွံ့ခြင်းသည် အကျင့်ပါနေခဲ့ပြီ။
      ထို့ပြင် အခြားသူတွေ အဖမ်းအဆီးခံတာ ကြုံလျှင်လည်း ငါကိုလည်း ဖမ်းဆီးမှာ လား၊ အခြားသူတွေ မမာမကျန်းဖြစ်ကုန်ပြီ ငါမှာရော စသည်ဖြင့် ..... အကြောင်းကိုမရှာဘဲ အမျိုးမျိုးရှာကြံကြောက်မိတော့သည်၊သည်အမူအကျင့်တွေကြောင့် အထက်ပါ အမည်သညာ ရှိခဲ့ရခြင်းပင်။
      ကျွန်တော်တို့ ဝန်းကျင်တွင် ကြောက်ရွံ့ခြင်းကို ဖြစ်ပေါ်စေတတ်သော အကြောင်း များစွာရှိရာ အာရုံခြောက်ပါးအပြည့်ဟုပင် ဆိုလိုက်ချင်ပါသည်၊ ကြာတော့ အကြောက် တရား၌ ပျော်ပိုက်နေသူများဟု မျိုးခြားမြေခြား သူအများတို့ ကဲ့ရဲ့ သင်္ဂြိုဟ်ဖွယ်ဖြစ်နေ တော့သည်။
      တကယ်စဉ်းစား ကြည့်သောအခါ ကျွန်တော်တို့သည် ကြောက်တတ်လျှင် “ဝန်ကင်း” ဆိုသည့်စကားပုံကိုသာ နားစွဲနေပြီ၊ “ကြောက်ရင်လွဲ ရဲ မင်းဖြစ် “ ဆိုသည့် စကားကိုတော့ မေ့ပျောက်နေကြသည်။ ကြောက်ရွံ့ခြင်းသည် ဘဝတွက် အလွန် အန္တရယ်ကြီး လှပေသည်၊ ကြောက်ရွံ့မှုအားကြီးလျှင် ယုံကြည်မှုပျောက်ဆုံးတတ်သည်၊ ယုံကြည်မှု ပျောက်ဆုံးလျှင် သိမ်ငယ်စိတ်ဝင်လာသည်ကို သတိပြုသင့်သည်။
      စာတွေရပါလျက် ဆရာကိုရွံ့၍ စာတွေပျောက်ရသည်အဖြစ်၊ စာတွေရပါလျက် ကြောက်သောကြောင့် ပုစ္ဆာကို မှန်ကန်စွာ မဖြေနိုင်သည် အဖြစ်နှင့်ကိုယ်တိုင် မြင်ဖူး သူများ၊ အလုပ်ရှင်များကို ဝံ့ဝံ့စားစားရင်မဆိုင်မှု၊ ခန်းနားထည်ဝါသော နေရာများ ဆိုင်ကနားများကို ဝင်မဆံ့ခြင်းများသည် ကိုယ်တိုင်ဆုံဘူးကြသည့် သာဓကများပင်။
      သတ္တုချကြည့်သော် ကြောက်ရွံ့ခြင်း၏အခြေခံသည် ဗဟုသုတ မရှိခြင်းနှင့် စဉ်းစားဆင်ခြင်ဉာဏ်မရှိခြင်းကြောင့်ဟု တွေ့ရပေသည်။ ဤနှစ်ချက်ဖြင့် ကြောက်ရွံ့စိတ် ဖြစ်ပေါ်တိုင်းဖြစ်ပေါ်တိုင်း ဘာကိုကြောက်တာလဲ၊
      ဘာကြောင့် ကြောက်တာလဲ စသည်ဖြင့် နိုင်းချိန်စဉ်းစား ဆင်ခြင်သုံးသပ်ခြင်း ပြုနိုင်လျှင် ကြောက်ရွံ့စိတ်တို့ ဖယ်ရှားနိုင်ကာ ရဲဝံ့မှုဖြင့်ပင် အစားထိုးနိုင်မည်မှာ ဧကန်ပင်ဖြစ်ပါသည်။ နန်းမအလယ် ရံရွှေများစွာနှင့် စံနေသော အလောင်းမင်းသား သိဒ္ဓတ္ထသည် တစ်ကိုယ်တည်း တောနက်ထဲလှည့်လည် တရားဖွေစဉ် ကြောက်ရွံ့ထိတ်လန့်ဖွယ် နိမိတ်အာရုံတို့ ကြုံသော်တိုင်း ဒါဟာ ငါ့ကို ဆုတ်နစ်စေတဲ့ မာရဘဲဟု ဆင်ခြင်ကား ပယ်ရှား ဝေးလွှင့်စေခဲ့ကြောင်းတို့ကို သံယုတ်ပါဠိတော်၌ အထင်အရှားတွေ့နိုင်ပါသည်။
      နည်းတူ ဂရိတွေးခေါ် ပညာရှင်ကြီး ဆော့ကရေးတီးသည်လည်း သေဒဏ်စီရင် ခံရအံ့နီးတွင် တပည့်များက ငိုယိုနေကြရာ သင့်တို့ သေခြင်းကို ကြောက်စရာဟု ဘာကြောင့် ပြောနိုင်သလဲ၊ သင့်တို့ ခံစားဖူးလို့လားဟု မေးခဲ့သည်၊
       တပည့်များက မခံစားဖူးကြောင်း ပြောကြတော့ သေခြင်းရဲ့ ဟိုမှာဘက်မှာ သင့်တို့ထင်သလို ဆိုးချင်မှဆိုးမှာဟုပြောကာ သေခြင်းကို မတုန်မလှုပ် ရင်ဆိုင် သွားတော့သည်၊ ဤကိုချင့်၍ ကြောင်းကျိုး စဉ်းစားဥာဏ် ရှိခြင်းနှင့် အထွေထွေ ဗဟုသုတြွကယ်ခြင်းသည် လူတိုင်းကြောက်ရွံ့သော သေခြင်းတရားကိုပင် ရဲဝံ့စွာ ရင်ဆိုင်စွမ်းရှိသည် မဟုတ်ပါလား၊ ထို့ကြောင့် အကြောက်တရားကို အနိုင်ယူ နိုင်သောသူတို့သည် အရာရာကို အောင်နိုင်သူများဟု ဆိုလိုက်ချင်ပါသည်၊  “ရဲရင့်ခြင်းကြောင့် တစ်ကြိမ်သာ သေဆုံးရ၍၊ ကြောက်ရွံ့ခြင်းကာ အကြိမ်ကြိမ်သေခဲ့ရ သည်” ဆိုသော စကားမှာ ထိုသို့သော အာဇာနည်တို့ ကျူးရင့်ခဲ့သော ဥဒါန်းပင်။
      ထိုသို့သော ဥဒါန်းမျိုးကို ကျွန်တော်တို့ အစ်မတစ်ဦးလည်း ကျူးရင့်ခဲ့ဖူးပါသည်၊ အသက်ဘေးနှင့် လက်တစ်ကမ်းအကွာ၊ သေမင်းက တစ် နှစ် သုံး တိုင်မင်ခေါ်နေချိန် အဖော်အားလုံးတို့ တွန့်ဆုတ်သွေးပျက်သည့်ကာလ၊ ထိုကာလတွင် ကျွန်တော်တို့ အစ်မကား သေခြင်းကို တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်ဖြတ်သန်းသွားခဲ့သည်၊ ထိုအစ်မ ပြောခဲ့သောစကားမှာ “လူတိုင်း ကြောက်ရွံ့ တတ်ကြသူချည်းပါဘဲ၊ ဒါပေမယ့် အများအတွက် လုပ်သင့်တာကိုတော့ ကြောက်လျက်နှင့် လုပ်ကြရမှာပဲ “ ဟု ဖြစ်ပါသည်။
      နောက်တစ်ခါ စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ် သူ့မိတ်ဆွေအား ပေးစာမှ စကားလေးတစ်ပိုဒ်ကလည်း“ကြောက်စရာရှိ ကြောက်၊ ငိုစရာရှိ ငို၊ ပူစရာရှိ ပူပင်၊ လုပ်စရာရှိတာ လုပ်” ဟူ၍ဖြစ်ပါသည်။
      ဤအကြောင်းများကို စဉ်းစားဆင်ခြင်ရင်း သူငယ်ချင်းများနှင့် တွေ့သောအခါ ကျွန်တော်တို့နာမည်များကို ပြောင်းဖို့ ကြိုးစားရပါမည်၊ နာမည်ပေး ကင်းပွန်းတပ် မင်္ဂလာ အသစ်ပြုကြပါမည်၊ ထိုအခါ အမေရိကန်သမ္မတကြီးသီအိုဒို ရုစဗဲ့၏ ဤစကားလေးကို မေတ္တာလက်ဆောင်ပေးရပါမည်။
     “ကျွန်ုပ်တို့မှာ ကြောက်စရာဆိုလို့ ကြောက်စိတ်တစ်ခုတည်းသာ ရှိသည်” တဲ့။ ။
ကံထွန်းသစ်
(ရွှေအမြုတေရုပ်စုံ မဂဇ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀ဝ၉)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP