ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၁)
တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၄၊ ၂၀၀၉
( စကြ၀ဠာနှင့်၃၁ဘုံ၊ ကမ္ဘာပျက်ပုံ တို့၏ အဆက် )
အချိန်ကာလ ဤ၍ ဤမျှဟု ရေတွက်ခြင်းမှာ မတတ်နိုင်သော မဟာကပ်ကမ္ဘာပေါင်း အသင်္ချေယျတို့အနက်မှ ခုနှစ်ခုသော အသင်္ချေအတွင်း၌ ပွင့်တော်မူကြကုန်သော ဗြဟ္မာဒေဝ အစရှိသည့် တစ်သိန်းရှစ်သောင်းငါးထောင် (၁၈၅,၀၀၀) ကုန်သော ဘုရားရှင်တို့ကို ဂေါတမ ဗုဒ္ဓဘုရားလောင်းလျာသည် ဖူးမြင်ကြုံတွေ့ခဲ့ရလေသည်။ ထိုဘုရားရှင်တို့၏ ဓမ္မဒေသနာကို ကြားနာရလေလျှင် ဘုရားဖြစ်လိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာ၍ ပါရမီ ၁၀ ပါး၊ ပရိစ္စာဂ ငါးပါးတို့ကို တစ်စတစ်စ ဖြည့်ဆည်းတော်မူလေသည်။
နောက်တစ်ဖန် ကိုးအသင်္ချေသော ကာလအတွင်းပွင့်တော်မူကြကုန်သော ပေါရဏသကျ ဂေါတမ အစရှိသည့် သုံးသိန်းရှစ်သောင်း ခုနှစ်ထောင် (၃၈၇,၀၀၀) ကုန်သော ဘုရားရှင်တို့နှင့် တွေ့ကြုံရပြန်သည်။ ထိုဘုရားရှင်တို့ကို ပစ္စည်းလေးပါးတို့ဖြင့် ပူဇော်မူကို ပြုလုပ်ရ၍ တရားတော်ကို နာရသဖြင့် နောင်သောအခါ ငါသည်လည်း လူတွင်ထင်ရှား ဘုရားစင်စင် ဖြစ်ပါစေကြောင်းကို ဆုတောင်းပတ္ထနာ ပြုတော်မူလေ၏။
ဤသို့ဖြင့် ပါရမီ ဆယ်ပါး၊ ပရိစ္စာဂ ငါးပါး တို့ကို အမြဲကြိုးစား အားထုတ်လေ၍ ပါရမီအဆောက်အအုံ ရင့်မာလာသောအခါ ဤကမ္ဘာမှ စ၍ ပြန်ရေတွက်သော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာ ရှင့်ရသေ့ အဖြစ်သို့ ရောက်ရှိတော်မူသည်။
ထို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်တွင် ပွင့်တော်မူခဲ့ပြီးသော နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့အနက် ဒီပင်္ကရာ ဘုရား လက်ထက်တွင် နီယတဗျာဒိတ် ကို ခံယူရရှိလေသည်။
ဘုရားဖြစ်ရန် ဆုတောင်းသော်လည်း ဆုတောင်းတိုင်းပြည့်စုံသည်မဟုတ်။ အင်္ဂါရှစ်ပါးနှင့် ညီညွတ်သူမှသာ တောင်းသည့်ဆုပြည့်စုံသည်။
ထိုအင်္ဂါရှစ်ပါးတို့မှာ.......
၁) လူသားဖြစ်ခြင်း၊
၂) ယောက်ျားဖြစ်ခြင်း၊
၃) ဆုတောင်းချိန်၌ ရဟန္တာဖြစ်နိုင်လောက်သည့် အကြောင်းပါရမီ ပြည့်စုံနေခြင်း၊
၎) သက်တော်ထင်ရှား ဘုရားတစ်ဆူဆူအထံတော်၌ ဘုရားဆုပန်ခြင်း၊
၅) ရသေ့ရဟန်း တစ်မျိုးမျိုးဖြစ်ခြင်း၊
၆) သမာပတ် ရှစ်ပါး ရသူဖြစ်ခြင်း၊
၇) မြတ်စွာဘုရားတို့အား အသက်ကို စွန့်လှုထားခြင်း၊
၈) ဘုရားဖြစ်ရန် ကြီးမားသော ဆန္ဒ၊ ဝီရိယရှိခြင်း၊ တို့ဖြစ်သည်။
သုမေဓာရသေ့သည် ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောကြောင့် ဘုရားဖြစ်လတ္တံ့ ဟူသော ဗျာဒိတ်စကားကို ဒီပင်္ကရာ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခြင်း ဖြစ်လေသည်။
ဂေါတမ မြတ်စွာဘုရား အလောင်းတော်သည် ဒီပင်္ကရာမြတ်စွာဘုရား မှစ၍ ကဿပမြတ်စွာဘုရား တိုင်အောင် ၂၄ ဆူသော ဘုရားရှင်တို့ထံတွင် ဗျာဒိတ်တော် ခံယူခဲ့သည်။
ဗျာဒိတ်တော် ခံယူသည့်ဘဝတို့မှာ-
ရသေ့အဖြစ် (၅) ဘဝ
၁) ဒီပင်္ကရာမြတ်စွာဘုရားအထံတော်၌ သုမေဓာရှင်ရသေ့ အဖြစ်၊
၂) နာရဒမြတ်စွာဘုရားအထံတော်၌ ဇဋိလ ရှင်ရသေ့အဖြစ်၊
၃) အတ္ထဒဿီမြတ်စွာဘုရားအထံတော်၌ သုသီမ ရှင်ရသေ့အဖြစ်၊
၎) သိဒ္ဓတ္ထမြတ်စွာဘုရားအထံတော်၌ မင်္ဂလာ ရှင်ရသေ့အဖြစ်၊
၅) တိဿမြတ်စွာဘုရားအထံတော်၌ သုဇာတ ရှင်ရသေ့အဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့သည်။
ရဟန်းအဖြစ် (၉) ဘဝ
၁) ကောဏ္ဍညမြတ်စွာဘုရားအထံတော်၌ ဝိဇိတာ စကြာမင်းဖြစ်၍ ရဟန်းအဖြစ်၊
၂) မင်္ဂလမြတ်စွာဘုရားအထံတော်၌ သုရုဝိ ပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်၊
၃) သုမေဓာမြတ်စွာဘုရားအထံတော်၌ ဥတ္တရမည်သော ပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်၊
၎) သုဇာတမြတ်စွာဘုရားအထံတော်၌ စကြာမင်းဖြစ်၍ ရဟန်းအဖြစ်၊
၅) ဖုဿမြတ်စွာဘုရားအထံတော်၌ ဝိဇီတာဝီအမည်ရှိ မင်းဖြစ်၍ ရဟန်းအဖြစ်၊
၆) ဝေဿဘူမြတ်စွာဘုရားအထံတော်၌ သုဒဿနမင်းဖြစ်၍ ရဟန်းအဖြစ်၊
၇) ကကုသန်မြတ်စွာဘုရားအထံတော်၌ ခေမအမည်ရှိမင်းဖြစ်၍ ရဟန်းအဖြစ်၊
၈) ကောဏဂုံမြတ်စွာဘုရားအထံတော်၌ ပဗ္ဗတမင်းဖြစ်၍ ရဟန်းအဖြစ်၊
၉) ကဿပမြတ်စွာဘုရားအထံတော်၌ ဇောတိပါလ ပုဏ္ဏားလုလင်ဖြစ်၍ ရဟန်းအဖြစ် ဗျာဒိတ်ခံယူတော်မူ ခဲ့သည်။
လူအဖြစ် (၅) ဘဝ
၁) ရေဝတမြတ်စွာဘုရားအထံတော်၌ အတိဒေဝအမည်ရှိ ပုဏ္ဏားဖြစ်၍ လူအဖြစ်၊
၂) သောဘိတမြတ်စွာဘုရားအထံတော်၌ အဇိတအမည်ရှိ ပုဏ္ဏားဖြစ်၍ လူအဖြစ်၊
၃) ပဒုမမြတ်စွာဘုရားအထံတော်၌ ဇဋိလမည်သော သူဌေးဖြစ်၍ လူအဖြစ်၊
၎) ပိယဒဿီမြတ်စွာဘုရားအထံတော်၌ ကဿပအမည်ရှိ ပုဏ္ဏားလုလင်ဖြစ်၍ လူအဖြစ်၊
၅) သိခီမြတ်စွာဘုရားအထံတော်၌ အရိန္ဒမ အမည်ရှိသောမင်းဖြစ်၍ လူအဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့သည်။
နဂါးအဖြစ် (၂) ဘဝ
၁) သုမန မြတ်စွာဘုရားအထံတော်၌ အတုလအမည်ရှိ နဂါးမင်းအဖြစ်၊
၂) ဝိပဿမြတ်စွာဘုရားအထံတော်၌ အတုလမည်သောနဂါးမင်းအဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့သည်။
အဖြစ်တစ်မျိုးစီဖြင့် (၃) ဘဝ
၁) ဓမ္မဒဿီမြတ်စွာဘုရားအထံတော်၌ သိကြားမင်းအဖြစ်၊
၂) အနောမဒဿီမြတ်စွာဘုရားအထံတော်၌ ဘီလူးစစ်သူကြီးအဖြစ်၊
၃) ပဒုမ မြတ်စွာဘုရားအထံတော်၌ ခြင်္သေ့မင်း အဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့သည်။
နောက်ထပ်ဖတ်ရန်မှာ.....
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၂)

0 comments:
Post a Comment