သင့်ခန္ဓာကိုယ်က သင့်အဘိဓမ္မာ အခန်း ၎
ယနေ့ စိတ်အမျိုးအမည်များကို သံသရာမှ မလွတ်မြောက်သေးသူတို့သန္တာမှာ တစ်ပါးမဟုတ် တစ်ပါး ဖြစ်နေတဲ့ (လောကီ)စိတ်၊ သံသရာမှထွက်မြောက်ပြီးသော အရိယာပုဂ္ဂိုလ်တို့သန္တာန်မှာသာ ဖြစ်သော (လောကုတ္တရာ)စိတ် အလိုအားဖြင့် အထက်မှာ ပြခဲ့တဲ့ စိတ် -၈၉-ပါးကို ထပ်မံ ခွဲပြပါမယ်။
စိတ် (၈၉)ပါးထဲမှာ သံသရာမှာ ကျင်လည်နေသော သူတို့သန္တာန်မှာ တစ်ပါး မဟုတ်၊ တစ်ပါး ဖြစ်နေတဲ့ (လောကီ) စိတ်က -၈၁-ပါးရှိပါတယ်။
လောကီစိတ် (mundane)-၈၁-ပါးဆိုတာ….
၁။ အကုသိုလ်စိတ် ၁၂-ပါး
Unwholesome consciousness
၂။ ကုသိုလ်စိတ် ၁၇-ပါး
Wholesome consciousness
၃။ ၀ိပါက်စိတ် ၃၂-ပါး
Resultant consciousness
၎။ ကြိယာစိတ် ၂၀-ပါး
Functional consciousness
ပေါင်း = ၈၁-ပါး။
----------------------------
ဤ -၈၁-ပါးကို လောကီစိတ်လို့ ခေါ်ပါတယ်။ မိမိတို့တစ်တွေသန္တာန်မှာ နေ့စဉ် အထက်ပါ လောကီစိတ် -၈၁-ပါးထဲမှ တစ်ပါး မဟုတ်၊ တစ်ပါးနဲ့ ဖြစ်နေကြတာပါ။
အထက်ပါ -၄-မျိုးရဲ့ အဓိပ္ပါယ်တွေက…
အကုသိုလ်ဆိုတာ ဘာလဲ?
“အကုသိုလ်”ဆိုပြီး လူတွေပြောနေ၊ သုံးစွဲနေ ကြတယ်။ ဘာလို့ အကုသိုလ်ခေါ်တာလဲ? ဆိုတော့…
အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းကျိုးကို ပေးခြင်း သဘောတရားကြောင့် ကိုယ်ဖြင့်ပြုတဲ့ မကောင်းမှု ကာယကံ၊ နှုတ်ဖြင့်ပြောတဲ့ မကောင်းမှု ၀စီကံ၊ စိတ်ဖြင့် ကြံစီတဲ့ မကောင်းမှု မနောကံတို့ကို အကုသိုလ်လို့ ခေါ်တာပါ။ (ပါဠိ= အကုသလံ သာဝဇ္ဇဒုက္ခ၀ိပါက လက္ခဏံ)။
စဉ်းစားကြည့်လိုက်ပါ၊ အကုသိုလ်အမှု တစ်ခုခု လုပ်မယ်လို့ စတင်စဉ်းစားတဲ့အချိန်က စပြီး.. မိမိမှာ ပူလောင်နေရပြီ၊ အကုသိုလ် အမှုလုပ်သူတိုင်း သူများ မပူလောင်ခင်မှာ ကိုယ်ကိုယ်တိုင် အရင် ပူလောင်နေရပါတယ်။ အကုသိုလ်အမှုကြံစီနေရင်း ပူလောင်တဲ့ အကျိုးကလည်း ကာလမခြား ပေးနေတာပါ။ တရားဂုဏ်တော် -၆-ပါးထဲမှာပါတဲ့ “အကာလိကော” “အချိန်အခါမဆိုင်းပဲ အကျိုးပေးတယ်”ဆိုတာ ဒီသဘောပါ။ ဗုဒ္ဓမြတ်စွာရဲ့ အဘိဓမ္မာသဘောတရားအရကတော့ ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုး၊ မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုး အနဲနှင့် အများဆိုသလို အကျိုးပေးတယ်တာ ဒီသဘောကို ခေါ်တာပါ။
ဒီနေရာမှာ သံသယဖြစ်ဖွယ်ရှိပါတယ်။ တခြားဘာသာဝင်တွေ တိရစ္ဆာန်တွေ သတ်ပြီး ယဇ်ပူဇော် ကုသိုလ်ပြုနေကြတာ ပျော်နေကြတာပဲ၊ ပူလောင်မှု မဖြစ်ဘူးလို့ ထင်မြင်ယူဆနိုင်ပါတယ်။ မသိမှု ဖီစီးနေတော့ တဒင်္ဂပျော်နေတာတော့ ဖြစ်နိုင်ပါတယ်။ တကယ်စဉ်းစား ဆင်ခြင်တတ်တဲ့ ဉာဏ်ဖြင့် ဆင်ချင်ကြည့်လိုက်မယ်ဆိုရင် တခါက တင်ပြဘူးတဲ့ “အီရတ်က သားအဖ ၂-ယောက်ပမာ” စစ်မှန်တဲ့ စိတ်ချမ်းသာမှု ခံစားရမယ်လို့ မထင်မိပါဘူး။ တချို့ကိစ္စတွေကျတော့လည်း သွန်းသင်မှုရဲ့ လွမ်းမိုးမှုတွေက အားကြီးတော့ အမှားကို အမှန်ထင်နေကြလို့ ပျော်နိုင်ကြတာလည်း ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများ ဒီကိစ္စနှင့် ပိတ်သက်၍ အကြံပြုနိုင်ပါတယ်၊ ဆွေးနွေးနိုင်ပါတယ်။
ကုသိုလ်ဆိုတာကကော ဘာလို့ ကုသိုလ်လို့ခေါ်သလဲ?
အကုသိုလ်ကို သိရင် ကုသိုလ်ဆိုတာ အလိုလို သိပြီးသား ဖြစ်ပါတယ်။ “အပြစ်မရှိခြင်း၊ ကောင်းကျိုးကို ပေးတတ်ခြင်း သဘောတရား”ကြောင့် ကိုယ်ဖြင့် ပြုတဲ့ ကောင်းမှု ကာယကံ၊ နှုတ်ဖြင့်ပြောတဲ့ ကောင်းမှု ကာယကံ၊ စိတ်ဖြင့် ကြံစီတဲ့ ကောင်းမှု မနောကံအမှု တို့ကို ကုသိုလ်လို့ခေါ်တာပါ။ (ပါဠိ= ကုသလံ သာဝဇ္ဇသုခ၀ိပါကလက္ခဏံ)။
ဝိပါက်ဆိုတာ ဘာလို သဘောလဲ?
လူတွေ ပြောပြောနေတာ ရှိပါတယ်။ ကာလ၀ိပါက် နေ့မကူးဘူး..စသည်ဖြင့်။ ဆိုလိုတာက အကုသိုလ်လုပ်ရင် ဘယ်အကုသိုလ်အပြစ်ဖြစ်ဖြစ် နေ့မကူးဘူး ခံစားရမယ်လို့ ဆိုလိုတာပါ။
ဝိပါက်=ဆိုတာ ပါဠိစကား “၀ိပါက”ကလာတာပါ။ အထူးထူးသော (အမျိုးမျိုးသော) ကုသိုလ်+အကုသိုလ်တို့၏ အကျိုးသဘောကို ၀ိပါက်လို့ ခေါ်တာပါ။ အကျဉ်းချုပ်ကတော့ ကုသိုလ်+အကုသိုလ်အမှုတို့ အကျိုးပေးခြင်းခံရတဲ့ သဘောတရားပါ။ (ပါဠိ= အညမည၀ိသိဋ္ဌာနံ ကုသလာကုသလာနံ ပါကာတိ ၀ိပါကာ)။
နောက်ဆုံးက.. ကြိယာ
ဒီစကားလုံးကတော့ လူပုဂ္ဂိုလ်တို့အတွက် စိမ်းနေပါလိမ့်မယ်။ နေ့စဉ် စကားထဲမှာ အသုံးပြုတာ မရှိသလောက်ပါဘဲ။ ဒီကြိယာစိတ်တွေသည် များသောအားဖြင့် ရဟန္တာပုဂ္ဂိုလ်တို့ သန္တာန်မှာသာ အဖြစ်များပါတယ်။
ရဟန္တာပုဂ္ဂိုလ်တို့ ပြုလုပ်တဲ့ တံမြတ်စည်းလှဲခြင်း၊ ဘုရားရှိခိုးခြင်းစသည့် ကုသိုလ်တွေသည် ပုထုဇဉ်ပုဂ္ဂိုလ်များ၊ ရဟန္တာအဆင့်အထိ မဖြစ်သေးတဲ့ အရိယာပုဂ္ဂိုလ်များလို ကိုယ်လုပ်သည့်ကံက အကျိုးပေးသည့် ကုသိုလ်အနေနှင့် မဖြစ်တော့ပါဘူး။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်တို့ ပြုလုပ်တဲ့ ကုသိုလ်သည် ဤကြိယာ(ကိရိယာ)ဟူသော စိတ်အနေနှင့်သာ ဖြစ်ကြပါတယ်။ ကြိယာကို “ကိရိယာ”လို့လည်းရေးသားကြပါတယ်။ ၂-မျိုးလုံးမှန်ပါတယ်။ ဆိုလိုတာက ပြုလုပ်ကာမတ္တဆိုတဲ့ သဘောပါ။ အကျိုးပေးခြင်း သဘောမရှိ။ အကျိုးမပေးတော့တဲ့ ရဟန္တာတို့သန္တာန်မှာ ဖြစ်တဲ့ ကုသိုလ်ဖြစ်ပါတယ်။ (ပါဠိ= ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ)။


0 comments:
Post a Comment