* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 16, 2009

လူချင်း တူသော်လည်း

ဤအကြောင်းအရာများမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀-ခန့်ကာလက ဖြစ်သည်။ ထိုအချိန်က ကျွန်တော်တို့ နေသော အုပ်စုတွင် ဆန်စက်ကြီး နှစ်လုံးသာ ရှိသည်။ ထိုစက်နှစ်ခုတွင် တခုကသာ တောင်သူဝမ်းစာ စပါး ကြိတ်ခွဲသည်။ တပေါင်းလတွင် တောင်သူတို့ထုံးစံ ၀မ်းစာစပါးကြိတ်ရသည်။ ဆန်စက်ရှိရာ ရွာကြီးသို့ နံနက် ၃-နာရီအချိန်မှထ၍ လှည်းဖြင့် သွားရသည်။ ဆန်စက်သို့ စောစောရောက်မှ စောစောကြိတ်ရသည်။ တခါတရံ အခန့်မသင့်လျှင် ညအိပ်ရတတ်သည်။

ကျွန်တော်တို့ရွာမှ ကျွန်တော်အပါအ၀င် ကိုထွန်းနှင့် ဘကြီးသိန်းတို့ သုံးဦး လှည်းသုံးစီးဖြင့် လာကြသည်။ ဆန်ကြိတ်ရန် တန်းစီးနေရာအရ ကျွန်တော်တို့ စပါးကို နံနက် ၁၀-နာရီခန့်မှ ကြိတ်ရပါမည်။ မကြာမီ ကျွန်တော်တို့ စပါးကို ကြိတ်ရန်အလှည့်သို့ ရောက်ပါတော့မည်။ ထို့ကြောင့် လှည်းပေါ်မှ စပါးများကို ကျုံးရန် ပြင်ဆင်နေကြသည်။

ထိုအချိန်တွင် ရေးကြီးသုတ်ပျာ အမူအရာနှင့် လူနှစ်ယောက် ရောက်လာကြသည်။ တဦးက အကိုတို့အလှည့် ရောက်တော့မှာလား-ဟု မေးသည်။ ကျွန်တော်က ဟုတ်ကဲ့-အခုစက်ထဲက စပါးပြီးရင် ကျွန်တော်တို့စပါးကို ကြိတ်မှာ-ဟုဖြေသည်။ ခင်ဗျားတို့စပါးကို မကြိတ်ခင် ကျွန်တော်တို့ စပါးလေး ၁၀-တင်းလောက် ဖြတ်ပြီး ကြိတ်ပါရစေ ခင်ဗှား-ဟု ထိုသူက မေတ္တာရပ်ခံသည်။

ထိုအခါ ကိုထွန်းက-ဟာ ဘယ်ဖြစ်မလဲ ကျွန်တော်တို့က တခြားရွာက လာရတာ ခင်ဗျားတို့ တန်းစီနေရာအတိုင်း ကြိတ်ပေါ့။ ကျွန်တော်ကလည်း ဟုတ်ပါတယ်ဗျ၊ နေမြင့်ရင် နွားတွေ နေပူမှာစိုးလို့ပါ။ ထိုသူနှစ်ယောက်က လက်ကာ၍ ခင်ဗျားတို့ပြောတာ မှန်ပါတယ်။ကျွန်တော်တို့ကလဲ အခက်အခဲဖြစ်နေလို့ပါ။ အလှူအိမ်မှာ ထမင်းကျွေးရင်း ထမင်းပြတ်တော့မယ် ဖြစ်နေလို့ လတ်တလော စပါးလာကြိတ်ရတာပါ။ ဒီအချိန်မှ စပါးမကြိတ်ရရင် အားလုံး အခက်အခဲတွေ ဖြစ်ကုန်မှာစိုးလို့ပါ။

ထိုအခါ ဘကြီးသိန်းက-အလှူအတွက် အခက်အခဲဖြစ်နေလဲ ဖြတ်ပြီးကြိတ်ပါစေကွာ။ တို့နွားတွေ နေပူရင်လည်း ညနေမှ ပြန်တာပေါ့။ ဟာ ၀မ်းသာလိုက်တာ ဦးလေးရယ်၊ အခုလို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူကြီးကပြော၍သာ ငြိမ်နေရသည် ကျွန်တော်နှင့် ကိုထွန်းကတော့ မကျေနပ်ပေ။ ကျွန်တော်တို့ စပါးကြိတ်ပြီးသောအခါ နံနက် ၁၁-နာရီထိုးပါပြီ။ ပူပြင်းသော တပေါင်းနေကြောင့် နွားတွေကို မပင်ပန်းစေရန် ညနေမှပင် ပြန်ရန် ဆုံးဖြတ်လိုက်ပါသည်။

ထိုအချိန်တွင် စောစောက စပါးကြိတ်ရန် လာပြောသော လူနှစ်ယောက် ရောက်လာကာ ဒီက ဦးလေးနှင့် အကိုနှစ်ယောက်ကို အလှူအိမ်မှာ ထမင်းလာစားဖို့ လာပြီးဖိတ်ခေါ်တာပါ-ဟု လာခေါ်ပါသည်။ ဘကြီးသိန်းက -မလာတော့ပါဘူး တူမောင်တို့ရာ၊ ဦးတို့မှာလဲ ထမင်းထုပ်တွေ ပါ,ပါတယ်။ ပြီးတော့ နွားတွေကို ထားခဲ့ရမှာလဲ စိတ်မချဘူး။ မဟုတ်ပါဘူး ဦးရယ်-ဦးတို့လှည်းတွေပါ မောင်းခဲ့ပါ။ အလှူအိမ်က မဝေးပါဘူး။ အလှူရှင်က ဦးတို့ကို ကျေးဇူးတင်လွန်းလို့ ကျွန်တော်တို့ကို ဖိတ်ခိုင်းတာပါ။

ဤသို့ဖြင့် ကျွန်တော်တို့ အလှူအိမ်သို့ ရောက်ခဲ့ပါတော့သည်။ ထမင်းစားပြီး၍ နေ့လယ် ၂-နာရီ တရားပွဲ စပါသည်။ တရားမနာခင် ပရိသတ်ကို စာရေးတံမဲ ဖောက်၍ လှူဒါန်းပါသည်။ ကျွန်တော်နှင့် ကိုထွန်း ဗလာမဲကျပါသည်။ ဘကြီးသိန်းကတော့ ကြွေရေသုပ် လေးဆင့်ချိုင့်ကြီးတလုံး မဲပေါက်ပါသည်။ ကျွန်တော်နှင့် ကိုထွန်း တယောက်မျက်နှာ တယောက်ကြည့်လိုက်မိသည်။ လူချင်းတူကြသော်လည်း ကျွန်တော်တို့ သုံးဦး၏ စာနာစိတ်၊ ကူညီရိုင်းပင်းချစ်စိတ်တို့ ကွာခြားသလို လက်ငင်းအကျိုးပေးခြင်းလည်း ကွာခြားပါသည်။ ထို့အတူ သံသရာတလျှောက်တွင်လည်း ကွာခြားမည်မှာ အမှန်ဖြစ်ပါသည်။ ကျွန်တော်တို့၏ စိတ်ဓာတ်ကို ကြိုးစား၍ မြှင့်တင်ရပါဦးမည်။

( အင်ပင်-သန်းဌေးအောင်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP