* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, November 4, 2009

ဖိုးသား (အဖြူရောင်မေတ္တာ) ၏ တဂ်အဖြေ

ဖိုးသား (အဖြူရောင်မေတ္တာ) က မေးခွန်းဆယ့်တစ်ချက်ဖြေဖို့ တဂ်ထားတာကို စီဘောက်စ်မှာ ဖက်လိုက်ရတယ်။ ပထမတော့ ဘာလဲပေါ့ မဆိုင်သလို အသာနေလိုက်တယ်။ မေးခွန်းမေးလို့ ပြန်ဖြေရမယ်ဆိုတာကို မသိဘူး။ (ဗဟုသုတနည်းပုံက)။ ပန်းကမ္ဘာဆရာတော်က လာပြီး သတိပေး ပြန်တယ်။ ဒါနဲ့ အချိန်လေး အားနေတုန်း လယ်တီဆရာတော်ကြီး၏ သံဝေဂ လေးချိုးကြီး ဒုတိယပိုဒ် အဖြေတင်ပြီး တောသားလေးနဲ့ အွန်လိုင်းမှာ တွေ့စဉ် အဲဒီတဂ်အကြောင်းကို မေးရတော့တယ်။ ဘုန်းဘုန်းရေ ဖိုးသာက ဘုန်းဘုန်းကို ဆယ့်တစ်ချက်သော မေးခွန်းတွေကို ဖြေခိုင်းတာပါဘုရားတဲ့။ အဲ ....အဲဒီတော့မှပဲ ရှင်းလင်းသွားတော့တယ်။ ဒါနဲ့ ဖိုးသားပေးတဲ့ လင့်ခ်ကို ကလစ်ကြည့်တော့ မေးခွန်းဆယ့်တစ်ချက်နဲ့ သူ့အဖြေလေးတွေ တွေ့တော့တယ်။

ဖိုးသားဖြေထားလေးတွေက ဓမ္မသဘော ဓမ္မအသိဥာဏ်များစွာနဲ့ ဖြေထားတာတွေ့လို့ သဘောကျမိတယ်။ ဒါနဲ့ မေးတော့ ဖြေဖို့ တာဝန်ကရောက်လာတော့ ဘာဖြေမလဲစဉ်းစားနေလိုက်တာ အတွေးဝင်လာတာလေး ခုရေးချလိုက်မိတာက ....

ကမ္ဘာကြီးပျက်ရင်ဆိုတာကို အများစုကတော့ သတ္တ၀ါတွေ အများစုနေထိုင်တဲ့ ယနေ့ကမ္ဘာကြီးကို ဆိုလို နေကြတာပေါ့။ မနက်ဖြန်ကတော့ ရောဟိတဿသုတ် (အင်္ဂုတ္တရနိကယ်)မှာလာတဲ့ သုတ္တန်ကို သတိယမိလို့ ကမ္ဘာဆိုတာ တစ်လံမျှရှိတဲ့ ခြေအစ ခေါင်းဆုံးဖြစ်တဲ့ မိမိခန္ဓာကိုယ်ကို သွားမြင်မိတယ်။

အပိစာဟံ အာဝုသော ဣမသ္မိံ ယေ၀ ဗျာမမတ္တေ ကဠ၀ရေ သသညိမှိ သမနကေ လောကဉ္စ ပညာပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနဉ္စ ပဋိပဒန္တိ။ (အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်- ရောဟိတဿဝဂ်၊ ဒုတိယရောဟိတဿသုတ်)

တကယ်တော့ သတ္တလောကပဲဖြစ်ဖြစ်၊ သင်္ခါရလောကပဲဖြစ်ဖြစ် သြကာသလောကပဲဖြစ်ဖြစ် လောက(ကမ္ဘာ) မှန်သမျှဟာ မတည်ငြိမ်ဘူး၊ လှုပ်လှုပ်ရွရွဖြစ်နေတယ်၊ လိုအပ်မှုတွေနဲ့ပြည့်နက်နေတယ်၊ လို့ အရှင်ရဋ္ဌပါလက ဂေါရဗျမင်းကြီးကိုမိန့်ဆိုထားတာရှိပါတယ်။

ယနေ့ခေတ် ယနေ့လောကကြီးဟာ ပြင်ပအားဖြင့် စီးပွားရေး လူမှုရေး ပညာရေး ကျန်းမာရေး၊ နိုင်ငံရေစတဲ့ အရေးတွေ ကမ္ဘာကြီးတခုလုံးကို ကြည့်လိုက်ပါက ဖြစ်ပျက်နေတာတွေပဲ မြင်တွေ့နေရတာပဲပေါ့။ နောက်ဆုံး ရောဟိတဿသုတ္တန်အရ မိမိခန္ဓာလို့ခေါ်တဲ့ လောကသည်ပင် နေ့ညမပျက် ဖြစ်ပျက်နေသည်မဟုတ်ပါလား။

ဖြစ်ခြင်း၏နောက်ကွယ်မှာ ပျက်ခြင်းဆိုတာရှိသလို၊ ပျက်ပြီးရင်လည်း ပြန်ဖြစ်လာတတ်တာ ဓမ္မတာတစ်ခုပါ။ လူတွေအားလုံးနေထိုင်သည့် ကမ္ဘာကြီး မီလောင်ကြွေကျ ပျက်ဆီးသွားမည်ကို ထိတ်လန့်ကြောက်နေသူသည် မိမိဝန်းကျင်လောက၊ မိမိခန္ဓာလို့ခေါ်သည် လောက၏ အဖြစ်အပျက်သဘော ကို မသိမမြင်နိုင်သည့် အသိဥာဏ် နည်းပါးမှုသက်သက်သာ ဖြစ်တော့သည်။

ဖြစ်ပျက်ခြင်းသဘောရှိသည့် လောကသားအားလုံးအတွက် အပျက်သဘောသည် တွေးကြောက်နေစရာမဟုတ်၊ ရှောင်လွဲလို့လည်း ရသည့်အရာမဟုတ်သည်ကို အားလုံးသိနားထားကြသည်။ နေ့စဉ်ပျက်နေသည့် မိမိခန္ဓာကိုယ်
ကိုကြည့်ကာ အဖြစ်နဲ့တွေ့လည်း သာယာမှု အဿာဒမဖြစ်ပဲ၊ ပျက်တာမြင်လို့လည်း စိတ်ညစ်မှု အာဒီန၀မဖြစ်ပဲ နေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။ မြင်သာသည့် သဘာဝလေးကိုပင် ချကြည့်လိုက်ပါ။ မိမိခန္ဓာကို အသား အရေလေးများ စိုပြေချောမွေ့နေပါက မိန်းမယောင်္ကျားအားလုံး သာယာနေကြသည်။ နှစ်သစ်ကြည်နုး နေကြသည်။ ထိုအရာကို အဿာဒဖြစ်မှုလို့ခေါ်သည်။ ဓာတ်ကြီးလေးပါး မညီမျှခြင်းကြောင့် အဖုအထစ်စတဲ့ ပျက်စီးလာခဲ့ရင်တော့ "ဟင် ငါ့အသားအရေတွေက ဘယ်လိုမျိုးဖြစ်လာတာလဲ"လို့ စိတ်မသက်မသာ ဖြစ်ကာ ဆေးအမျိုးမျိုး လိမ်းဆေးအမျိုးနှင့် အရိုးကို အရွက်ဖုံးဖို့ ကြိုးစားကြတော့သည်။ ထိုအရာကို အာဒီန၀ခေါ်သည်။

ထို့ကြောင့် နေ့စဉ် လောဘမီး ဒေါသမီး မောဟမီးအရှိန်များစွာဖြင့် ပျက်စီးနေသည့် မိမိ၏ တစ်လံမျှရှိသော ခန္ဓာကိုယ်ကမ္ဘာကြီး၏ ပျက်ဆီးနေခြင်းကို မြင်အောင်ကြည့်၍ ဖြေရမည်ဆိုလျှင် ...

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ

ကိလေသာမီး (၁၁)မီး နေ့စဉ်လောင်ကာ ပျက်စီး၍နေသော (မပျက်ခင်ဆိုတာမရှိ) ဤခန္ဓာကမ္ဘာကြီးရနေစဉ် သပ္ပုရိသူပနိဿယ- သူတော်ကောင်းအမှီလိုချင်၍ သူတော်ကောင်းများစွာနဲ့ပင် နေချင်ပါသည်။

(၂) ဘာတွေခံစားနေရလဲ

ဘာရာ ဟဝေ ပဉ္စခန္ဓာ- ခန္ခာငါးပါးဝန်ကို သယ်ဆောင်ထားရတာ အလေးဆုံး အပင်ပန်းဆုံးဟု မြတ်ဗုဒ္ဓမိန့်သည့်အတွက် ခန္ဓာကမ္ဘာကြီးကို ထမ်းထားရသောကြောင့် နေစဉ် လေးလံခြင်း၊ ပင်ပန်းခြင်းကို ခံစားရသည်။

(၃) ဘာတွေပြင်ဆင်ထားလဲ

ဘာရ နိက္ခေပနံ သုခံ- ခန္ဓာဝန်ကြီးကို ပစ်ချလိုက်ခြင်းသည် ပေါ့ပါး ချမ်းသာတော့၏-ဟု သိရသည့်အတွက် ခန္ဓာဝန် တဖန်မရအောင် ကိလေသာနည်းပါးအောင်နေနိုင်ဖို့ ပြင်ဆင်ကြိုးစားနေသည်။

(၄) ၀မ်းနည်းမိမှာက

ခန္ဓာဝန်ကို ပစ်ချနိုင်လောက်သည့် တရားဓမ္မများ ရှိနေပါလျက် ပစ်ချနိုင်အောင် မကြိုးစားနိုင်သေးကို ၀မ်းနည်း မိသည်။

(၅) ကြောက်လန့်မိသည်က

နောက်တဖန် ဒီဝန်ကြီးကို ပြန်ထမ်းရမည်ကို။

(၆) ဆောင်ထားချင်တာက

မြတ်ဗုဒ္ဓ၏ ဓမ္မ

(၇) ဘာတွေရေးမိလဲ

ခန္ဓာကိုယ်ပေါ် သာယာမှုနည်းပါးလေအောင် လယ်တီဆရာတော်ကြီး၏ သံဝေရလေးချိုးကဗျာကို ကိုယ်တိုင် ထပ်တလဲလဲ ဖတ်ကာ ပြန်လည်ဝေမျှနေခြင်း ရေးနေခြင်းပါ။

(၈) တွေးမိတွေးရာ အတွေး

ကိလေသာအတွေးတလှည့်၊ ဓမ္မအတွေးတလှည့်

(၉) ဂုဏ်ယူချင်နေတာက

မြတ်ဗုဒ္ဓ၏ ဓမ္မကို သူ၏ သားတော် အသွင်အဖြစ် လေ့လာသင်ယူ မှတ်သား ကျင့်သုံးနေခွင့်ရခြင်း။

(၁၀) ရှာကြံဖြေသိမ့်မိတာက

ကိလေသာနယ်ပယ်ကနေ ရုန်းမထွက်နိုင်ခြင်းအပေါ် အော် ငါလည်း ပုထုဇဉ်လူသားပေမို့ .....ဟု။

(၁၁) ဥဒါန်းကျူးရင့်ခြင်း

ဘာတွေဖြစ်ဖြစ် ရှစ်နှစ်သားအရွယ်ကနေ ယခု အသက် သုံးဆယ့်နှစ်အရွယ်ထိ ရှင် ရဟန်းအဖြစ် သာသနာတော်မှာ သာသနာအလုပ်နဲ့ ပျော်နေနိုင်ခဲ့ပါလားဟု။

ကဲဖိုးသားရေ ....ကျေနပ်မည်ထင်ပါတယ်။ ခံစားချက်အတိုင်း ရေးချကာ ဖြေလိုက်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိပါစေ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP