* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 9, 2009

မစိုးရိမ်အလွမ်း(၄)

မစိုးရိမ်တိုက်သစ်ဆိုတာက မစိုးရိမ်ကျောင်းတိုက်(ဟောင်း)ကြီးကိုတည်ထောင်ပြီး အဲဒီရွှေရောင်တ၀င်းဝင်း ကျောင်းတော်ကြီး အတွင်းမှာပဲ နှစ်ပေါင်းများစွာ စာပေပရိယတ်ကို ကမ္ဘာနဲ့ချီအောင် လင်းစေနိုင်ခဲ့တဲ့ အဂ္ဂါဘိဓဇမစိုးရိမ်ဆရာတော်ကြီး ဦးသူရိယအတွက် အေးအေးလူလူသီတင်းသုံးဖို့ရည်ရွယ်ဖြစ်တည်လာတဲ့ ကျောင်းတိုက်ပါပဲ။ (မစိုးရိမ်ကျောင်းတိုက်ကြီးနဲ့ပတ်သက်ပြီး ယခင်စာသင်တိုက် ယခုတက္ကသိုလ် မှာ တို့ထိရေးသားခဲ့ပြီး။)

ဆဋ္ဌသံဂါယနာကို ဦးဆောင်ပြီး အထက်တန်းသာသနာ့တာဝန်တွေကို ရွံ့ရွံချွန်ချွန်ထမ်းဆောင်ခဲ့တဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီးဟာ ဘုန်းကံလည်း ကြီးမားတော်မူလေတော့ အေးအေးလူလူနေဖို့ ရည်ရွယ်ထားတဲ့ မစိုးရိမ်ကျောင်းအသစ်ရဲ့ ပရိဝုဏ်ထဲမှာ ကျောင်းဒကာ ကျောင်းဒကာမတွေက နေ့ချင်းညချင်း ကျောင်းတွေ ဆောက်လုပ်လှူဒါန်းကြပါတော့တယ်။

ဒီနေရာမှာ မစိုးရိမ်တိုက်သစ်ရဲ့ ပထမဆုံးကျောင်းဒကာဦးတောနဲ့ ကျောင်းဒကာမဒေါ်နိုင်တို့ရဲ့ အကြောင်း ကလည်း စိတ်ဝင်စားစရာပါ။ မစိုးရိမ်ဆရာတော်ဘုရားကြီးဟာ မစိုးရိမ်ကျောင်းတိုက်ကြီးမှာ စာပေပို့ချနေ ပေမယ့် ရံဖန်ရံခါဆိုသလို စစ်ကိုင်းတောင်က နံ့သာချောင်မှာ တောရိပ်တောင်ရိပ်ခိုလေ့ရှိပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့အခါမှာတော့ မန္တလေးမှာ နေထိုင်သီတင်းသုံးလို့မဖြစ်တော့တာမို့ စစ်ကိုင်း တောင်ရိုးက အဲဒီနံ့သာချောင်မှာပဲ စစ်ဘေးခိုရင်း သုံးနှစ်တာ သီတင်းသုံးတော်မူခဲ့ရပါတယ်။

သစ်ဆိမ့်ချောင်မှာ စစ်ဘေးခိုနေတဲ့ ဦးတော+ဒေါ်နိုင်တို့ဟာ မစိုးရိမ်ဆရာတော်ဘုရားကြီးကို ဆည်းကပ်ခွင့်ရခဲ့ကြတာပါ။ ဆရာတော်ကြီး ရဲ့ ဆွမ်းကွမ်းဝေယျာဝစ္စကို နေ့စဉ်အနီးကပ် ဆောင်ရွက်ခွင့် ရခဲ့ကြတာမို့ ဆရာတော်ကြီးရဲ့ သိက္ခာသုံးပါးအရိပ်က ကျောင်းဒကာ ကျောင်းဒကာမလောင်းတွေရဲ့ နှလုံးသား ပေါ်မှာ အေးမြစွာ ထိုးကျခဲ့တာပါ။ မစိုးရိမ်ဆရာတော်ကြီးဆိုတာက ပွင့်ပွင့်လင်းလင်း မိန့်တော် မူတတ်သလို ရိုးရှင်းစွာလည်း နေတော်မူတတ်တာကိုး။

သက်တော်(၉၆)နှစ်မွေးနေ့တော်မှာ “ ငါတော့ အသက်ကိုးဆယ့်ခြောက်နှစ်ရှိပြီ၊ ဘာတရားထူးမှ မရသေးဘူးဗျား” လို့ ရိုးရိုးကြီး မိန့်တော်မူတာကို လူပျံတော်ပတ္တမြားဦးမောင်မောင်က ဒီလိုလျှောက်ထားခဲ့ပါတယ်။” ဆရာတော် ဘာတရားထူးမှ မရပေမယ့် ပုထုဇဉ် ရဟန်းတစ်ပါးအနေနဲ့ အနီးကပ်အကိုးအကွယ်ခံနိုင်တဲ့ဆရာတော်ပါဘုရား” တဲ့။ သြော် အံသြဖွယ်ရှိပေစွ..။

ဒုတိယကမ္ဘာစစ်ကြီးပြီးတာနဲ့ မစိုးရိမ်ဆရာတော်ကြီးကလည်း ကျောင်းတိုက်ကြီးမှာ ပြန်လည်သီတင်းသုံးကာ စာပေပို့ ချမပျက် ရှိတော်မူ ခဲ့သလို ဦးတော+ ဒေါ်နိုင်ဇနီးမောင်နှံတို့ကလည်း ဂေါဝိန်ဆိပ်ကမ်းမှာ ဆန်ဆိုင်လေးဖွင့်ကာ စီးပွားရှာခဲ့ရာမှ (၇) နှစ်(၈) နှစ်ခန့်အတွင်း မှာပဲ မန္တလေးမြို့ ဆန်ကုန်သည်လောကမှာ ထင်ရှားလောက်အောင် စီးပွားဖြစ်ခဲ့ကြပါတယ်။

စီးပွားဖြစ်ထွန်းလာတဲ့အခါ သူတို့ဇနီးမောင်နှံရဲ့ ပထမဆုံးစိတ်ကူးက မစိုးရိမ်ဆရာတော်ဘုရားကြီးကို ကျောင်းဆောက်လှူဒါန်းဖို့ပါပဲ။

ခက်တာက မစိုးရိမ်ကျောင်းတိုက်ကြီးမှာ ကျောင်းဆောက်ကိုးကွယ်စရာမြေကွက်လပ်မကျန်တော့ပါဘူး။ ပြီးတော့ မစိုးရိမ်ကျောင်းဒကာမိသားစုကလည်း မစိုးရိမ်ကျောင်းတိုက်ကြီးကို တစ်ဦးတည်းမူပိုင်ဆောက်လုပ်ပြီး ကျောင်းရှိသံဃာတွေကိုလည်း ပစ္စည်းလေးပါးနဲ့ မညှိုးငယ်ရအောင် စိတ်ကြိုက် ထောက်ပံ့ လှူချင်ကြတာ ကလား။ အဲဒီတော့ မစိုးရိမ်ဆရာတော်ကြီးက ကျောင်းသစ်ကန်သစ်အတွက် နေရာပရိဝုဏ်အသစ်ကို ရှာဖွေပေးခဲ့ပါတယ် ။

မစိုးရိမ်ဆရာတော်ကြီးကို ယုံကြည်ကိုးစားတော်မူတဲ့ လားရှိုးဆရာတော်ဦးကေသရက သူပိုင်ဆိုင်တဲ့ ဒိုင်ဝန်ကျောင်းမြေကွက်ကို ကန့်သတ်ပြီး ယခုမစိုးရိမ်တိုက်သစ်နေရာအကွက်ကြီးကို လှူဒါန်းခဲ့ပါတယ်။ အဲဒီနေရာအသစ်မှာ ဦးတော+ဒေါ်နိုင်မိသားစုတို့က ဓမ္မဒါယာဒကျောင်းဆောင်သစ်ကို စတင်ဆောက်လုပ်လှူဒါန်းခဲ့ရာက မစိုးရိမ်တိုက်သစ်ရဲ့ နိဒါန်းပွင့်ခဲ့တော့တာပါ။ ကျောင်းဒကာ မိသားစုတို့က ကျောင်းအရင်ဆောက်လုပ်ပြီးမှ နေဖို့အိမ်ဆောက်ကြပါသတဲ့။ တိုက်အိမ်သစ်တက် မင်္ဂလာကျင်းပတဲ့နေ့မှာပဲ အဲဒီတိုက်နဲ့အတူ ခြံမြေကိုပါ မစိုးရိမ်တိုက်သစ်သံဃိကအဖြစ် ရေစက်ချ လှူဒါန်းခဲ့ ကြပြန်ပါသတဲ့။

အဲဒီလို ဦးတော+ဒေါ်နိုင်တို့ကို အတုလိုက်ပြီး အိမ်ကို ကျောင်အမှတ်နဲ့ လှူသူတွေများစွာရှိပါတယ်။ ဒါပေမယ့် မစိုးရိမ်ဆရာတော်ကြီးက တစ်သက်နေဆိုပြီး ပြန်လည်စွန့်ခဲ့တာချည်းပါပဲ။

ဦးတော+ဒေါ်နိုင်တို့အုတ်မြစ်ချလိုက်တဲ့ မစိုးရိမ်တိုက်သစ်ရဲ့ ပရိဝုဏ်ထဲမှာ ကျောင်းဒကာဒကာမတွေက ကျောင်းတွေ အဆက်မပြတ်ဆောက်လုပ်လှူဒါန်းကြတော့တာပါ။ ဓမ္မကို အထွတ်တင်တဲ့ကျောင်းတွေ အစီအရီပေါ်လာပါတော့တယ်။

ဓမ္မဒါယာဒ( ၁၃၁၆)

ဓမ္မကာမ( ၁၃၁၇)

ဓမ္မဒီပ (၁၃၁၈)

ဓမ္မသုခ(၁၃၁၈)

ဓမ္မာဘိမတသာသနသောဘိဏီသိမ်တော်(၁၃၂၀)

ဓမ္မ၀ိနယရံသီ(၁၃၂၇) စသည် စည်ပင်ထွန်းကားလာခဲ့ပါတယ်။


မစိုးရိမ်တိုက်သစ်မြေနေရာက အကွက်အကွင်းအလွန်ကျပါတယ်။ တိုက်သစ်ရဲ့ တောင်ဘက်မျက်နှာစာမှာ ဒိုင်ဝန်ကွင်းကျောင်းကြီးကို ရှည်မျောမျောမြွေကြီးတစ်ကောင်ပတ်ခွေထားသလိုပါပဲ။ တိုက်သစ်ကိုတော့ သင်္ဂဇာချောင်းက ပတ်ခွေထားပြန်ပါတယ်။ ကျောင်းတိုက်ကြီး အတွင်းမှာ မင်းလမ်းမကြီးက တစ်ခုတည်းပဲ ရှိပါတယ်။

(ကော်နက်ရှင်းမကောင်းလို့ နောက်နေ့မှပဲ ရေးပါရစေတော့)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP